News

POST TYPE

AUTOMOBILE

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်နှင့် တွေ့ဆုံခြင်း
02-Sep-2016
မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ၏ လုပ်ငန်းစဉ်များ အပါအဝင် ရန်ကုန်မြို့တော်၏ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို တာဝန်ယူ လုပ်ကိုင်သွားမည့် ကိစ္စများ၊ ယာဉ်ကြောကျပ်တည်းမှုများ မည်သို့ဖြေရှင်းနေပုံ၊ ယာဉ်ကြောကျပ်တည်းမှုနှင့် ပတ်သက်၍ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအကြောင်း၊ ခရီးသည်တင် ယာဉ်များကို မည်သို့ ကိုင်တွယ်မည် ဆိုခြင်းနှင့် လက်ရှိပြေးဆွဲနေသော YBPT ဘတ်စ်ကားများ၏ အခြေအနေများကို The Voice  က တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : YRTA (ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့) ဘာကြောင့်ဖွဲ့ဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်းလေး အရင်ရှင်းပြပေးပါဦး။ 

Dr.MA : Yangon Region Transport Authority (YRTA) ကို ဆရာတို့ ဖွဲ့ထားတယ်ပေါ့နော်။ ပြီးခဲ့တဲ့လ ၁၈ ရက်နေ့က စဖွဲ့တယ်။ အဲဒီလိုဖွဲ့တဲ့ နေရာမှာ ဆရာတို့ရဲ့ ဦးစားပေး အစီအစဉ်က Bus Reform ပေါ့။ Bus Reform လုပ်ဖို့ဆိုရင် ပထမဦးဆုံး အနေနဲ့ သုံးခုလုပ်ဖို့ လိုပါတယ်။ ပထမဦးဆုံးက ဘာလဲဆိုတော့ အခုဆိုရင် လက်ရှိက ရန်ကုန်မြို့ရဲ့ အဓိက အရေးပါဆုံးက ဘတ်စ်ကားပေါ့။ နေ့စဉ် လူဦးရေ ၄ ဒသမ ၅ သန်းလောက်က ဘတ်စ်ကား စီးရတယ်။ ပြီးတဲ့အခါမှာ ဘတ်စ်ကားစနစ်က ကိုယ်ရကိုယ်ယူဖြစ်တဲ့ အတွက်ကြောင့် စီးတဲ့အခါမှာ လုံးဝ အဆင်မပြေတော့ဘူး။ အဆင်မပြေပဲ ပြဿနာတွေက ပိုများလာတယ်။ နေ့စဉ်မှာလည်း တိုင်တောမှုတွေ ပိုများလာတယ်။ ဆရာတို့က ပထမဦးဆုံး ပြောင်းမှာက ဘတ်စ်ကားစနစ်ကို Private စနစ်ကနေ Public စနစ်ကို ပြောင်းမှာ။ ဆရာတို့က တစ်ဦးချင်း အမြတ်ရှာတဲ့လုပ်ငန်း မဟုတ်တော့ဘဲနဲ့ Public ကို ပြောင်းမှာ။ ပြောင်းတဲ့အခါမှာလည်း ဒါဟာ တကယ့်ကို ဝန်ဆောင်မှုကောင်းတဲ့ သယ်ယူပို့ဆောင်ရေး ဖြစ်ဖို့အတွက် ဘတ်စ်ကားစနစ်ကို ပြောင်းမှာဖြစ်ပါတယ်။ ပြောင်းတဲ့နေရာမှာလည်း ပထမအနေနဲ့ ပိုင်ဆိုင်မှုပြောင်းမယ်။ ဒုတိယက ပြေးဆွဲတဲ့စနစ် ပြောင်းမယ်။ တတိယက စီမံအုပ်ချုပ်တဲ့စနစ် ပြောင်းမယ်။ အဲဒီသုံးခုကို အခြေခံမှာပေါ့နော်။ ဆရာတို့ ခုနပြောခဲ့သလို စက်တင်ဘာလောက် မဟုတ်ပါဘူး။ ဆရာတို့က စနစ်သစ်ကို လုပ်တဲ့အခါမှာ လိုင်းတွေကို ယာဉ်လိုင်းပေါင်း ၃၀၀ ကျော် ရှိတာပေါ့နော်။ အဲဒီကနေ ဆရာတို့က ၅၀ လောက်အထိ လျှော့မှာပေါ့နော်။ ဒါတော့ ဆရာတို့ရဲ့ ရည်ရွယ်ချက်ပေါ့နော်။ ဒါပေမဲ့လည်း