News

POST TYPE

AUTOMOBILE

ကိုယ်ပိုင်ကားနဲ့ ခရီးထွက်မယ်ဆိုရင်
25-Dec-2017


အခုလက ပြည်တွင်းခရီးသွားတွေရဲ့ အလည်အပတ်ဆုံး ကာလလို့ဆိုရင် မမှားပါဘူး။ ပိတ်ရက်တွေလည်း များသလို ပွင့်လင်းရာသီရဲ့ မိုးကင်းအလွတ်ဆုံး ကာလကိုလည်း ရောက်လာတဲ့အတွက် ဖြစ်ပါတယ်။ အဲဒါကြောင့် စာဖတ်သူတွေအနေနဲ့ ခရီးမထွက်ခင် ဘာတွေလုပ်သင့်လဲ ဆိုတာတွေကို တင်ပြလိုက်ပါတယ်။

ဝပ်ရှော့ကို အရင်သွားပါ

ပထမဆုံးအနေနဲ့ ကိုယ်ပိုင်ကားနဲ့ ခရီးမထွက်ခင် တစ်ရက်လောက်တော့ ကားဝပ်ရှော့ကိုသွားကြဖို့ တိုက်တွန်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ပိုင်ကားနဲ့ ခရီးထွက်ရင်း လွတ်လွတ်လပ်လပ် ပျော်စရာတွေ အပြည့်ဖန်တီးနိုင်ဖို့ မိမိကားရဲ့ကြံ့ခိုင်မှုက အတော်လေး အရေးပါပါတယ်။ သာမန် အလိုင်းမင်းချိန်၊ အင်ဂျင်ဝိုင်စစ်တာလောက်နဲ့ မကျေနပ်ကြဘဲ တိကျတဲ့စမ်းသပ်မှုတွေကို နက်နက်နဲနဲ လုပ်ဆောင်ဖို့လိုပါတယ်။ အခုက ခေတ်မီဝပ်ရှော့တွေလည်း ပေါများလာပြီဖြစ်တဲ့အတွက် Scan Tool တွေ၊ Tester တွေနဲ့ အသေးစိတ်စစ်ဆေးနိုင်တဲ့ ကားဝပ်ရှော့ကိုလည်း ရွေးချယ်စစ်ဆေးရင် ပိုစိတ်ချစေနိုင်ပါတယ်။ ဒီလို စစ်ဆေးလိုက်မယ်ဆိုရင် ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ တော်တော်လေး သက်သာသွားစေမှာ ဖြစ်ပါတယ်။ ဒီလို ကနဦးစစ်ဆေးမှုတွေ ပြုလုပ်သွားဖို့လိုသလို လမ်းခရီးမှာ အခက်အခဲတစ်ခုခုနဲ့ မကြုံဘူးလို့မပြောနိုင်တဲ့အတွက် ဆောင်ထားရမှာလေးတွေနဲ့ ဂရုစိုက်ရမှာတွေကို သတိပေးလိုက်ပါရစေ။

မသွားဖူးတဲ့ဒေသတွေကို သွားမယ်ဆိုရင်

ဒီအချက်ကတော့ အဝေးပြေးယာဉ်တွေ ဒေသကျွမ်းကျင် (သွားမယ့်ဒေသကို မောင်းဖူးသူ ယာဉ်မောင်း) တဲ့ ကားမောင်းသမားတွေနဲ့ သွားမယ်ဆိုရင် ဒေသအကြောင်း၊ လမ်းအခြေအနေတွေကို သိနေတဲ့အတွက် အန္တရာယ်မရှိနိုင်ပေမယ့် ကိုယ်ပိုင်ကား၊ ကိုယ်တိုင် မောင်းနှင်သူတွေအနေနဲ့ သွားမယ်ဆိုရင်တော့ အရေးတကြီး ဂရုစိုက်ရမယ့် အချက်တွေ ဖြစ်ပါတယ်။ ဥပမာ - တောင်တက်တောင်ဆင်းများတဲ့ လမ်းတွေကို မောင်းနှင်မယ်ဆိုရင် ကားကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်တတ်ရုံနဲ့ မပြီးပါဘူး။ တစ်ခါတလေ အတက်ကားနဲ့ အဆင်းကားဆိုတဲ့နေရာမှာ လမ်းကြောကျဉ်းမြောင်းတဲ့နေရာမှာ စောင့်ဆိုင်းမောင်းနှင်တတ်ရတာတွေ ရှိတတ်ပါတယ်။ အဲဒီလိုမောင်းတဲ့အခါမှာ ကိုယ်တစ်စီးတည်း မောင်းနှင်တာထက် လမ်းကြောကျွမ်းတဲ့ ကားတစ်စီးလောက်ကိုပဲဖြစ်ဖြစ် ရှေ့ကမောင်းခိုင်းပြီး သူ့အခြေအနေကိုကြည့်ပြီး မောင်းနှင်တာ အန္တရာယ်ကင်းနိုင်ပါတယ်။

