POST TYPE

AUTOMOBILE

တေးသံရှင်ဆိုင်စံနှင့် တွေ့ဆုံခြင်း
25-Dec-2017

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ နာမည်ကျော် တေးသံရှင် စိုင်းထီးဆိုင်ရဲ့သမီးဖြစ်သူ တေးသံရှင်ဆိုင်စံနဲ့တွေ့ဆုံပြီး သူစီးနေတဲ့ ကားအကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

Voice : ဆိုင်စံ လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါဦး။
SZ : ဆိုင်စံ လက်ရှိ စီးနေတဲ့ ကားအမျိုးအစားက Honda Fit ပါ။

Voice : ဝယ်ထားတာရော ကြာပြီလား။
SZ : ဝယ်ထားတာတော့ ၂ နှစ်လောက်ရှိပြီ။

Voice : ဝယ်ထားတာလည်း ကြာပြီဆိုတော့ ဒီကားရဲ့ အားသာချက်လေးတွေက ဘာလေးတွေရှိလဲ။
SZ : ကိုယ်တိုင်ကတော့ ကားအကြောင်း သိပ်မသိပါဘူး။ ဒါပေမဲ့ ဒီကားက အရမ်း ဉာဉ်ကောင်းတယ်။ ပျက်တာတို့၊ ဒုက္ခပေးတာတို့ မရှိဘူး။ သူက ကြီးကြီးမားမား ဖြစ်လိုက်ရင် ဘီးပဲ။ ဘီးကတော့ ကိုယ့်ကြောင့်ပဲလား မသိဘူး။ မကြာမကြာ ပေါက်တယ်။ ကျန်တဲ့ ကြီးကြီးမားမား ဘာမှမဖြစ်ဘူး။ ကိုယ်ကဘာမှ သိပ်ပြီးတော့ မပြုမပြင်တတ်ဘူးလေ။ အင်ဂျင်ဝိုင် လဲရမယ့်အချိန်ဆို လဲလိုက်မယ်။ အသိဝပ်ရှော့ဆိုင်လေးမှာ ပြင်လိုက်တယ်။ အဲဒီလောက်ပဲ။ ကားအကြောင်း သိပ် နားမလည်ပေမယ့် ဝယ်ခါစကလိုပဲ မောင်းလို့ကောင်းနေတုန်းပဲ။

Voice : ဒီကားအပြင် တခြား ဘယ်လိုကားအမျိုး အစားတွေရော သဘောကျမိသေးလဲ။
SZ : ခုတစ်လော သဘောကျမိနေတာရှိတယ်။ Nissan Juke လေး ကြိုက်နေတယ်။ အဲဒီကားကို ကြိုက်နေတာပေါ့နော်။ ကားလဲဖြစ်တယ်ဆို အဲဒီကားလေး ဝယ်မလို့။ ဒါပေမဲ့ ဒီကားကလည်း သံယောဇဉ် တော်တော်ဖြစ်နေပြီ။  

Voice : အဲဒီကားကျတော့ရော ဘာလို့ကြိုက်တာလဲ။
SZ : အမှန်အတိုင်း ပြောရရင် ဘာကြောင့်ရယ်လို့ဆိုပြီး ကားအကြောင်း နားလည်လို့တော့ မဟုတ်ဘူး။ အဲဒီကားပုံစံလေးကကို ချစ်စရာ ကောင်းနေလို့။ ကိုယ့်မျက်စိထဲမှာ အဲဒီ Juke ကို ဒီလိုပဲ အနီရောင်လေး စီးချင်တာ။  

Voice : ဒီလိုဆို ဆိုင်စံက ကားဆို အနီရောင်လေးတွေ သဘောကျတာလား။
SZ : ကားဆို အနီရောင်တို့၊ အနက်ရောင်တို့၊ နောက် အစိမ်းပုပ်ရောင်လို အရောင်လေးတွေ သဘောကျတယ်။ ဒါပေမဲ့ အမေကကျ အနက်ရောင် ပေးမစီးဘူး။ ဒါကြောင့် အနီပဲ။ ကိုယ်က ဝယ်ဝယ်နေရတော့ အဲဒီလို အရောင်လေးတွေပဲ သဘောကျတယ်။ နောက် ဆိုင်စံက ကားဆို အဖြူတို့၊ မီးခိုးတို့၊ ငွေရောင်တို့ လုံးဝ မကြိုက်ဘူး။ 

Voice : ကားအပေါ်မှာရော ခရေဇီ ဖြစ်တာမျိုးရှိလား။ 
SZ : ကားပေါ်မှာတော့ အဲဒီလိုမျိုး မရှိပါဘူး။ ဘယ်လို ကားကိုမောင်းရမှ ဆိုတာမျိုးတော့ မရှိပါဘူး။ ကားတစ်စီးရရင်တော့ ကားထဲမှာ အရုပ်တို့ ဘာတို့ လျှောက်ထည့်ချင်တဲ့ ခရေဇီဖြစ်တာမျိုးတော့ ရှိတယ်။ ကိုယ့်ဘာသာကိုယ်လည်းတွေ့ရင် အရုပ်သေးသေး လေးတွေကအစ ဝယ်ပြီး တင်ထားတတ်တယ်။ 

Voice : ကားအလှဆင်ရတာကို သဘောကျတယ်ပေါ့။
SZ : သဘောကျတယ်။ စတစ်ကာလည်း ကပ်မလို့ပဲ။ ဒါပေမဲ့ ဘယ်လိုပြောရမလဲ။ ကိုယ့်ကားမှန်း အရမ်း သိသာနေမှာစိုးလို့ Music ပုံလေးတွေ ကပ်ချင်တယ်။ သူငယ်ချင်းတွေ၊ တခြား အဆိုတော်တွေ ကပ်ထားတာလေးတွေတွေ့ရင် ကြိုက်တယ်။ 

Voice : အလှဆင်ရတာ ကြိုက်တယ်ဆိုတော့ ကားထဲမှာရော ဘယ်လို ပုံစံလေးတွေ အလှဆင်ရတာ ကြိုက်လဲ။ 
SZ : ဆိုင်စံက Stitch အရုပ်လေးတွေ ကြိုက်တယ်။ အဲဒီတော့ Stitch အရုပ်လေးတွေပဲ ကားပေါ်မှာ ထားလို့ရသမျှရော အကုန်ထားတယ်။ 

Voice : ကားကရော ကိုယ်တိုင်မောင်းတာ ကြာပြီလား။ 
SZ : ကားမောင်းတာက ဒီကားဝယ်ပြီးမှ မောင်းတာ။ အမောင်း သင်ထားတာကြာပြီဆိုတော့ မေ့တောင် မေ့နေတာ။ အမေ့ကားကျတော့လည်း မမောင်းရဲပြန်ဘူး။ သူကလေးတယ်။ RAV-4 ဆိုတော့ မမောင်းရဲဘူး။ တော်ကြာ တစ်ခုခုဖြစ်သွားရင် အဆူခံရမှာဆိုတော့။ ဒီကားဝယ်ပြီးတဲ့အချိန်မှာ တက္ကစီနဲ့ပဲ သွားဖြစ်တော့ ကားကြီး ဝယ်ထားပြီး မမောင်းရဲတာက မဖြစ်သေးဘူးဆိုပြီး ဆရာမနဲ့ ပြန်သင်ရဦးမှာကိုမသင်ဘဲ အမေ မရှိတဲ့အချိန် ခိုးထုတ်ပြီး မောင်းရင်း မောင်းရင်းနဲ့ မောင်းတတ်သွားတာ။ 

ခိုင်ချယ်ရီထွန်း

  • VIA