ဆရာတို့က ချက်ချင်းကြီး မလုပ်သေးဘူး။ တဖြည်းဖြည်း လုပ်သွားမှာပါ။ အခုပထမအဆင့် အနေနဲ့ ပြီးခဲ့တဲ့ အပတ်တုန်းက (ယာဉ်လိုင်း) ၂၆ လိုင်းကို ဆရာတို့ လျှော့ပြီးပြီ။ နောက်တစ်ခါ ဆရာတို့က စနစ်သစ်ကို စပြီးတော့ အကောင်အထည်ဖော်လို့ ရှိရင် လိုင်းကို ထပ်လျှော့မယ်။ စနစ်သစ်က ဒီနှစ်ထဲတော့ ဖြစ်မှာပေါ့နော်။ ဘယ်အချိန်လဲ ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လိုင်းကားဆိုတာ လိုင်းတွေများလေ သူက အချင်းချင်း လုလာတဲ့အတွက် ခရီးသည်တွေ အတွက်လည်း မလုံခြုံဘူး။ အခြားလမ်း အသုံးပြုတဲ့သူတွေ အတွက်လည်း မလုံခြုံဘူး။ လမ်းပေါ်မှာရှိရင် အရမ်းအန္တရာယ် များတယ်။ ဆရာတို့က နောက်ဆိုရင် လမ်းတစ်လမ်းကို လိုင်းတစ်လိုင်းပဲ သွားတဲ့စနစ်ကို လုပ်မှာဖြစ်ပါတယ်။ Main လမ်းကြီး နှစ်ဆယ်ကိုတော့ အများပိုင်ကားတွေကိုပဲ ပြေးဆွဲခွင့်ပေးဖို့ ရှိတယ်။ ဒီ Main လမ်း တစ်လမ်းမှာ စောစောကပြောတဲ့ အများပိုင်ကား တစ်လိုင်းပဲရှိမှာ ဖြစ်ပါတယ်။ တကယ့်ကို အများပိုင်ကားတွေ အနေနဲ့ စနစ်တကျ တာဝန်ယူရမှာ ဖြစ်ပါတယ်။ အဲဒီမှာ သူတို့ဆီမှာ လုစရာ လိုင်းမရှိဘူး။ ဆရာတို့ သတ်မှတ်ထားတဲ့ Criteria အတိုင်း ဖြစ်လာပြီဆိုရင် ဆရာတို့ အခု BRT Lite ပြေးတဲ့ ပုံစံမျိုးအထိ ပြန့်ပွားလာမှာ ဖြစ်ပါတယ်။ ဒါကတော့ ဆရာတို့ မှန်းထားတာပေါ့နော်။ ဒုတိယက ပြေးဆွဲတဲ့စနစ်မှာ Downtown ခြောက်မြို့နယ်မှာ ဘတ်စ်ကားကို ဆရာတို့ အဝင်မခံတော့ဘူး။ အဲဒီကျရင် Shuttle Bus System (လွန်းပျံဘတ်စ်ကားစနစ်) ပေါ့နော်။ ဒုံးပျံစနစ် အတွင်းက သွားမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြို့ထဲမှာက ကားတအား ပိတ်နေတာ ဖြစ်တဲ့အတွက် ဒါက အခုလာတဲ့ ဘတ်စ်ကားတွေက ဆရာတို့ သတ်မှတ်ထားတဲ့ နေရာမှာ ရပ်ရမှာ ဖြစ်ပါတယ်။ နောက်ဆုံးက စီမံအုပ်ချုပ်တဲ့ System ပါ။ နောက်ဆုံးမှာ မထသ မရှိတော့ပါဘူး။ YRTA အဖွဲ့က လူတွေကပဲ တာဝန်ယူ လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။ ဒါက တကယ်သြဇာအာဏာရှိတဲ့ အတွက် လက်ရှိမှာ Criteria မပြည့်စုံဘူးဆိုရင် ချက်ချင်းအရေးယူသွားမှာ ဖြစ်ပါ တယ်။ ဆရာတို့က အဲဒီလို စီမံအုပ်ချုပ်သွားဖို့ ရှိတယ်။ နောက်တစ်ခါ Main လမ်းကြီး ၂၀ မဟုတ်ဘဲနဲ့ အခြားလမ်းတွေကိုလည်း Feeder Road System (မိန်းလမ်းကြီးတွေနဲ့ ဆက်ပေးတဲ့စနစ်) နဲ့ သွားမှာပါ။ ဆရာတို့က တစ်ဦးချင်းပိုင်တာ မဟုတ်ဘဲနဲ့ အသင်းအဖွဲ့လေးတွေ ဖွဲ့ပြီးတော့ ပြေးဆွဲခွင့်တွေ ပေးပါမယ်။ ဘာပြောချင်တာလဲ ဆိုတော့ ဆရာတို့သွားမယ့် ရေရှည်က တစ်ဦးချင်း ပိုင်ပြီးတော့ စီးပွားရှာတဲ့ လုပ်ငန်းတွေကို ခွင့်ပြုမှာ မဟုတ်တော့ပါဘူး။

