News

POST TYPE

AUTOMOBILE

သရုပ်ဆောင် ပိုးအိအိခန့်နှင့် တွေ့ဆုံခြင်း
11-Dec-2017


ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ သရုပ်ဆောင် ပိုးအိအိခန့်နဲ့ တွေ့ဆုံပြီး သူရဲ့ကားနဲ့ပတ်သက်တဲ့ အတွေ့အကြုံလေးတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။   

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။ 
PEEK : ညီမ လက်ရှိစီးနေတဲ့  ကားအမျိုးအစားက Kluger စီးနေပါတယ်။

Voice : ဝယ်ထားတာရော ဘယ်လောက်ကြာပြီလဲ။
PEEK : မကြာသေးဘူး။ တစ်လောကမှ ဝယ်ထားတာ။ ဒီကားအရင်ကတော့ Alphard လေး စီးတာပေါ့။

Voice : Alphard နဲ့ ဒီကားက ဘာတွေကွာသွား တယ်လို့မြင်လဲ။
PEEK : Alphard ကျ အခန်းတွေကျယ်တယ်။ အိမ်တစ်လုံးလိုပဲ။ ကြိုက်ပါတယ် Alphard လေးလည်း။ Kluger ကျ အကျယ်ချင်းကတော့ အတူတူပဲ။ ဒါပေမဲ့ အင်္ကျီလဲရတာတွေ ဘာတွေကျ Alphard လေးက ပိုကောင်းတယ်။ 

Voice : အရင် Alphard စီးနေတာကနေ ဒီကား လဲဖြစ်သွားပုံလေး ပြောပြပေးပါဦး။
PEEK : Alphard က ကြိုက်ပေမယ့် ညီမနဲ့ အကျိုးမပေးဘူး။ တစ်လောက အွန်လိုင်းမှာတောင် တင်ထားသေးတယ်။ ကားကို နောက်ကနေ ခဲနဲ့လိုက်ပစ်တာ။ အဲဒါ တစ်ခါ အဲလိုဖြစ်ပြီး နောက်နေ့ ညီမ မန္တလေးသွားတယ်။ မန္တလေးမှာ ကားရိုက်ထွက်ပြီး ပြန်လာတော့ ပြင်ဦးလွင်မှာ ည ၁၂ နာရီလောက်ကြီး မီးခိုးတွေထွက်ပြီး စက်ရပ်သွားတယ်။ လမ်းကြီးမှာ အဲဒီအတိုင်း ထားခဲ့ရတယ်။ မန္တလေးမှာ တစ်ပတ်လောက် ကားရိုက်တာ ဝပ်ရှော့အပ်ထားရပြီး ကားငှားခဲ့ရတယ်။ အဲဒီနေ့ ပြန်လာတော့လည်း စက်နှိုးလို့ မရဘူး။ တစ်မျိုးပြီးတစ်မျိုးကို ဖြစ်နေတာ။ အဲလိုတွေကြောင့် လဲဖြစ်သွားတာ။

Voice : ကားနဲ့ ပတ်သက်ပြီးတော့ရော ခရေဇီ ဖြစ်တာမျိုးရှိလား။ 
PEEK : အဲလိုမျိုးတော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ကလည်း အိမ်မှာ အငယ်ဆုံးဆိုတော့ အဖေတို့ အစ်ကိုတို့က သမီးရှုတင်သွားရင် ဘာကားနဲ့ အဆင်ပြေတယ်ဆိုတာ ပြောပြထားတယ်။ အဲဒီတော့ သူတို့က ညီမနဲ့ အဆင်ပြေတဲ့ ကားဝယ်ပေးထားတယ်။ ဒါလောက်ပဲ။ ကားနဲ့ပတ်သက်ပြီး ရူးတာတို့၊ ဘာတို့တော့ မရှိပါဘူး။ 

Voice : ကားက ကိုယ်တိုင်ပဲမောင်းတာလား။
PEEK : ကိုယ်တိုင်ပဲ မောင်းတယ်။ ညီမကိုယ်တိုင် မောင်းနေတာ ကြာပြီ။ ငါးနှစ်၊ ခြောက်နှစ်လောက်ရှိပြီ။ ပထမနှစ်လောက်ကတည်းက ကိုယ်တိုင်ပဲ မောင်းဖြစ်တယ်။

ခိုင်ချယ်ရီထွန်း

  • VIA