News

POST TYPE

AUTOMOBILE

ရန်ကုန်နှင့် မြေအောက်လူကူးလမ်း
18-Dec-2017
“သေချာစီစဉ်ပြီးမှ၊ မဟုတ်ရင် ပေါက်ကရတွေဖြစ်ကုန်မှာ”
ကိုရန်နိုင်ဦး (ပြည်သူတစ်ဦး)

မြေအောက်လမ်း လုပ်တာတော့ ကောင်းတယ်။ ဒါပေမဲ့ လူလာအောင် ဘယ်လိုလုပ်ကြမလဲက အရေးကြီးတယ်။ ပြီးတော့ လုံခြုံရေးပိုင်းလည်း ဂရုစိုက်ပေးနိုင်မလားဆိုတာလည်း အရေးကြီးတဲ့ အကြောင်းပဲ။ လှည်းတန်းခုံးကျော်တံတားမှာတောင် တောင်းရမ်းတဲ့သူတွေ ရှိနေ၊ အနှောင့်အယှက် ပေးနေတာ။ မြေအောက်ဆို ပိုဆိုးလောက်တယ်။ ဒါတွေ ဖြေရှင်းနိုင်မယ်ဆိုရင်တော့ ကြိုဆိုရမယ့်ကိစ္စပါပဲ။ လုပ်မယ်ဆိုရင်တော့ ဒီနိုင်ငံအနေအထားနဲ့ မိုးတွင်းတောင် ရေကြီးနေတာ။ မြေအောက် ခုံးကျော်တံတားဆိုတာ ထည့်စဉ်းစားရမယ့် အချက်တွေထဲက တစ်ချက်ပါ။ နောက်  ဘယ်နေရာကနေ ဘယ်နေရာအထိ ဖောက် မယ်ဆိုတာလည်း သေချာမသိရသေးဘူး။ Long Term Plan မရှိဘဲ လျှောက်မဖောက်စေချင်ဘူး။ သေချာစီစဉ်ပြီးမှ၊ မဟုတ်ရင် ပေါက်ကရတွေ ဖြစ်ကုန်မှာ။ မြို့ပြ အဆင့်အတန်း မီအောင်ဆို မြေအောက်တံတားက ဖောက်တာ။ နောက်တောင်ကျနေပြီ။ လမ်းက မတရားကျပ်နေပြီ။ လုပ်မယ်ဆို သေချာ အစီအစဉ် ရှိစေချင်တာ။ ဒီအတိုင်းတောင် အရက် စုသောက်တာတွေရယ်၊ ခုံးတံတားပေါ်ကဖြတ်ရင် ဇွတ်လုပြီး တောင်းနေတဲ့ အိမ်ရာမဲ့တွေ တောင်းစားသူတွေရယ်၊ မြေအောက် ခုံးကျော်တံတားဆို ပိုဆိုးမယ်။ ဒါကြောင့် လုံခြုံရေးကောင်းဖို့ လိုတယ်။ မဟုတ်ရင် Rape Case တွေပါ ဖြစ်လာနိုင်တယ်။

“စည်ပင်မြေနေရာ ချွေတာဖို့၊ မြို့ပြအင်္ဂါရပ် အနှောင့်အယှက်မဖြစ်စေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်ပါတယ်”
ဒေါ်မိုးမိုးစုကြည် (မရမ်းကုန်းမြို့ နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