Voice : ဆရာ ခုနကပြောတဲ့ ပြေးဆွဲတဲ့စနစ်တွေ နဲ့ စီမံအုပ်ချုပ်ပုံစနစ်တွေ ပြောင်းမယ်ဆိုတာတွေက အခု စအကောင်အထည် ဖော်နေပြီလား။ ဒါမှမဟုတ် ဘယ်တော့လောက် စလုပ်မှာလဲ။

Dr.MA :  အခုဆိုရင် ပထမဦးဆုံး အနေနဲ့ အများပိုင် ကုမ္ပဏီတွေ ဖွဲ့စည်းမယ့်ဟာကို ဆက်တိုက်လုပ်နေတာ ဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ စဉ်းစားတာက အခုပြေးဆွဲနေတဲ့ သူတွေလည်း မနစ်နာအောင် အများကြီး စဉ်းစားပေးပါတယ်။ ပြောချင်တာက သူတို့လည်း ပါဝင်လို့ ရအောင်ပေါ့နော်။ ဒါပေမဲ့ အခုအများပိုင် ဖွဲ့တာက ဆရာတို့ ဘာအခက်အခဲတွေ့ရလဲဆိုတော့ လက်ရှိပြေးတဲ့လူတွေက တစ်စီးစ နှစ်စီးစ ပိုင်တာတွေ များတယ်။ ၁၀ စီးပိုင်တဲ့ လူတွေလည်း ရှိတော့ရှိပါတယ်။ ဒါပေမဲ့ ပြဿနာက သူတို့ရဲ့ကားတွေက များပေမယ့်လည်း သူတို့ဆီမှာ ကားသစ်ကို ဝယ်ဖို့ ပိုက်ဆံမရှိဘူး။ ဆရာတို့ဘက်ကတော့ သူတို့ကားတွေ နယ်ကို ရောင်းချလို့ရအောင် လုပ်ပေးပြီးပြီ။ တကယ်လို့ သူတို့မှာ ပိုက်ဆံမရှိဘူး ဆိုရင်လည်း ဆရာတို့က ဘဏ်တွေနဲ့ ချိတ်ပြီးတော့ Hire Purchase စနစ်နဲ့ ဝယ်လို့ရအောင် သေချာစီစဉ်ပြီးပြီ။ တကယ်တမ်းပြောမယ်ဆိုရင် လက်တွေ့တော့ အခုအထိ ဆရာတို့ကို အကူအညီတောင်းတဲ့သူတွေ မရှိသေးပါဘူး။ သူတို့ (ယာဉ်ပိုင်ရှင်) ဘက်က လှုပ်ရှားမှုက အရမ်းနှေးကွေးပါတယ်။ ဒါကြောင့်မို့လို့ ဆရာတို့ နောက်ဆိုရင်တော့ အများပိုင် ကုမ္ပဏီတွေကို ဖြစ်အောင် ထောင်လိုက်မယ်။ သူတို့ဝင်လို့ရအောင် လမ်းဖွင့်ပေးထားမယ်။ တကယ်လို့ သူတို့အတွက် စဉ်းစားနေတာက သူတို့ကားတွေကို အဟောင်းတွေကနေ အသစ်ဖြစ်အောင် လုပ်ပေးဖို့ စီမံချက် ရှိပါတယ်။ ဆရာတို့ စဉ်းစားတာက ဘယ်လောက်အထိ စဉ်းစားလဲဆိုတော့ အများပိုင်ကုမ္ပဏီမှာ လက်ရှိလူတွေ သူတို့က အင်အားနည်းတယ်လေ။ အင်အားနည်းတဲ့ သူတွေကို အစိုးရကနေ တိုက်ရိုက်အရင်းအနှီး ထည့်ဝင်ပြီးတော့ ဆရာတို့က အမြန်ဆုံး အများပိုင်ကုမ္ပဏီ ပေါ်ပေါက်ဖို့ စဉ်းစားနေပါတယ်။ အစိုးရ ထည့်ဝင်တယ်ဆိုတာ YBPC ကို အစိုးရ ထည့်ဝင်ထားသလိုပါပဲ။ အခုနည်းနည်းလေး ကြာနေတာကတော့ လက်ရှိပြေးဆွဲနေတဲ့သူတွေ ပါဝင်နိုင်အောင်လို့ စောင့်နေတာကြောင့် ကြာနေတာ ဖြစ်ပါတယ်။ ဆရာတို့မှာက Target ရှိပြီးသား ဖြစ်ပါတယ်။ ဆရာတို့က ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတာ ရှိပြီးသားဖြစ်တဲ့အတွက် ဆရာတို့က အချိန်အတိုင်းအတာတစ်ခုအထိ စောင့်မယ်။ မရတော့ဘူး ဆိုရင်တော့ ဆရာတို့က အမြန်ဆုံး အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဆရာတို့ ပြည်သူကိုပဲ ဗဟိုပြုမှာပါ။ ပြည်သူလူထုက နေ့စဉ်ခံစားနေရတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လက်ရှိလုပ်ကိုင်နေတဲ့ ယာဉ်လုပ်သားတွေကို မနစ်နာအောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ 

