News

POST TYPE

AUTOMOBILE

ဘယ်မောင်းကားတွေ မောင်းတဲ့အခါ
18-Dec-2017


လာမယ့်နှစ်ရဲ့ ကားမူဝါဒသစ်အရ ဘယ်မောင်းကားတွေကိုပဲ တင်သွင်းရတော့မှာဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည်သူတွေအကြိုက် ဂျပန်နိုင်ငံထုတ် ညာမောင်းကားတွေအတွက်တော့ တစ်ခန်းရပ်သွားပြီ ဖြစ်ပါတယ်။ အခုဆို Brand New ကားသစ်တွေကို ဝယ်ယူစီးနင်းသူတွေ များလာလို့ အရင်ညာမောင်းကား မောင်းနေရာကနေ ဘယ်မောင်းပြောင်းမောင်းရလို့ အခက်အခဲ အနည်းငယ်တော့ ရှိမှာပါ။ မောင်းနေကျ ညာမောင်းကနေ ဘယ်မောင်းကားတွေ ပြောင်းမောင်းမယ်ဆိုရင် တွေ့ရတတ်တဲ့အခက်အခဲတွေကို ဖော်ပြလိုက်ပါတယ်။

ညာမောင်းကားတွေကို ဘာကြောင့်ကြိုက်လဲ

ပထမဆုံးအနေနဲ့တော့ မြန်မာပြည်သူတွေ ညာမောင်းကားတွေ ဘာလို့ကြိုက်လဲဆိုတာကို ပြောရပါမယ်။ ကမ္ဘာပေါ်မှာ လမ်းစနစ်တွေအရ ကားကုမ္ပဏီကြီးတွေ အများစုက ဘယ်မောင်းရော ညာမောင်းရော နှစ်မျိုးလုံးကို ထုတ်လုပ်ဖြန့်ချိရောင်းချကြတာပါ။ ဒါပေမဲ့ သူတို့က နောက်ဆုံးပေါ်(နှစ်အလိုက်)ကားသစ်တွေကိုသာ ဒီလိုထုတ်လုပ်ရောင်းချတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့ Brand New ကားတွေကို လူတမ်းစေ့ ဝယ်စီးဖို့ဆိုတဲ့နေရာမှာတော့ ဓနအင်အားနဲ့ အများကြီးသက်ဆိုင်ပါတယ်။ 

အဲဒါကြောင့် ဂျပန်က သူတို့ရဲ့ လမ်းစနစ် (လမ်း၏ ဘယ်ဘက်ကပ်မောင်းသည့် စနစ်)အရ ပြည်တွင်းမှာပဲစီးဖို့ ထုတ်လုပ်ထားတဲ့ ညာမောင်းတွေကို မြန်မာတွေက ဝယ်စီးရတာဖြစ်ပါတယ်။ ဘာလို့ဆို မြန်မာကား အသုံးပြုသူတွေအတွက် ဓနအင်အားအရ ဂျပန်ကားတွေက အသင့်တော်ဆုံးဖြစ်တာကြောင့်မို့ပါ။ ဒီကားတွေက အသုံးပြုပြီးဖြစ်ပေမယ့် သုံးလို့ အများကြီးအဆင်ပြေစေတဲ့ပုံစံမှာ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအပါအဝင် အာဖရိကနိုင်ငံတချို့နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံအချို့ကလည်း အသုံးပြုပြီးကားတွေကိုပဲ ဝယ်ယူစီးနင်းကြပါတယ်။ အဲဒီလိုနဲ့ ဂျပန်ကား လေလံဈေးကွက်ကြီး ဖြစ်သွားခဲ့တာပါ။ ဂျပန်ညာမောင်းကားတွေကို မြန်မာကားအသုံးပြုသူတွေ ဘာလို့ကြိုက်ရလဲဆိုတဲ့ အဓိကကျဆုံး အချက်တစ်ခုရှိပါတယ်။ အဲဒါက ကြိုက်တဲ့ ဝပ်ရှော့ကို ထိုးလိုက်တာနဲ့ ကြိုက်သလို ပြင်လို့ရတာပါပဲ။ Brand New တွေအတွက်တော့ ဒီလိုမဖြစ်နိုင်လို့ Brand New ကားအရောင်းပြခန်း ဖွင့်မယ်ဆိုတည်းက Service စင်တာပါ တစ်ခုတည်း တွဲဖွင့်ရတာဖြစ်ပါတယ်။ နောက်ထပ် ဂျပန်ကားတွေ အားသာတဲ့အချက်တွေက အပိုပစ္စည်းပေါများခြင်း၊ ဈေးအသင့်အတင့်နဲ့ အကြမ်းခံ၊ နှစ်ရှည်အသုံးခံခြင်း စတာတွေကြောင့်လည်း လူတွေ ညာမောင်းကားတွေကို ကြိုက်သွားရခြင်းဖြစ်ပါတယ်။ အဲဒီလိုကြောင့်ပဲ မြန်မာနိုင်ငံမှာ ညာမောင်းကား အသုံးပြုမှုတွင်ကျယ်ပြီး ဘယ်မောင်းကို မောင်းဖို့ တွန့်ဆုတ်နေကြတာဖြစ်ပေမယ့် ကားမောင်းကျွမ်းကျင်သူ အများစုကတော့ မြန်မာနိုင်ငံရဲ့ လမ်းစနစ်အရ ဘယ်မောင်းက မောင်းရတာအကောင်းဆုံးနဲ့ အန္တရာယ် ကင်းရှင်းတယ်လို့ ဆိုကြပါတယ်။

