News

POST TYPE

AUTOMOBILE

လိုင်းကားများ ရမ်းကားနေသလား
05-Sep-2016 tagged as ကား

ခရီးသည်တင်ယာဉ် (လိုင်းကား) များမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ၏ အုပ်စုဖွဲ့ ရိုက်နှက်မှုများကြောင့် ခရီးသည်များနှင့် လမ်းအသုံးပြုသူများ ဒဏ်ရာရရှိခြင်းနှင့် တစ်ခါတစ်ရံတွင် အသက်သေဆုံးရသည်အထိ ဖြစ်ပေါ်နေသည်ကို မကြာခဏ ကြားသိနေရသည်။ ထို့အတွက်ကြောင့် အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အမြင်အချို့ကို စုစည်းဖော်ပြအပ်ပါသည်။

“ခရီးသည်ကတားလို့ ဈေးစကားပြောတုန်း ရှိသေးတယ်။ စပယ်ယာက ဆင်းလာပြီးတော့ ထိုးမယ်၊ ကြိတ်မယ် လာပြောတယ်လေ”
ဦးမြင့်ဌေး (အငှားယာဉ်မောင်း)

ကားတွေရှုပ်တဲ့အခါ လမ်းတွေကျပ်တဲ့ အခါမျိုးမှာပေါ့။ အဲဒီလိုမျိုးဆို လိုင်းကားတွေက တစ်စီးတောင်းတဲ့ အခါတွေ ရှိတယ်။ တစ်ခါတလေတော့ ပေးလိုက်ပါတယ်။ တစ်ခါတလေတော့လည်း ကားကကျပ်နေတော့ မပေးဖြစ်ဘူး။ မပေးတဲ့အခါကျရင် သူတို့ (လိုင်းကားသမားတွေ) တွေက ဆဲတယ်။ အဲဒီလို လုပ်တာက ၁၂၄ ယာဉ်လိုင်းက ကားတွေ အများဆုံးပဲ။ ဦးလည်း ရွှေပြည်သာဘက်ကပါပဲ။ သူတို့လည်း ရွှေပြည်သာဘက်ကပါပဲ။ ၁၂၄ က ရိုင်းပါတယ်။ လက်တွေ့ကြုံတွေ့ဖူးတာကတော့ အင်းစိန်ပန်းခြံ မှတ်တိုင်မှာပေါ့။ ညနေပိုင်းဆိုတော့ ကားလမ်းကြောကလည်း ကျပ်နေတယ်လေ။ ဦးက ရွှေပြည်သာဘက်ကို ပြန်တော့ ကားတွေကလည်း ကျပ်နေတဲ့အချိန် ဆိုတော့ ဦးကလည်း ဖြည်းဖြည်းလှိမ့် (မောင်း) နေတယ်။ အဲဒီအချိန်မှာပဲ ခရီးသည်က တားလို့ ဈေးစကားပြောတုန်း ရှိသေးတယ်။ စပယ်ယာက ဆင်းလာပြီးတော့ ထိုးမယ်၊ ကြိတ်မယ် လာပြောတယ်လေ။ ပြောတော့လည်း သည်းညည်းခံရတာပေါ့။ ဦးကလည်း အသက်ကြီးပြီ။ သူတို့က လူငယ်လေ။ နောက်ပြီးကျတော့ ဖြစ်ပြီးရင်လည်း သူတို့က တစ်ယောက်တည်း မဟုတ်ဘူး။ အများနဲ့ ဝိုင်းလာတာ များတာပေါ့။ 

ဒီလို သူတို့ ရိုင်းရိုင်းပျပျ ဆက်ဆံနေတာက ရန်ကုန်မြို့ရဲ့ ယာဉ်ကြောကျပ်တည်းမှုကြောင့်လည်း ပါသလို လိုင်းကား အရမ်းများနေတာကြောင့်လည်း ပါတယ်။ သူတို့က အပြတ်ယူရတာလေ။ ဥပမာ- တစ်နေ့ကို လိုင်းကားတစ်စီးမှာ ငါးသောင်းပေး၊ ခြောက်သောင်းပေးပေါ့။ ကျန်တာကိုမှ သူတို့ကစား (ယူ) ဆိုတော့ အလုအယက် မောင်းရတာပေါ့။ အဓိကကတော့ လိုင်းကား အရမ်းများတာကြောင့်ပေါ့။ လမ်းကြောတွေက ကျပ်တော့ ဦးတဲ့ကားက ပိုက်ဆံရ (လူရ) တာပေါ့။ အဲဒီတော့ နောက်ကလိုက်ရတဲ့ ကားက ဟောင်းလောင်းဆိုတော့ သူတို့လည်း အုံနာကြေးကျေအောင် လုပ်ရတာပေါ့။ လိုင်းကားတော်တော်များများက အပြတ်ယူရတာကြောင့်လေ။ အဲဒါကြောင့် သူတို့အတွက် ကျန်အောင်လို့ လူရအောင် နင်းကန်မောင်းရတာပေါ့။ 

