News

POST TYPE

AUTOMOBILE

YBS နှင့် ငွေအကြွေ
11-Dec-2017

“ကတ်စနစ် မစနိုင်သေးလို့  လဲပေးနေရတာ”
ကိုစိုးမိုး (ငွေအကြွေ လဲပေးသည့် အဖွဲ့ဝင်တစ်ဦး)

ငွေအကြွေ လဲပေးတာက ကုမ္ပဏီတွေဘက်ကတစ်ဆင့် လဲပေးထာမျိုးမဟုတ်ဘဲ ကျွန်တော်တို့ဘာသာ အိတ်စိုက်ပြီးတော့ လဲပေးတာပါ။ အဓိကကတော့ ခရီးသည်တွေ ငွေအကြွေ အဆင်ပြေစေချင်လို့ပါ။ ကျွန်တော်တို့ ငွေလဲပေးတဲ့နေရာတွေက ဆူးလေနားတစ်ဝိုက်မှာပါပဲ။ မြို့တော်ခန်းမနားမှာ အပတ်စဉ် စနေနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ မနက် ၈ နာရီလောက်ကနေ ငွေကုန်တဲ့အချိန်အထိ လဲပေးနေပါတယ်။ တစ်ရက်ကို ၂၅ သိန်းနှုန်းနဲ့ လဲပေးပါတယ်။ တစ်ယောက်ကို တစ်ထောင်ကနေစပြီး ငါးထောင်အထိ လဲပေးနေပါတယ်။ ငွေအကြွေ လဲပေးတဲ့နေရာတွေက နည်းသေးတယ်ဆိုပေမယ့် ကျွန်တော်တို့အနေနဲ့လည်း ကိုယ့်ပိုက်ဆံကိုယ်စိုက်ပြီး လဲပေးနေရတာဖြစ်တဲ့အတွက် နေရာ အများကြီး သွားမလဲပေးနိုင်သေးဘူး ဖြစ်နေတယ်။ နောက်တစ်ခုက လတ်တလော ခရီးသည်တွေ အဆင်ပြေအောင်လို့သာ လဲပေးနေတာ။ ပြီးတော့ ကတ်စနစ် မစနိုင်သေးလို့ လဲပေးနေရတာ။ ကတ်စနစ် ပြောင်းရင်တော့ လဲပေးရတော့မှာ မဟုတ်ပါဘူး။ ကတ်စနစ်က ခုလက်ရှိမှာ ဆောင်ရွက်နေဆဲဖြစ်ပြီး ဘယ်လိုစနစ်နဲ့ သွားမယ်ဆိုတာ သေချာ မသိရသေးပါဘူး။

“ဒါတွေကို ရန်ကုန်တိုင်းအစိုးရ ကြီးမှူးပြီး လုပ်စေချင်ပါတယ်”
မပိုင်ပိုင်စုသက်လွင် (ခရီးသည်)

ငွေအကြွေ လဲပေးနေတဲ့ နေရာလေးတွေရှိတော့ ကောင်းတာပေါ့။ အကြွေတွေက တဖြည်းဖြည်း ရှားလာတာ သူတို့က လဲပေးတော့ အဆင်ပြေတယ်လေ။ မဟုတ်ရင် ပိုက်ဆံထည့်တဲ့နေရာမှာ ပိုတဲ့ပိုက်ဆံ ပြန်ယူဖို့ ရပ်စောင့်နေရတာ။ ကားကလည်း တစ်ခါတလေ အမြန်မောင်းရင် ရပ်ရတာတောင် အဆင်ပြေတာ မဟုတ်ဘူး။ သူတို့ အကြွေတွေ လဲပေးနေတာ တော်တော် အဆင်ပြေနေတာပဲ။ တစ်ခါမှတော့ အကြွေ မလဲဖူးဘူး။ ကားဂိတ် တော်တော်များများမှာ ရှိစေချင်တာပဲ။ မဟုတ်ရင် အဆင်မပြေဘူး။ ကျွန်မတို့ဆို အဲဒီဘက်(ဆူးလေ) ခြမ်းတွေ ရောက်တာမဟုတ်ဘူးလေ။ သူတို့က အဲဒီဘက်ပဲ လဲပေးတော့ အဆင်မပြေဘူး။ YBS ပေါ်မှာကျ အကြွေမရှိရင် အကြွေပြန်စောင့်ယူရတယ်။ အဲဒီတော့ ဘတ်စ်ကားစီးရတာလည်း အဆင်မပြေဘူး။ တချို့တွေဆို ရပ်စောင့်နေတာ သိတာတောင် ပေးချင်တာ မဟုတ်ဘူး။ ပိုက်ဆံဘူးထဲပဲ ထည့်ကြတာ။ အဲဒီတော့ ပြန်လိုချင်ရင် တော်တော်ကြာ ရပ်စောင့်နေရရော။ အဲဒီတော့ ဘတ်စ်ကား ဂိတ် နေရာ တော်တော်များများမှာ လဲပေးမယ်ဆိုရင် အဆင်ပြေတာပေါ့။ ကုမ္ပဏီတွေက လဲပေးတယ် ပြောတာပဲ။ ဘယ်သူတွေ လဲပေးနေမှန်းတော့ မသိပေမယ့် ဒါတွေကို ရန်ကုန်တိုင်းအစိုးရ ကြီးမှူးပြီး လုပ်စေချင်ပါတယ်။

“ကတ်စနစ်ကို မြန်မြန် အကောင်အထည် ဖော်စေချင်ပါတယ်”
ကိုရဲမျိုးအောင် (ခရီးသည်)

လက်ရှိမှာ ငွေအကြွေဟာ ရှားပါးပါတယ်။ တစ်ခါတစ်ရံ ဘိုင်ပြတ်နေတဲ့နေ့တွေတောင် YBS ပေါ်တက်ခါနီး မလိုအပ်ဘဲ ပေါင်မုန့်တို့၊ တစ်ရှူးတို့ ဝယ်ရပါသေးတယ်။ ဒီလို ငွေအကြွေ လဲပေးတာမျိုးကို အပြင်ကနေ တစ်နိုင်တစ်ပိုင် လုပ်နေတာ ထက်စာရင် ကုမ္ပဏီတွေက စီစဉ်သင့်တယ်။ ကုမ္ပဏီတွေအနေနဲ့ ကတ်စနစ် မစနိုင်ခင်မှာ ငွေအကြွေ လဲပေးတာကို လူစည်ကားတဲ့ နေရာတွေဖြစ်တဲ့ လှည်းတန်းတို့၊ ရွှေဂုံတိုင်၊ မြေနီကုန်း၊ တာမွေ အဝိုင်းထိပ်တို့လို ခရီးသည်တွေများတဲ့ ဘတ်စ်ကားဂိတ်တွေမှာ လဲပေးသင့်တယ်။ လူကြီးတွေ လက်ထဲမှာ အကြွေ ပေါနေပေမယ့် လူငယ်အများစုကတော့ ကားပေါ်ရောက်ရင် ငွေအကြွေ မရှိတဲ့အတွက် အပေါက်ဝမှာ မိုးတိုးမတ်တတ်နဲ့လိုက်ပြီး ငွေအကြွေလိုက် ကောက်နေရတာ များတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ငါးရာတန်တစ်ရွက်နဲ့ တစ်ထောင်တန်တစ်ရွက် ထည့်ပစ်ဖူးတယ်။ ဒါကြောင့် ကတ်စနစ်ကို မြန်မြန် အကောင်အထည်ဖော် စေချင်ပါတယ်။

ခိုင်ချယ်ရီထွန်း

  • VIA