News

POST TYPE

AUTOMOBILE

ရွှေတိဂုံစေတီ အနေကဇာတင်ပွဲနှင့်ယာဉ်လမ်းကြောများ ပြောင်းလဲပြေးဆွဲမည့် အခြေအနေ
25-Dec-2017

ပိတ်ထားမည့်လမ်းများ

ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီ မှ ဇန်နဝါရီလ ၁ ရက်နေ့ ပွဲပြီးသည်အထိ ဦးဝိစာရလမ်းကို ဦးဝိစာရလမ်းနှင့် ဓမ္မစေတီလမ်းစုံမှ မော်ကွန်းတိုက် လမ်းဆုံအထိ၊ ဓမ္မစေတီလမ်းကို ဦးဝိစာရလမ်းဆုံမှ လင့်ခ်လမ်းအထိ၊ အနောက် ရွှေဂုံတိုင်လမ်းကို ရေတာရှည် လမ်းဟောင်း/လမ်းသစ်မှ ဦးဝိစာရနှင့် အာဇာနည်လမ်းဆုံအထိ၊ ရေတာရှည်လမ်းဟောင်း/သစ်ကို အနောက် ရွှေဂုံတိုင်လမ်းမှ ဦးထောင်ဘိုလမ်းအထိ၊ ကြားတောရလမ်းကို ကမ္ဘာအေးစေတီလမ်းမှ ရွှေတိဂုံအရှေ့မုခ်အထိ၊ ဦးထောင်ဘိုလမ်းကို ဦးထောင်ဘိုအဝိုင်းမှ ဦးဝိစာရလမ်းအထိ၊ ရွှေတိဂုံဘုရားလမ်းကို ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှ ပန်တျာလမ်းအထိ၊ မြို့မကျောင်းလမ်းကို အလုံလမ်းမှ မော်ကွန်းတိုက်လမ်းအထိ၊ အလုံလမ်းကို ပြည်လမ်းမှ ဦးဝိစာရအဝိုင်းအထိ၊ အာဇာနည်လမ်းကို ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှ အနောက်ရွှေဂုံတိုင်လမ်းနှင့် ဦးဝိစာရလမ်းဆုံအထိ ခေတ္တလမ်းပိတ် လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ထုတ်ပြန်ထားသည်။

“လမ်းပိတ်ထားမှာ ဖြစ်တဲ့အတွက် ဆောက်လုပ်ရေး ဂိတ်ဆုံးအထိတော့ ဘုရားကိုမဖြတ်ဘဲနဲ့ ဘယ်လိုမှရောက်မှာ မဟုတ်ဘူး”
ဦးစိုးနိုင် (YBS ၇၇ ယာဉ်လိုင်း၊ ဂိတ်မှူး)

လက်ရှိမှာ လမ်းတွေ ပိတ်ထားမယ်ဆိုတာ သိပေမယ့် အခုထက်အထိတော့ ကုမ္ပဏီဘက်က ဘာမှသတင်းထုတ်ပြန်ပေး၊ ညွှန်ကြားထားတာ မရှိသေးပါဘူး။ ကျွန်တော်ထင်တာကတော့ ရွှေတိဂုံဘုရား အနေကဇာ တင်တဲ့နေ့မှာ ဂိတ်စကနေ မြေနီကုန်းအထိ ပြေးဆွဲသွားဖို့ များပါတယ်။ အလွန်ဆုံးရ လင့်ခ်လမ်းအထိပေါ့။ လင့်ခ်လမ်းမှာ ဂိတ်ဆုံးမယ်လို့ ထင်ပါတယ်။ အဓိကကတော့ အရင် လပြည့်နေ့တွေဆိုလည်း မြေနီကုန်းကနေ ပတ်တာဆိုတော့ လမ်းပိတ်ထားမှာ ဖြစ်တဲ့အတွက် ဆောက်လုပ်ရေး ဂိတ်ဆုံးအထိတော့ ဘုရားကိုမဖြတ်ဘဲနဲ့ ဘယ်လိုမှရောက်မှာ မဟုတ်ဘူး။ အဓိက ကတော့ ခရီးသည်တွေ ဒုက္ခနည်းနည်းရောက်မှာပေါ့။ နောက် ယာဉ်မောင်းတွေ ယာဉ်လမ်းကြောင်းကျပ်တဲ့အတွက် လမ်းကျပ်မယ်။ အခေါက်ရေ လျော့မယ်။ ဒီလောက်ပါပဲ။ အဲဒီနေ့တွေမှာ ယာဉ်လမ်းကြောတွေ အရင်နေ့တွေထက် ပိုကျပ်သွားနိုင်တဲ့အတွက် အန္တရာယ်ကင်းအောင်တော့ ဖြည်းဖြည်းချင်း မောင်းရမှာပေါ့။ လက်ရှိမှာ ကျွန်တော်တို့ ၇၇ ဂိတ်က ရွှေပြည်သာ သဲကွင်းကနေ ရွှေတိဂုံဘုရားလမ်း ဆောက်လုပ်ရေးမှတ်တိုင်မှာ ဂိတ်ဆုံးပြီး ယာဉ်အစီးရေ ၄၃ စီး ပြေးဆွဲပေးနေပါတယ်။