ဒေသအကြောင်း ကြိုတင်လေ့လာပါ

ဒါကတော့ ပြောရမယ်ဆိုရင် အများကြီးကျယ်ပြန့်တဲ့အတွက် အကျဉ်းချုံးပြီး တင်ပြပါရစေ။ ကြိုတင်လေ့လာဖို့ဆိုတဲ့ နေရာမှာ အထက်ကပြောတဲ့ လမ်းကြော အခြေအနေတွေလည်း ပါဝင်သလို အစားအသောက်၊ တည်းခိုရန်နေရာတွေနဲ့ လည်ပတ်မယ့်နေရာတွေရဲ့ အန္တရာယ်ရှိနေရာတွေအကြောင်းတွေကို အဓိက ကြိုတင်လေ့လာသွားသင့်ပါတယ်။ 

အစားအသောက်

ဒါကတော့ ကမ်းခြေလိုနေရာမျိုးတွေ သွားမယ့်အခါ ဘယ်အစားအသောက်တွေကတော့ ကိုယ်နဲ့မတည့်နိုင်တာ၊ ဥပမာ-ပင်လယ်စာမှာဆို ပုစွန်စားရင် ယားယံတတ်တာတွေ ရှိတတ်သူတွေအတွက် အထူးဂရုစိုက်ဖို့ လိုပါတယ်။

တည်းခိုရန်နေရာ

ဒါကတော့ ပိုက်ဆံတတ်နိုင်သူတွေအတွက်တော့ တွေးပူစရာ၊ ကြိုတင်လေ့လာစရာ မလိုတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမဲ့ ငွေကြေး အသင့်အတင့်ရှိသူ၊ ခရီးသွားချင်လွန်းလို့ တစ်နှစ်မှတစ်ခါ ချွေးနှဲစာလေးတွေစုပြီး သွားမယ့်သူတွေအတွက် အလွန်လိုအပ်ပါတယ်။ ဥပမာ - ငွေဆောင်လို၊ ငပလီလို နေရာတွေသွားမယ်ဆိုရင် ဟိုတယ်ခတွေက ခုနကပြောခဲ့တဲ့ ငွေကြေးနည်းပါးသူတွေအတွက် ဈေးများတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီအခါ ကမ်းခြေနဲ့နီးတဲ့ ရွာတွေမှာပဲဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းတွေမှာပဲဖြစ်ဖြစ် ဈေးသက်သက်သာသာနဲ့ ငှားရမ်းတဲ့ (ဒါမှမဟုတ်) တည်းခိုနိုင်မယ့်နေရာတွေ ရှိတတ်ပါတယ်။ အဲလိုနေရာတွေကို ရောက်ဖူးသူ၊ ဒါမှမဟုတ် ဒေသခံတွေနဲ့ သိကျွမ်းသူတွေဆီကနေတစ်ဆင့် စုံစမ်းနိုင်ပါတယ်။