ဘယ်မောင်းတွေ မောင်းမယ်ဆိုရင်

တကယ်လို့ စာဖတ်သူက ဘယ်မောင်းကားတွေ မောင်းမယ်ဆိုရင် အဓိက အချက်နှစ်ခုကို ဂရုစိုက်သင့်ပါတယ်။ အဲဒီနှစ်ချက်ကတော့ -

၁။ အပေါ်ယာဉ်ကြောကနေ ကျော်တက်တဲ့ အခါ မိမိကားရဲ့ ညာဘက်ခြမ်းနဲ့ ညာဘက်ယာဉ်ကြောမှာရှိနေတဲ့ ကားရဲ့ဘယ်ဘက်ခြမ်း မပွတ်မိအောင် သတိထားရပါမယ်။ ဒီလိုမဖြစ်ဖို့အတွက် ကိုယ့်လိုင်း(စည်း)ထဲက ကိုယ်မောင်းနိုင်ဖို့ လုပ်ဖို့၊ ကိုယ့်လမ်းရဲ့လိုင်းကို မှတ်သားမှန်းဆထားနိုင်ဖို့ အရေးကြီးပါတယ်။

၂။ ညဘက်မောင်းတဲ့အခါ တစ်ဖက်ယာဉ်ကြောက မော်တော်ယာဉ်ဟာ ဘယ်မောင်းကားဆိုရင် သူ့ရဲ့ရှေ့မီးဟာ မိမိမျက်နှာတည့်တည့်ကို လာထိုးနေမှာဖြစ်လို့ အမြင်မဝေဝါးရအောင် သတိပြုမောင်းနှင်ရပါမယ်။ ဒီလိုဆိုရင်တော့ တစ်ဖက်ယာဉ်ကြောက ယာဉ်မောင်းက နားလည်မှုရှိတဲ့ ယာဉ်မောင်းဆိုရင်တော့ မီးချပေးမှာဖြစ်တဲ့အတွက် ပြဿနာ မရှိပေမယ့် နားလည်မှုမရှိတဲ့ ယာဉ်မောင်းဆိုရင်တော့ ပြဿနာရှိပါတယ်။ ဒီလိုအချိန်မှာဆိုရင်တော့ ကိုယ့်ရဲ့ကားကို တတ်နိုင်သမျှ အရှိန်လျှော့မောင်းလိုက်တာ အန္တရာယ်အကင်းဆုံး ဖြစ်ပါလိမ့်မယ်။