Voice : အများပိုင်ကုမ္ပဏီတွေ ဖွဲ့မယ်ဆိုရင် ကူညီမယ်ဆိုတာက ဘယ်လိုကူညီမှာလဲ။ 

Dr.MA : ဆရာတို့ဘက်က နှစ်ပိုင်းပေါ့နော်။ ကုမ္ပဏီ ဖွဲ့စည်းမယ့်သူတွေ ကားဝယ်ချင်တယ်ဆိုရင် ဘဏ်ကြီးတွေနဲ့ ချိတ်ဆက်ပြီးတော့ ဝယ်လို့ရအောင် လုပ်ပေးမယ်။ Down Payment ကတော့ သုံးနှစ်ဖြစ်ချင်ဖြစ်မယ်။ ငါးနှစ်ဖြစ်ချင်ဖြစ်မှာပေါ့နော်။ ကျန်တဲ့ဟာတွေကတော့ သူတို့ (ဘဏ်တွေ) နဲ့ ညှိပေါ့နော်။ ဘဏ်တွေက ကမ္ဘောဇ၊ AYA၊ ရိုးမတို့ကို ချိတ်ထားပါတယ်။

Voice : အတိုးနှုန်းကရော ဘယ်လိုသတ်မှတ်ထားလဲ။

Dr.MA : အတိုးနှုန်းကတော့ ဘဏ်တိုးနှုန်းအတိုင်းပါပဲ။ 

Voice : အများပိုင်ဖွဲ့ဖို့ ကုမ္ပဏီဘယ်နှခုအထိ လာလျှောက်ပြီးပြီလဲ။

Dr.MA : ဆရာတို့ အခုထိ (သြဂုတ်လ ၂၆ ရက်နေ့ထိ) အများပိုင်ဖွဲ့ ကုမ္ပဏီ ၁၁ ခု လာလျှောက်ထားပြီးပါပြီ။ ဆရာတို့ အဲဒီထဲမှာ သုံးသပ်ကြည့်တဲ့အခါမှာ တချို့ကုမ္ပဏီတွေက အင်အားမရှိသေးဘူး။ တချို့ဆို Proposal သာ တင်ထားတာ။ ဆရာတို့ပြောတဲ့ ကားအစီး ၂၀၀ ဝယ်နိုင်လောက်တဲ့ အရည်အချင်း မရှိသေးပါဘူး။ တချို့ကုမ္ပဏီတွေက အင်အားရှိတယ်။ ဥပမာဆိုရင် ဗန္ဓုလပေါ့။ သူတို့ဆီမှာဆို Brand New အစီး ၂၀၀ လောက် ရှိတယ်။ နောက်ပြီး သူတို့က ပြောင်းဆိုရင်လည်း ပြောင်းနိုင်တဲ့ အနေအထားမှာရှိတယ်။ မေတ္တာလှိုင်းတို့ ဆိုလည်း အင်အားရှိပါတယ်။ တခြားလိုင်းတွေဖြစ်တဲ့ ရွှေဧည့်သည်ဆိုလည်း အင်အားရှိပါတယ်။ အဲဒီလို ကုမ္ပဏီတွေဆိုရင် အင်အားရှိတယ်ပေါ့နော်။ မထသအောက်က လိုင်းတွေကတော့ အင်အားမရှိဘူးပေါ့နော်။ အဲဒီလို လိုင်းတွေကို အများပိုင်ဖွဲ့မယ်ဆိုရင် အစိုးရဘက်က ရှယ်ယာတစ်ခု ထည့်ပေးဖို့ အစီအစဉ် ရှိပါတယ်။