လည်ပတ်မယ့်နေရာတွေရဲ့ အန္တရာယ်ရှိနေရာတွေ

ဒါက အရေးကြီးပါတယ်။ ဘာလို့ဆို တချို့နေရာတွေက အသက်အန္တရာယ်များစွာ အန္တရာယ်ပြုနိုင်တာကြောင့်ပါ။ ဒါက ရောက်ဖူးတဲ့ဒေသတွေမှာလည်း လူငယ်အချို့က စမ်းသပ်ချင်တာကြောင့်ပဲဖြစ်ဖြစ်၊ သတိမမူ ဂူမမြင်မိတာကြောင့်ပဲဖြစ်ဖြစ် ဂရုစိုက်ရမှာပါ။ မရောက်ဖူးတဲ့သူတွေအတွက်တော့ ကြိုတင်လေ့လာသွားစရာပါ။ ဒီလိုခရီးသွားရာသီတွေမှာ အန္တရာယ်ရှိတဲ့နေရာတွေကို အစိုးရကပဲဖြစ်ဖြစ်၊ အဲဒီလည်ပတ်စရာ နေရာတွေမှာပဲဖြစ်ဖြစ် ထုတ်ပြန်ပေးထားလေ့ ရှိတတ်ပါတယ်။ သွားရောက်မယ့်သူတွေအနေနဲ့ပဲ လေ့လာဖတ်ရှုဖို့ အရေးကြီးပါတယ်။ အရေးမကြီးပါဘူး၊ ငါလည်း အဲဒီနေရာမသွားပါဘူးလို့ လျစ်လျူမရှုလိုက်ပါနဲ့။ ကိုယ်ကိုယ်တိုင် အန္တရာယ်နဲ့ ကြုံလာချိန်ပဲဖြစ်ဖြစ်၊ တခြားတစ်ယောက်ယောက်(ဆွေမျိုးသားချင်း၊ အသိမိတ်ဆွေ) အန္တရာယ်မကြုံစေဖို့ အနည်းဆုံးကိုယ်က သတိပေးနိုင်မှာဖြစ်ပါတယ်။

ဆေးဝါး

ဒါကတော့ တချို့အခန့်မသင့်ရင် ဖြစ်တတ်တဲ့ ရောဂါအသေးအမွှားတွေအတွက် ဆောင်သွားသင့်တဲ့ ဆေးဝါးလေးတွေကို ယူဆောင်သွားဖို့ပါ။ ဥပမာ - ကမ်းခြေလို ပင်လယ်စာတွေ ပေါများတဲ့အတွက် ပင်လယ်စာတွေစားမိရင် ဗိုက်အောင့်ရောဂါတွေ ဖြစ်တတ်လေ့ရှိတာကြောင့် ဗိုက်အောင့် ဗိုက်နာပျောက်ဆေးလို ဆေးတွေကို ယူသွားသင့်ပါတယ်။ အဲဒီလို ယူဆောင်သွားသင့်တဲ့နေရာမှာ ကိုယ်အားသန်ရာသန်ရာကို ဆောင်သွားနိုင်ပါတယ်။ တချို့က ဗမာဆေး၊ တချို့က အင်္ဂလိပ်ဆေး ကြိုက်နှစ်သက်ရာ ဆေးတွေကို ဆောင်သွားနိုင်ပါတယ်။ အရေးကြီးတာက ကြိုတင်ယူဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။ ခရီးသွားတဲ့နေရာမှာ ရက်တို (တစ်ညအိပ် နှစ်ရက်ခရီး) ပဲဖြစ်ဖြစ်၊ ရက်ရှည် (နှစ်ညအိပ် သုံးရက်ခရီးမှအစ) ပဲဖြစ်ဖြစ် ဆေးဝါးအချို့ ကြိုတင်ဆောင်သွားတာ မမှားပါဘူး။ ပြီးတော့ ဒီဆေးတွေက အိမ်မှာလည်း ပြန်လည်အသုံးချလို့ ရနိုင်ပါတယ်။