“ဒီလိုမျိုး လမ်းပိတ်တာက ဒီနှစ်မှ လုပ်တဲ့အတွက် ယာဉ်မောင်းရတာ အခက်အခဲ မရှိပေမယ့် အခေါက်ရေတော့ လျော့သွားတာပေါ့”
ဦးတင်ငွေ (YBS နံပါတ် ၁၁၊ ယာဉ်မောင်း)

၃၁ ရက်နေ့ ညနေ ၄ နာရီမှာ လမ်းတွေ စပိတ်မှာ ဖြစ်ပေမယ့် ကျွန်တော်တို့အတွက် လသာဂိတ်ကိုတော့ မရောက်ရောက်အောင် သွားရမှာပဲ။ အဲဒီမှာအရင် ကျွန်တော်တို့က မြေနီကုန်း မှတ်တိုင်ကနေ ရွှေတိဂုံဘုရားလမ်းအတိုင်း ပတ်ပြီးသွားနေကျကနေ လမ်းပိတ်ထားမှာ ဖြစ်တဲ့အတွက် ပြည်လမ်းအတိုင်း သွားရမှာပဲ။ သွားပြီး ဗိုလ်ချုပ်လမ်းကနေ ဝင်မယ်။ ဝင်ပြီးတော့မှ လသာပြန်ကွေ့ရမှာပေါ့။ အသွားရော အပြန်ရောက အဲဒီနှစ်ရက်မှာ အဲဒီလမ်းကြောင်းအတိုင်းပဲ ပြေးဆွဲပေးသွားမှာပါ။ အဓိကကတော့ ခရီးသည်တွေကိုတော့ လမ်းတွေ ပိတ်ထားတဲ့အတွက် လမ်းကြောင်းပြောင်းပြီး ပြေးဆွဲပေးရတယ်ဆိုတာ ခရီးသည်တွေ နားလည်အောင် ပြောပြရမှာပေါ့။ ကျွန်တော်တို့ယာဉ်လိုင်းကတော့ သိမ်ကြီးဈေး၊ လသာအထိ ရောက်အောင် သွားပေးသွားမှာပါ။ ဒီလိုမျိုး လမ်းပိတ်တာက ဒီနှစ်မှ လုပ်တဲ့အတွက် ယာဉ်မောင်းရတာ အခက်အခဲ မရှိပေမယ့် အခေါက်ရေတော့ လျော့သွားတာပေါ့။ အဲဒီနေ့တွေမှာ ခရီးသည်တွေကို မြေနီကုန်းကနေ သိမ်ကြီးဈေးအထိ တိုက်ရိုက် ပြေးဆွဲပေးသွားမယ်။ ဂိတ်စကနေ မြေနီကုန်းအထိတော့ သတ်မှတ် မှတ်တိုင်အတိုင်း ရပ်ပေးမှာပါ။ ဘုရားပတ်ချာလည်မှာရှိတဲ့ မှတ်တိုင် သွားမယ့်သူတွေကတော့ အဲဒီရက်တွေမှာ အနီးဆုံး မှတ်တိုင်ဖြစ်တဲ့ မြေနီကုန်းမှာပဲ ချပေးသွားမှာပါ။

ခိုင်ချယ်ရီထွန်း

  • VIA