ဒီလိုဖြစ်နေတာတွေကို ဖြေရှင်းမယ် ဆိုရင်တော့ BRT လို အများပိုင်ကားတွေ ပေါ်လာရင်တော့ ကောင်းတာပေါ့။ BRT ဆို ရပ်တယ်၊ တင်တယ်၊ ထွက်တယ်။ အခုလက်ရှိ ဆွဲနေတဲ့ ကားတွေက ရှေ့မှာကားတွေ လုံး (ယာဉ်လိုင်းတူယာဉ်များ ရောနှောသွားခြင်း) သွားပြီဆိုရင် သူက မှတ်တိုင်မှာထိုင် (ရပ်) ပြီ။ အဲဒီတော့ နောက်ကကားတွေက လာတော့ မလိုလားအပ်ဘဲ လမ်းကြောင်းတွေက ပိတ်ကုန်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ အဲဒီလို လမ်းဘေးမှာ ရပ်တဲ့ကားတွေ များသွားရင် လမ်းက ပိတ်သွားတာပဲ။ အဲဒီလို စည်းကမ်းမဲ့ရပ်တဲ့ ကားတွေရှိနေတဲ့ ကာလပတ်လုံး လမ်းကတော့ ပိတ်နေဦးမှာပဲ။ လမ်းဘယ်လောက်ချဲ့ချဲ့ ရပ်ကားရှိတယ်၊ လမ်းဘေးဈေးသည် ရှိမယ်ဆိုရင် လမ်းကတော့ ပိတ်နေဦးမှာပဲ။ 

“တချို့ခရီးသည်တွေကျတော့လည်း တော်တော်လွန်တဲ့ ခရီးသည်တွေ ရှိတယ်။ ရိုင်းတဲ့သူတွေလည်း ရှိတယ်။ အဲဒီလိုကျတော့ အတော်လေး သည်းခံရတယ်”
ဦးကျော်မင်းဦး (ယာဉ်နောက်လိုက်)

လိုင်းကားမောင်းတဲ့အခါ ခရီးသည်တွေနဲ့ ဆက်ဆံရေးက ယာဉ်နောက်လိုက်တစ်ယောက် အနေနဲ့ ပြောရရင် မနက်ဘက်ဆို ပြဿနာ သိပ်မတက်ပေမယ့် ညနေပိုင်းဆို အဆင်မပြေဘူး။ ညနေပိုင်းဆို ယောက်ျားလေးတွေဆို အရက်သောက်လာတာမျိုးတွေ ရှိနေတဲ့အတွက် သိပ်ပြီးတော့ အဆင်မပြေဘူး။ နောက်ပြီးတော့ အစောက ပြောသလိုပဲ ကိုယ်က သူတို့နဲ့ မကင်းမှ မကင်းနိုင်တာ။ အလျှော့တော့ အလျှော့ပေးရတာပေါ့။ ကိုယ့်ဘက်က မှန်မှန်မှားမှား အလျှော့ပေးရတယ်။ တချို့ခရီးသည်တွေ ကျတော့လည်း တော်တော်လွန်တဲ့ ခရီးသည်တွေရှိတယ်။ ရိုင်းတဲ့သူတွေလည်း ရှိတယ်။ အဲဒီလိုကျတော့ အတော်လေး သည်းခံရတယ်။ မခံနိုင်တဲ့ အဆုံးကျတော့ တစ်လောက ဖြစ်သလိုမျိုး ခရီးသည်ကို ဒရိုင်ဘာနဲ့ ယာဉ်နောက်လိုက်က ရိုက်လို့ ဆုံးသွားတယ် ဆိုတာမျိုး။ ရန်ဖြစ်ကျတာမျိုးတွေ ဖြစ်လာတာတွေ များတယ်။ ကားသမား အလွန်ချည်းပဲလို့တော့ တရားသေ ပြောလို့ မရဘူးပေါ့။ ဒါက ပွင့်ပွင့်လင်းလင်း ပြောတာ။ ကိုယ့်ကိုဆဲလည်း ကိုယ်ခံရမှာပဲ။ ကိုယ်မှန်လည်း လျှော့ရတာပဲ။ နောက်ဆုံးပြောရရင် ကိုယ်မှားလည်း ကိုယ်လျှော့ရတာပဲ။ 