Voice : အများပိုင်ယာဉ်လိုင်းအဖြစ် ဖွဲ့မယ်ဆိုရင် ဘာတွေများ လိုအပ်မလဲ။

Dr.MA : အများပိုင်ဖွဲ့မယ် ဆိုရင်တော့ DICA (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန) ရဲ့ သတ်မှတ်ချက်အတိုင်း လိုက်နာရမှာ ဖြစ်ပါတယ်။ သူ သတ်မှတ်တွေ အများကြီး ရှိပါတယ်။ ဥပမာ- အများပိုင်ဖွဲ့မယ်ဆိုရင် Founder ခုနစ်ဦးအထိ ရှိရမှာ ဖြစ်ပါတယ်။ အသင်းအဖွဲ့ စည်းမျဉ်း ရေးရမယ်။ အဲဒီကနေမှ ကုမ္ပဏီမှတ်ပုံတင်ရမယ်။ မှတ်ပုံတင်ရလို့ ရှိရင် SECM (ငွေချေးသက်သေခံလက်မှတ် ကြီးကြပ်မှုကော်မရှင်) ကို လုပ်ငန်းလုပ်ပိုင်ခွင့် ရအောင်ပေါ့။ သူ့ရဲ့ လုပ်ငန်းလမ်းညွှန် တင်ပြရမှာ ဖြစ်ပါတယ်။ အဲဒီအဆင့်တွေက နည်းနည်းကြာမှာ ဖြစ်တဲ့အတွက် ဆရာတို့က လုပ်ငန်းလုပ်ပိုင်ခွင့်ရမှ အများပိုင်ကုမ္ပဏီက လည်ပတ်လို့ရမှာ ဖြစ်ပါတယ်။ အခုဆိုရင် Ready ဖြစ်နေတာကတော့ YBPC ဖြစ်ပြီ။ ကားတွေလည်း ထပ်မှာထားပါတယ်။ ဒီအတိုင်းပဲ ဗန္ဓုလဆိုလည်း Ready ဖြစ်ပါပြီ။ ဒါပေမဲ့ ကပရ (ကုန်းလမ်းပို့ဆောင်ရေး) ကလည်း သူတို့ရဲ့ အစီအစဉ်နဲ့ အများပိုင်ဝင်ဖို့ ရှိပါတယ်။ ဒါပေမဲ့ ဆရာတို့က မျှော်လင့်နေတာက လက်ရှိပြေးဆွဲနေတဲ့ လူတွေဖွဲ့ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ သူတို့ဘက်က လှုပ်ရှားမှုကို အားမရတဲ့အတွက် ဆရာတို့က တတ်နိုင်သလောက် အကူအညီ ပေးသွားမှာ ဖြစ်ပါတယ်။ 

Voice : အများပိုင်ဖွဲ့မယ့် ကိစ္စတွေမှာ အခုဆွဲနေတဲ့ယာဉ်လိုင်းတွေကို ဘယ်အချိန်လောက်အထိ ဆရာတို့ စောင့်မှာလဲ။ 

Dr.MA : ဆရာတို့ မှန်းတာကတော့ ကုမ္ပဏီတွေတော့ တည်ထောင်လို့ရအောင် လုပ်မယ်။ ပြီးတော့ ကုမ္ပဏီတွေကို သူတို့ ဝင်လာလို့ ရအောင်လည်း လမ်းဖွင့်ပေးထားမယ်။ လက်ရှိလူတွေ ဝင်ချင်လည်း ဝင်လို့ရမယ်။ အများပိုင်ဖွဲ့တဲ့ ကိစ္စတွေကိုတော့ ဆရာတို့က ဒီလ ၃၁ ရက်နေ့ကနေ စပြီးတော့ အရှိန်မြှင့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြည်သူပြည်သားတွေက နေ့စဉ်ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာ။ ဟိုတစ်နေ့ကလည်း ၈၁ ယာဉ်လိုင်းက ခရီးသည်ကို Driver နဲ့ စပယ်ယာက ရိုက်လို့ ဆုံးသွားတာပေါ့နော်။ ဒါက လုံးဝကို လက်ခံပေးလို့ မရနိုင်ဘူးပေါ့နော်။ ဆရာတို့ ပြောချင်တာက လက်ရှိ ဘတ်စ်ကားစနစ်က ပြည်သူတွေအတွက် လုံးဝကို အဆင်မပြေတော့ပါဘူး။ ဆရာတို့ မပြောင်းလို့ကို မရတော့ပါဘူး။ နိုင်ငံတကာလိုပေါ့ ဝန်ဆောင်မှုကောင်းဖို့ ဆိုတာ အရမ်းကို အရေးကြီးပါတယ်။ ဝန်ဆောင်မှုလို့ ပြောတဲ့အခါမှာ ဆရာတို့နိုင်ငံမှာ ဘယ်လောက်အထိ ဘေးကင်းလုံခြုံမှု ရှိနေပြီလဲ။ အခု ဘတ်စ်ကားစနစ်မှာ လုံးဝမရှိပါဘူး။ ဘယ်လောက်အထိ သက်သောင့်သက်သာ ရှိလဲ။ ဆရာတို့ ဘတ်စ်ကားစနစ်မှာ မပေးနိုင်ပါဘူး။ ဘယ်လောက်အထိ ွှ Transference ဖြစ်လဲ။ Transference ဆိုတာ ပြည်သူက ဒီခရီးကို ဒီလောက်ပေးစီးတယ်။ ဒါပေမဲ့ ဒရိုင်ဘာက လမ်းတစ်ဝက်မှာ ခရီးစဉ်ကို ဖျက်သိမ်းတယ်ဆိုလည်း ဒီလူတွေ ဆင်းရမှာ ဖြစ်ပါတယ်။ ဒီအတိုင်းပဲ လမ်းတစ်ဝက်မှာ ခရီးစဉ်က ၂၀၀ ဆိုပေမယ့် တိုးတောင်းတယ် ဆိုရင်လည်း ဒါဟာငြင်းလို့ မရပါဘူး။ ဒါကြောင့်မို့လို့ Transference လည်း မဖြစ်ပါဘူး။ ဒါကြောင့်မို့လို့ ပြောင်းဖို့ လိုအပ်တာပါ။ 