ညာမောင်းကနေ ဘယ်မောင်းပြောင်းမောင်းရင် 

အထက်က အချက်တွေအပြင် ညာမောင်းကနေ ဘယ်မောင်းပြောင်းမောင်းတဲ့အခါမှာဆိုရင် ယာဉ်မောင်းတစ်ယောက်အနေနဲ့ ညာစွဲတဲ့ (မောင်းနေကျဖြစ်တဲ့ ကားရဲ့ညာဘက်အခြမ်း) အကျင့်ပါနေမှာဖြစ်သလို၊ မောင်းနေရင်း လမ်းရဲ့ညာဘက်ခြမ်းကို စွဲစွဲသွားတဲ့အဖြစ်ကို သတိပြုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်စွဲစွဲ ပြန်ပြီး လမ်းမှန်ကိုရောက်အောင်တော့ လုပ်ရမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်မောင်းနဲ့ ညာမောင်းဆိုတာ အခေါ်အဝေါ်တစ်ခုသာဖြစ်ပြီး “အကျင့်” တစ်ခုရသွားမယ်၊ လုပ်နေကျ(ဝါ)မောင်းနေကျ ဖြစ်သွားမယ်ဆိုရင် နေသားကျသွားမှာဖြစ်တယ်လို့ ဘယ်မောင်းရော ညာမောင်းရော မောင်းဖူးတဲ့ ဝါရင့်ကားဆရာကြီးတွေက ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ညာကပ်မောင်းတဲ့ မြန်မာနိုင်ငံရဲ့ လမ်းစနစ်အရ ညာမောင်းတွေထက် ဘယ်မောင်းတွေ မောင်းရတာ Safety အဖြစ်ဆုံးပဲဆိုတာ ကားမောင်းကျွမ်းကျင်သူတွေ သိကြမှာဖြစ်ပါတယ်။ 

ဒါကြောင့် အစိုးရကလည်း လာမယ့်နှစ် မူဝါဒသစ်အရ ပြည်သူတွေအနေနဲ့ ဈေးနှုန်းသင့်တင့်တဲ့ ညာမောင်းကားတွေ တင်သွင်းစီးနင်းခြင်းထက် ပြည်တွင်းမှာထုတ်တဲ့ ဘယ်မောင်းကားတွေ ဆူဇူကီးနဲ့ နစ်ဆန်းကားတွေလို ဘယ်မောင်းကားတွေကို စီးနင်းမှုများပြားအောင်နဲ့ ပြည်တွင်း စက်မှုကုန်ထုတ်လုပ်ငန်း တိုးတက်အောင် ရည်ရွယ်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ 

ဒါပေမဲ့ ညာမောင်းကား ကြိုက်နှစ်သက်သူနဲ့ ဘယ်မောင်းကား ကြိုက်သူတွေကြားထဲမှာတော့ အမြဲတမ်းလို အငြင်းပွားမှုတွေ ရှိနေဦးမှာဖြစ်ပြီး ညာမောင်းကားကြိုက်သူတွေကလည်း သူ့ရဲ့ အားသာချက်တွေနဲ့ ငြင်းချက်ထုတ်မှာဖြစ်သလို ဘယ်မောင်းကား ကြိုက်သူတွေကလည်း သူ့ရဲ့အားသာချက်တွေနဲ့ ငြင်းချက်ထုတ်ကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ပကနေ သွင်းရောင်းတဲ့ ဘယ်မောင်းကား Brand New ကားတွေ စီးနင်းကျသူတွေနဲ့ ညာမောင်းကား (Used) ကား အသုံးပြုသူတွေကြားမှာတော့ ကွာခြားချက်တော့ ရှိနေပါသေးတယ်။ ဒါကြောင့် လမ်းစနစ်အရ Safety ဖြစ်စေဖို့ ဘယ်မောင်းကားတွေသာ လမ်းတွေပေါ် အသုံးပြုစေချင်တယ်ဆိုရင်တော့ အစိုးရအနေနဲ့ ဘယ်မောင်းကားတွေ ဈေးလျော့လာအောင် အခွန်များများ တိုးတောင်းတာတွေကို လျှော့ပေးရမှာဖြစ်သလို၊ ပြည်တွင်းထုတ်ကားတွေ များလာအောင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို မက်လုံး (Incentive) ပေးဖို့ လိုပါတယ်။

ဟိန်းမြတ်စိုး

  • VIA