မြေအောက်လူကူးလမ်းသုံးခု တည်ဆောက်မှာဖြစ်တယ်။ နေရာတွေက ပြည်လမ်းပေါ်မှာရှိတဲ့ ရွှေတိဂုံဘုရားလမ်း အနောက်ဘက်မုခ်အနီး၊ ရှစ်မိုင်ခုံးကျော်တံတားအဆင်းအနီးနဲ့ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ပညာရေးတက္ကသိုလ်ရှေ့တို့မှာ တည်ဆောက်မှာ။ တည်ဆောက်ရေးလုပ်ငန်းအတွက် ပြည်တွင်း ကုမ္ပဏီတွေကို ဒီဇင်ဘာလ ၈ ရက်က စ တင်ဒါခေါ်ထား တယ်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ တင်ပြလာတဲ့ ကုမ္ပဏီတွေကို တင်ဒါ စိစစ်ရွေးချယ်ရေးအဖွဲ့က ရွေးချယ်မှာဖြစ်တယ်။ တိုင်းအစိုးရရဲ့ ဘတ်ဂျက်ငွေနဲ့ သုံးမှာပါ။ ဘတ်ဂျက် လျာထားချက်တော့ အတိအကျ မသိသေးဘူး။ နည်းပညာပိုင်းအနေနဲ့ကလည်း အတိအကျ သတ်မှတ်မထားဘူး။ တင်ဒါအောင်မယ့် ကုမ္ပဏီအပေါ် မူတည်တာပေါ့။ မြေအောက် လူကူးလမ်းကို ဆောင်ရွက်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ လမ်းဖြတ်ကူးသူ ပေါ့ဆမှုနဲ့ ယာဉ်မောင်း မဆင်မခြင် မောင်းနှင်တဲ့အခါ ယာဉ်မတော်တဆမှုတွေ  ဖြစ်လာနိုင်တယ်။ ဒါကို လျော့ကျဖို့၊ စည်ပင်မြေနေရာ ချွေတာဖို့၊ မြို့ပြအင်္ဂါရပ် အနှောင့်အယှက် မဖြစ်စေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်ပါတယ်။ ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေ ဘေးကင်း လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်တာပါ။ ပထမတော့ ခုံးကျော်တံတားကို အရင် လေ့လာတာပေါ့။ စည်ပင်နဲ့ညှိနှိုင်းတော့ အမြင့်ပေ ၁၈ ပေ အနည်းဆုံးဖြစ်လို့ ရွှေတိဂုံဘုရားမြင်ကွင်းအတွက် ကွယ်မှာစိုးတယ်။ မြေနေရာလည်း အခက်အခဲရှိနေတယ်။                         

“မလုံခြုံဘူးဆိုရင်တော့ တည်ဆောက်လိုက်လည်း အသုံးပြုမယ့်လူရှိမှာမဟုတ်တဲ့အတွက် မြေအောက်လူကူး Underpass တွေကို တည်ဆောက်ဖို့ အားမပေးပါဘူး”
ကိုအောင်သော်ဖြိုး (ခရီးသွားပြည်သူတစ်ဦး)

မြေအောက်လူကူး Underpass တွေ တည်ဆောက်လိုက်ရင် ရရှိမယ့်ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိပါတယ်။ ကောင်းကျိုးတွေအနေနဲ့ ယာဉ်ကြော ပိတ်ဆိုးမှု လျော့ကျမယ်။ ယာဉ်အန္တရာယ်ကင်းမယ်။ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူတွေအတွက် ထည့်သွင်းစဉ်းစားပေးမယ်ဆိုရင်လည်း အရမ်းကို ကောင်းမွန်တဲ့ တည်ဆောက်မှု ဖြစ်လာမှာပါ။ ဒီလိုကောင်းကျိုးတွေ ရဖို့အတွက် တည်ဆောက်တဲ့နေရာမှာ သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိဖို့၊ ကြံ့ခိုင်မှုကောင်းဖို့အပြင် ရန်ကုန်မြို့ရဲ့ မိုးတွင်းကာလမှာ ရေ မဝင်ဖို့၊ အနံ့အသက်ကောင်းဖို့ လိုပါတယ်။ ဒါတွေအပြင် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာမယ့် မှောင်ရိပ်ခို ဒုစရိုက်ကျူးလွန် မှုတွေကို ထိန်းချုပ်နိုင်ရပါမယ်။ ဒီအချက် တွေနဲ့အညီ မဆောက်လုပ်နိုင်ဘူး၊ စိတ် မချရဘူး၊ သက်သောင့်သက်သာမရှိဘူး၊ မလုံခြုံဘူးဆိုရင်တော့ တည်ဆောက်လိုက်လည်း အသုံးပြုမယ့်လူ ရှိမှာမဟုတ်တဲ့အတွက် မြေအောက်လူကူး Underpass တွေကို တည်ဆောက်ဖို့ အားမပေးပါဘူး။ တည်ဆောက်စဉ်အတွင်းမှာလည်း လုပ်ငန်းခွင်ကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေမဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး အိမ်ခြေမဲ့တွေ၊ လမ်းပေါ် လူတန်းစားတွေ ခိုနားမယ်ဆိုရင် အသုံးပြုသူတွေ အနှောင့်အယှက် ဖြစ်လာနိုင်တာကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်။

ခိုင်ချယ်ရီထွန်း


  • VIA