Voice : စနစ်သစ်ကို ဘယ်တော့လောက် စလုပ်ဖြစ်မလဲ။ 

Dr.MA : ဒီစနစ်သစ်က ဒီနှစ်ထဲမှာ လုပ်ဖြစ်ဖို့များပါတယ်။ 

Voice : မိုးပျံရထားနဲ့ အောက်မှာ ကားလမ်းတွေ လုပ်မယ်ဆိုတာကရော ဘယ်တော့လုပ်မလဲ။

Dr.MA : အဲဒါကလည်း စီစဉ်ထားတာပေါ့နော်။ အပေါ်မှာက ရထားပြေးလို့ရမယ်။ အောက်မှာက ဘတ်စ်ကား ပြေးလို့ရမယ်ပေါ့နော်။ ဆရာတို့ အဲဒါကို ပြန်ပြီးလုပ်နေပါတယ်။ ဒါလည်း ဆရာတို့လုပ်ဖို့ ရှိပါတယ်။

Voice : Bus Stop တွေကို အဆင့်မြှင့်ဖို့ရှိတယ် ဆိုတာကရော။ 

Dr.MA : အခုနောက်ပိုင်း ပြေးဆွဲမယ့် စနစ်အတွက် ရှိတဲ့ Bus Stop တွေ အားလုံးကို ပြင်မှာဖြစ်ပါတယ်။ အခုရှိနေတဲ့ Bus Stop တွေက တံတားအဆင်းတွေနဲ့ မီးပွိုင့်အထိတွေလို ဖြစ်နေတဲ့အတွက် အားလုံး ပြင်ဆင်သွားမှာပါ။ အဲဒီစနစ်တွေ အားလုံး ပြင်မှာ။ ပြင်ဖို့အတွက် ဒါကိုလုပ်နိုင်တဲ့ ကုမ္ပဏီတစ်ခုကို တင်ဒါခေါ်မှာ ဖြစ်ပါတယ်။ ပြင်ပြီးတာနဲ့ ရန်ကုန်မှာရှိတဲ့ Bus Stop တွေ အကုန်လုံးက IT ကိုအခြေပြုတဲ့ Bus Stop တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကိုလည်း မကြာခင် လုပ်ဆောင်သွားမှာပါ။ 