ကျွန်တော်တို့ကတော့ အကုန်လုံးနဲ့ အဆင်ပြေအောင် နေတယ်။ တော်ရုံတန်ရုံတော့ သိပ်ပြဿနာအဖြစ် မခံဘူး။ လူပဲ စိတ်တော့ ရှိတာပေါ့။ ဒါပေမဲ့ တကယ်တမ်းဖြစ်ရင် ကိုယ့်နောက်မှာ ကိုယ့်ကိုမှီခိုနေတဲ့ မိသားစု ရှိတယ်။ အဲဒီလိုတွေးမိတော့ ဘယ်သူမှားမှားမှန်မှန် ကိုယ့်ဘက်ကပဲ အလျှော့ပေးလိုက်တာပါပဲ။ မှတ်မှတ်ရရတစ်ခု ပြောရရင် ခရီးသည်တစ်ယောက်နဲ့ ပြဿနာ ဖြစ်ဖူးတယ်။ သူပြုတ်ကျမှာစိုးလို့ ဆွဲလိုက်တာ။ အဲဒါ သူ့ကိုဆွဲလို့ဆိုပြီး ကိုယ့်ကိုအမေနဲ့ ကိုင်တုတ်တာမျိုး အဆဲခံခဲ့ရဖူးတယ်။ နောက်ပြီးတော့ သူက မူးနေတာ။ တချို့ အမျိုးသမီးတွေ ကျတော့လည်း ကိုယ့်ဘက်က ဘာစိတ်မှတော့ မရှိဘူးပေါ့။ ကိုယ့်စိတ်ထဲမှာ ပြုတ်ကျသွားမှာ ကြောက်တာ တစ်ခုတည်း ရှိတယ်။ ဥပမာ- လက်လေးကိုင်ပြီး ချပေးလိုက်တာမျိုး။ ဘာစိတ်မှတော့ မရှိဘူးပေါ့နော်။ တချို့ကျတော့လည်း ကိုယ့်ကို ပြောဆိုသွားတာတော့ ရှိတာပေါ့နော်။ အဲဒီလိုဟာတွေတော့ သည်းညည်းခံရတာပေါ့။ အများကြီးပါပဲ။ ပြောရရင်တော့ တော်တော်များများကို သည်းညည်းခံရတာ။ 

အဓိကကတော့ ခရီးသည်နဲ့ ယာဉ်နောက်လိုက်တွေကြားမှာ နားလည်မှု လွဲတာပေါ့။ တချို့ကျတော့လည်း ကိုယ်က အထဲလေး ဝင်စီးပေးပါလို့ ပြောလိုက်တယ်။ သူတို့က မဝင်ဘူးကွာ၊ ဘာညာနဲ့ပြန်ပြော။ ကိုယ်တွေအတွက်ကျ ကားအပေါက်ကြီးမှာ ပိတ်စီးနေရင် အဆင်မပြေဘူးလေ။ ကျွန်တော့်အနေနဲ့ ကားသမား အချင်းချင်း အကြံပေးချင်တာတော့ ခရီးသည်တွေနဲ့ ဖြစ်ရင် ကိုယ့်စိတ်ကို လျှော့ဖို့ အကြံပေးချင်ပါတယ်။ ကိုယ်ကိုယ်တိုင်ကမှ သူတို့နဲ့ မကင်းနိုင်တော့ အစစအရာရာ သည်းခံဖို့ အကြံပေးချင်ပါတယ်။                 

“တချို့ကားသမားတွေဆို လူက ကျပ်ပါတယ်ဆို နှမချင်း မစာမနာ ပြောချင်ကြတယ်။ တချို့စပယ်ယာတွေ ကျတော့လည်း သဘောကောင်းကြပါတယ်”
ဒေါ်ဇင်ယမင်း (ခရီးသည်)