ဆောင်သွားသင့်တဲ့ ကားအပိုပစ္စည်းတွေ 

ဒါကတော့ သီးသန့်အနေနဲ့ အကျယ်ချဲ့ပြီး မတင်ပြတော့ပါဘူး။ တော်တော်များများလည်း သိရှိနေနိုင်တဲ့အတွက် (ဒါမှမဟုတ်) ကိုယ်ပြခဲ့တဲ့ ဝပ်ရှော့ကလည်း ပြင်ဆင်ပေးလိုက်နိုင်တဲ့အတွက် ယူဆောင်သွားရမယ့် ပစ္စည်းအမည်လေးတွေကိုပဲ တင်ပြပေးလိုက်ပါတယ်။ အဲဒါတွေကတော့ တာယာအပို၊ ဂျိုက်၊ Tool Box ၊ ရှေးဦးသူနာပြုသေတ္တာ၊ မီးသတ်ဆေးဘူး၊ သုံးမြှောင့် အလင်းပြန်ဆိုင်းဘုတ် (သုံးခုအထိ ဆောင်ထားသင့်ပါတယ်)။ တာယာလေဖိအားတိုင်းဂိတ် (Gauge)၊ တောင့်တင်းခိုင်မာသော ကြိုးတစ်ချောင်းနှင့် Jumper Cable များ၊ လက်နှိပ်ဓာတ်မီး၊ ဘက်ထရီအပို၊ လက်အိတ်တို့ကို ဆောင်သွားသင့်ပါတယ်။

မက္ကင်းနစ်တစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ထားပါ

တချို့ကားပိုင်ရှင်တွေကတော့ ကိုယ်ပြုပြင်နေကျ ကားဝပ်ရှော့ရဲ့ မက္ကင်းနစ်တွေနဲ့ ခင်မင်နေတယ်ဆိုရင်တော့ မိတ်ဆွေလုပ်စရာ မလိုတော့ဘူးပေါ့။ ဒီလိုလူတွေအတွက် အထူးဂရုစိုက်စရာမလိုပေမယ့် မက္ကင်းနစ်မိတ်ဆွေ မရှိသေးတဲ့သူတွေအတွက် အရေးကြီး အချက်တစ်ခုအနေနဲ့ ဂရုစိုက်သင့်ပါတယ်။ ဒီလို မိတ်ဆွေဖွဲ့ထားခြင်းအားဖြင့် လမ်းမှာအခက်အခဲတစ်ခု ကြုံလာခဲ့မယ်ဆိုရင် ဖုန်းဆက်မေးမြန်းတာပဲဖြစ်ဖြစ်၊ လူမှုကွန်ရက်တစ်ခုခုကပဲဖြစ်ဖြစ် အလွယ်တကူ မေးမြန်းနိုင်ပါတယ်။ ဥပမာ - လမ်းမှာ ကားမောင်းနေရင်း ကိုယ့်ရဲ့ကားက ထိုးရပ်သွားတဲ့အခါ မက္ကင်းနစ်တစ်ယောက်အနေနဲ့ စစ်ဆေးဖို့လိုအပ်တဲ့နေရာတွေကို မမြင်နိုင်ပေမယ့် လမ်းညွှန်ပေးနိုင်မှာ ဖြစ်သလို၊ မီးလိုင်းတွေလွတ်သွားတဲ့ အခါမျိုးတွေမှာလည်း အများကြီး အကူအညီ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ခရီးမထွက်ခင် မက္ကင်းနစ်တစ်ယောက်နဲ့လည်း မိတ်ဆွေဖွဲ့ထားသင့်ပါတယ်။ ဒါက ရေရှည်အတွက်လည်း အကျိုးများစေမယ့် အချက်တစ်ခု ဖြစ်ပါတယ်။

ဒါတွေကတော့ ကိုယ်ပိုင်ကားနဲ့ ခရီးသွားမယ်ဆိုရင် လုပ်ဆောင်သင့်တာတွေ၊ သတိပြုရမယ့်အချက်တွေ၊ ကြိုတင်လေ့လာစရာတွေကို ရွေးချယ်တင်ပြပေးလိုက်တာပါ။ ဒီထက်လည်း လိုအပ်တာတွေကို စာဖတ်သူက သတိပြုမိမယ်ဆိုရင်တော့ ယူဆောင်သွားဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။ 

ဟိန်းမြတ်စိုး

  • VIA