Voice : ဆရာတို့အနေနဲ့ ခုံးကျော်တံတားတွေကို ဆက်ပြီး ဆောက်ခွင့်ပေးဖို့ ရှိပါသလား။

Dr.MA : ခုံးကျော်တံတားတွေတော့ ဆောက်ခွင့်ပေးဖို့ မရှိပါဘူး။ ဆရာတို့ YRTA နဲ့ ဆက်လုပ်ဖို့ရှိတာက မီးပွိုင့်တွေမှာ Auto Command Center တွေ ဆောက်တာကို အောက်တိုဘာလောက် ဆရာတို့ဆီ လွှဲဖို့ရှိပါတယ်။ ၁၅၄ ပွိုင့်က လုံးဝ Autoဖြစ်သွားပါပြီ။ Control System တွေ မရှိတော့ပါဘူး။ e-Police System ပေါ့နော်။ ရန်ကုန်မြို့ ကားကျပ်တာအတွက် ကားသွင်းတာကို ပိတ်ထားတာ ကြာပါပြီ။ အရင်တုန်းကဆိုရင် ပါကင်ရှိရင် ကားသွင်းခွင့် ပေးတယ်ပေါ့နော်။ ဒါပေမဲ့ အခုဆိုရင် ပိုပိုတက်လာပါတယ်။ ရန်ကုန်မြို့မှာ Without ကားတွေ အများကြီး ရှိပါတယ်။ ဆရာတို့ အခုလုပ်နေတဲ့ စနစ်တွေ ဖြစ်လာမယ်ဆိုရင် အဲ့အချိန်ကျရင် လိုင်စင်ဝင်တာနဲ့ ကားရဲ့ရှေ့မှာ စတစ်ကာတစ်ခု တပ်မယ်။ အဲဒီစတစ်ကာကို မီးပွိုင့်ကနေ လှမ်းကြည့်ပြီး ဒီကားက Withoutလား၊ လိုင်စင်ကားလား ဆိုတာကို စစ်ဆေးမှာ ဖြစ်မယ်။ 

Voice : e-Police System ကို ဘယ်တော့လောက် စလုပ်ဖြစ်ဖို့ ရှိလဲ။ 

Dr.MA : ဆရာတို့ ဒီစနစ်ကို မလုပ်နိုင်ဘူးဆိုရင် ကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်ပေးဖို့ ရှိပါတယ်။ ဒါလည်း လုပ်ဖို့အစီအစဉ်ထဲမှာ ပါတယ်။ ဘယ်တော့စနိုင်မလဲ ဆိုတာတော့ လက်တွေ့မပြောနိုင်သေးဘူး။ Satellite System နဲ့ Control System ကတော့ အောက်တိုဘာလောက်မှာ လုပ်ဖို့ရှိတယ်။ အဲဒါပြီးရင်တော့ ဒါကိုလုပ်မှာပါ။ ဒီနှစ်ထဲမှာ ဖြစ်မှာပါ။ 

Voice : ရန်ကုန်မှာ ကားတွေများနေတယ် ဆိုတော့ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ပါ့မလား။

Dr.MA : ရန်ကုန်မြို့မှာက ကားကများတယ် ဆိုပေမယ့် မထိန်းသိမ်းနိုင်တဲ့ အခြေအနေ မဟုတ်သေးပါဘူး။ ဖြစ်နေတာက ကားတော်တော်များများက စည်းကမ်းလိုက်နာမှု တော်တော်အားနည်းတယ်။ လမ်းပြောင်းပြန်ကို အရှိန်ပြင်းပြင်းမောင်းတာ။ မကွေ့ရမယ့် နေရာမှာ ရအောင်ကွေ့တာ။ နောက်တစ်ခါ ပိုပြီးတော့ ဆိုးတာက မရပ်ရတဲ့ နေရာမှာ ရပ်တာ။ ဆရာတို့က Double Parking လောက်ဆို မပြောဘူး။ အခုဟာက Triple Parking လောက်ကို ဖြစ်လာပြီ။  စည်းကမ်းမဲ့တာ အရမ်းလွန်သွားပြီ။ ဒါတွေကို ဆရာတို့က စပြီးအရေးယူတော့မှာ ဖြစ်ပါတယ်။ ဒါကို ဆရာတို့က စီမံချက်တစ်ရပ် အနေနဲ့ စက်တင်ဘာ ၁ ရက်နေ့က စအရေးယူမှာ ဖြစ်ပါတယ်။ စည်းကမ်းမဲ့ကားတွေ အားလုံးကို အရေးယူမှာ ဖြစ်ပါတယ်။ 

Voice : ဆရာတို့ အနေနဲ့ရော အတိုး၊ အလျှော့ ပြုလုပ်ဖို့ ရှိပါသလား။

Dr.MA : ယာဉ်စီးခနဲ့ ပတ်သက်ပြီးတော့ အများပြည်သူတွေ တတ်နိုင်တဲ့ နှုန်းထားတစ်ရပ်ကိုပဲ သတ်မှတ်သွားမှာပါ။ ဒါလည်း ဆရာတို့ သတိထားရမယ့် အချက်ပေါ့နော်။

Voice : ဆရာ့အနေနဲ့ ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး ဘာများပြောချင်တာများ ရှိပါသလဲ။

Dr.MA : YRTA အနေနဲ့ ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်လို့ အခုဆိုရင် ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်မယ့် အစီအစဉ်တွေ အကုန်လုံးကို လုပ်နေပါတယ်။