နေ့တိုင်း ကားစီးရတာ အဆင်မပြေဘူး။ ကျောင်းသွားကျောင်းပြန် ပြည့်သိပ်ကျပ်နေတာက တစ်မျိုး၊ စပယ်ယာက လူတွေ ဇွတ်တင်တာက တစ်မျိုး၊ ပြည့်ကျပ်နေတာကို ချောင်တယ်ဆိုပြီး အတင်းတင်တာ။ တချို့ကားသမားတွေဆို လူက ကျပ်ပါတယ်ဆို နှမချင်း မစာမနာ ပြောချင်ကြတယ်။ တချို့စပယ်ယာတွေ ကျတော့လည်း သဘောကောင်းကြပါတယ်။ ကိုယ်တွေစီးတဲ့ ဘက်ကလည်း အမြဲလူရှုပ် စရိုက်စုံတဲ့ဘက် စီးရလို့လား မသိဘူး။ ကားသမားတွေကလည်း ရိုင်းတယ်။ အလကားနေရင်း အော်ဟစ်ဆဲဆိုနေတာ တွေ့သမျှ ကားကိုလည်း ပြိုင်မောင်းသေးတာ။ ကားပေါ်မတက်ခင် တစ်မျိုး။ ကားပေါ်ရောက်ရင် အော်ငေါက်နေတာ။ နောက်ပြီး မှတ်တိုင်ရောက်နေရင်တော့ ကိုယ်ဆင်းမယ့် မှတ်တိုင်ကို မရပ်ပေးတာမျိုးတွေ။ တစ်ရက်ကဆို အဝိုင်းကနေ ခြောက်ကွေ့ကို ၁၀၂ နဲ့ လာတယ်။ လိုင်းတူချင်း ပြိုင်မောင်းတယ်။ တစ်လမ်းလုံး ခဏခဏ တိုက်မလို ဖြစ်တယ်။ တစ်ကားလုံးလည်း ဝုန်းဒိုင်းကျဲနေတာပဲ။ ခြောက်ကွေ့ရောက်တော့ ဆင်းမယ့်သူက ညီမ တစ်ယောက်တည်း သူတို့က ရပ်လို့မရတော့ဘူး။ နဂိုကတည်းကလည်း  ယာဉ်ကြောအမှန် ယူမထားတာလည်း ပါတယ်။ အလယ်လမ်းကနေ မောင်းလာတာ။ အဲဒါနဲ့ မှတ်တိုင်က ကျော်ပြီးရပ်ပေးတယ်။ ကိုယ်က ပြုတ်မကျရုံတစ်မည် ဖြစ်နေတာကို သူတို့က ကိုယ်ဖြစ်နေတာကြည့်ပြီး ရယ်နေသေးတာ။ အဲဒီနေ့ကဆို ကိုယ့်ကိုယ်ကိုယ် လမ်းမှာတင် ဆေးရုံရောက်ပြီလို့တောင် ထင်နေတာ။ တစ်ခါတလေတော့လည်း ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့ စပယ်ယာမျိုးတော့ ရှိပါတယ်။ အဲဒီမှာ တစ်ခုရယ်ရတာက ပိုက်ဆံပြန်မအမ်းတာ ခဏခဏ ကြုံရတယ်။

စပယ်ယာတွေ၊ ယာဉ်နောက်လိုက်တွေနဲ့ ခရီးသည်တွေ အဆင်ပြေအောင်ဆို ညီမ ထင်တာတော့ တချို့ယာဉ်လိုင်းတွေမှာ လုပ်သလိုမျိုး လစာအပြည့်အဝ ပေးသင့်တယ်ထင်တယ်။ စပယ်ယာရော၊ ယာဉ်မောင်းရော လစာလုံလုံလောက်လောက် ရမယ်ဆို အခုလို ပိုက်ဆံပိုရအောင် အတင်းတင်တာမျိုး လျှော့ရမယ်။ အဲဒီလိုလုပ်ပေးရင် ခရီးသည်တွေအတွက် စိတ်အေးရမယ်။ နောက် အသားယူ စနောက်တဲ့ စရိုက်တွေတော့ ပြင်စေချင်တယ်။ အဲဒါဆို ပိုအဆင်ပြေလာမှာပါ။

နောက်က မိန်းကလေး စပယ်ယာတွေ ရှိတယ်။ သူတို့ဆို အရမ်းသဘောကောင်းတယ်။ တချို့စပယ်ယာ ကောင်လေးတွေဆို ကိုယ်နဲ့ ရွယ်တူတန်းတူတွေ ရှိတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ကို လေးလေးစားစား လုပ်နေတဲ့သူတွေ အများကြီး။ ၁၀ ယောက်မှာ နှစ်ယောက်၊ သုံးယောက်က ဆိုးနေကြတာ ပြဿနာ။ သူတို့အတွက်လည်း နာမည်ကျ၊ နာမည်ပျက်တာပေါ့။ BM တွေဆိုလည်း အဲဒီလို ပြဿနာတွေ ရှိတယ်။ ကားမောင်းရင် စိတ်မချရဘူး။ အဲဒီလို လူမျိုးတွေကျ ဘယ်လိုမှ စိတ်ချလက်ချ စီးလို့မရဘူး။ အဲဒီလို စိတ်ဓာတ်လေးတွေ ပြင်သင့်တယ်။   

ဟိန်းမြတ်စိုး၊ ခိုင်ချယ်ရီထွန်း