Voice : နောက်ပြီးတော့ YBPC (ရန်ကုန်အများနှင့် သက်ဆိုင်သော ဘတ်စ်ကားကုမ္ပဏီ)မှာ ရှယ်ယာဝင်ဦးရေ ဘယ်လောက်အထိ ရှိပြီလဲ။

Dr.MA : Founder ကုမ္ပဏီကြီးက ခြောက်ခုရှိတယ်။ ပြည်သူလူထုကို ရောင်းချထားတာ ၁၁၄၀ ရှိပါတယ်။ မကြာခင်မှာပဲ ထပ်ပြီးရှယ်ယာတွေ ရောင်းချဖို့ ရှိပါတယ်။ သူတို့ကို ရောင်းချထားတာက ၂ ဒသမ ၄ ဘီလီယံ ရှိပါတယ်။ Founder ကုမ္ပဏီက ထည့်ထားတာ သုံးဘီလီယံ ရှိပါတယ်။ ဝ.၅ (သုည ဒသမ ၅) ဘီလီယံက အများပြည်သူက ထည့်ထားတာပါ။ နိုင်ငံတော်က ထည့်ထားတာက ၁၀ ဘီလီယံပေါ့နော်။ အခုတော့ ကျပ် ၁၅ ဒသမ ၄ ဘီလီယံနဲ့ လည်ပတ်လုပ်ကိုင်နေပါတယ်။ 

Voice : လက်ရှိ YBPCက ကားဘယ်နှစီးနဲ့ ပြေးနေလဲ။ 

Dr.MA : လက်ရှိက Brand New ကား ၆၅ စီးနဲ့ ပြေးနေပါတယ်။ ကားတွေ ထပ်ဝယ်ဖို့လည်း ရှိပါတယ်။ အစီးရေ အနည်းဆုံး ၂၀၀ လောက် ဖြစ်အောင် လုပ်နေပါတယ်။

Voice : နိုင်ငံတကာမှာလည်း အများပိုင် ဘတ်စ်ကားကုမ္ပဏီတွေက အရှုံးပေါ်နေကြတာ ဆိုတော့ ဆရာတို့ ကုမ္ပဏီရဲ့ အခြေအနေကရော။

Dr.MA : လက်ရှိကတော့ စီးတဲ့လူတွေတော့ များလာပြီပေါ့နော်။ ဒါပေမဲ့ အခုအထိတော့ ဆရာတို့ မမြတ်သေးပါဘူး။ ဆရာတို့ တဖြည်းဖြည်းနဲ့တော့ အခုဆို လူဦးရေ ၉၅-၁၀၀ လောက် စီးလာပြီ။ ဆရာတို့ မှန်းတာကတော့ ၁၅၀ လောက်ဆို မဆိုးပါဘူး။ အဲဒါဆိုရင်တော့ အမြတ်ရနိုင်မယ် ထင်ပါတယ်။ ပျမ်းမျှ ၁၅၀ နဲ့ အထက်ပေါ့နော်။ အဲဒီအဆင့်က သိပ်မဝေးတော့ပါဘူး။ နောက်ဆိုရင် လမ်းတစ်လမ်းကို အများပိုင်ကုမ္ပဏီကား တစ်စီးပဲ ရှိတော့မယ်ဆိုရင် အရှုံးမရှိလောက်တော့ပါဘူး။  

Voice : အခုလက်ရှိ အမြတ်လည်း မရသေးဘူး ဆိုတော့ ဘာတွေများ ဝန်ဆောင်မှု ထပ်ပေးဖို့ ရှိမလဲ။

Dr.MA : ဆရာတို့လမ်းကြောင်းမှာ ဘတ်စ်ကားလိုင်း ၂၀ လောက်ရှိတယ်။ ဆရာတို့ ပြည်သူတွေကို ပြောချင်တာက ဒီလိုကောင်းတဲ့ ဘတ်စ်ကားလိုင်းတွေ စီးလို့ရတယ်ဆိုတဲ့ သဘောကိုပါ။ ပထမနှစ်မှာ မြတ်ဖို့ ဆိုတာလည်း မရှိဘူး။ ဆရာတို့ လုပ်ငန်းလမ်းညွှန်မှာလည်း ရေးထားပြီးသား ပထမနှစ်မှာ မြတ်ဖို့မရှိဘူး ဆိုတာ။ လာမယ့်နှစ်ဆိုရင် မရှုံးတော့ဘူးလို့ မှန်းပါတယ်။ 

Voice : အခုလို အချိန်ပေးပြီး ဖြေကြားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ဟိန်းမြတ်စိုး