News

POST TYPE

AUTOMOBILE

စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့် သူတို့၏အမြင်များ
27-Nov-2017

စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့် သူတို့၏အမြင်များ

“အရင် တစ်နေကုန် ဆွဲလိုက်ရင် ကိုယ့်အတွက် ကျန်ပေမယ့် အခုဆို ညဘက်တွေပါ ထွက်ရှာနေရတယ်”
ဦးဇင်ကို (အငှားယာဉ်မောင်း)

စက်သုံးဆီဈေးတွေ တက်နေတဲ့အတွက် ကျွန်တော်တို့အတွက် အရင်ကလို တွက်ချေမကိုက်တော့ဘူး။ အရင်က (ဆီ) နှစ်သောင်းဖိုး ထည့်ရင် လေးလုံးရတယ်။ အခုဆို သုံးလုံးပဲ ရတော့တယ်။ လက်ရှိမှာ ဆီဈေးက (အောက်တိန်း ၉၂) ၇၉၀ ဈေးပေါက်ပါတယ်။ ဈေးတက်နေတာကတော့ နှစ်လလောက် ရှိပြီ။ တစ်ခါတက်ရင် တစ်ဆယ်၊ နှစ်ဆယ်လောက် တက်ရင်းနဲ့ ၇၉၀ နားကပ်လာတော့ တက္ကစီဆွဲရတာ အဆင်မပြေတော့ဘူး။ အရင်တစ်နေကုန် ဆွဲလိုက်ရင် ကိုယ့်အတွက် ကျန်ပေမယ့် အခုဆို ညဘက်တွေပါ ထွက်ရှာနေရတယ်။ လက်ရှိ ဈေးထပ်တက်လာရင်တော့ တက္ကစီသမားတွေအတွက် မကိုက်တော့ပါဘူး။ အခုက အရင် ၁၅၀ဝ လောက်နဲ့ ရတဲ့ခရီးကို ဆီ ဈေးတက်နေပေမယ့် ၁၅၀ဝ နဲ့ လိုက်နိုင်သေးတယ်။ အခုထက်ပိုပြီး တက်လာရင်တော့ ခရီးသည်တွေဆီက တက်တောင်းရတော့မှာပေါ့။ နောက်အရင်လို ပတ်မောင်းပြီး လူရှာတာမျိုးတွေ မလုပ်ဘဲ ခရီးသည်မရှိရင် ရပ်ထားတာမျိုး လုပ်ရမယ်။ လက်ရှိမှာ ကျွန်တော်က Uber မှာ Member ဝင်ထားတဲ့အတွက် ပုံမှန်ရက်တွေမှာ ကိုက်တယ်လို့ ပြောလို့ရပေမယ့် ပရိုမိုးရှင်းပေးတဲ့ နေ့တွေဆို မကိုက်ဘူး။ ကုမ္ပဏီဘက်ကလည်း ဖြတ်သေး ဆီဈေးကလည်း တက်သေးနဲ့ဆိုတော့ ကျွန်တော်တို့ တက္ကစီသမားတွေအတွက် အတော်လေး ခက်ခဲပါတယ်။

“အခု ကားမောင်းရတာက ဆီဆိုင်နဲ့ တစ်ယောက် တစ်ဝက်စီ စားနေရသလို ဖြစ်နေတယ်”
ဦးတင်ငွေ (အငှားယာဉ်မောင်း) 

ဦးတို့ တက္ကစီမောင်းလာတဲ့ သက်တမ်းတစ်လျှောက် စက်သုံးဆီဈေးက နိုင်ငံခြားက တက်ရင်သာ တောက်လျှောက် တက်လာတာ ကျရင်တော်တော်နဲ့ ပြန်မချပေးဘူး။ တောက်လျှောက် တက်နေတာ ငါးဆယ် တက်လိုက်၊ နှစ်ဆယ် တက်လိုက်၊ တစ်ဆယ် တက်လိုက်နဲ့ တက်လာလိုက်တာ ဒီနေ့ဆို ၇၈၀ ဖြစ်နေပြီ။ အရင်က ၆၈၀ လောက်ကနေ အခုနှစ်ပိုင်းအတွင်း တက်တာတာ တစ်နှစ်လောက်ရှိပြီ။ အခုက ၈၀ဝ ဖြစ်တော့မယ်။ အခု ကားမောင်းရတာက ဆီဆိုင်နဲ့ တစ်ယောက်တစ်ဝက်ဆီ စားနေရသလိုဖြစ်နေတယ်။ ဆီကုန်တယ် ဆီဆိုင်က ဆီထည့်ရတယ်။ ဈေးဘယ်လောက် တက်တက် ဆီမရှိဘဲနဲ့ မောင်းလို့ မရဘူးလေ။ အဲဒီတော့ ဆီကုန်တယ်။ အရင်က ငါးထောင်ဖိုး ထည့်လိုက်ရင် တစ်မှတ်ရတယ် အခုမရဘူး။ အရင် ငါးထောင်ဖိုးရတဲ့ အမှတ်ကို အခု ခုနစ်ထောင်ဖိုးလောက်မှ မီတော့တယ်။ သူတို့ပိုက် အနေအထားတွေက ဘယ်လိုလဲတော့ မသိဘူး။ သက်ဆိုင်ရာက ဆီဆိုင်တွေကို စစ်မယ်ဆိုရင်လဲ ကြိုတင် အကြောင်းကြားထားနေစရာ မလိုဘူး။ အခုက စစ်ဆေးရေးရှိတယ် ဆိုတဲ့နေ့တွေဆို အပြည့်ရတယ်။ ကျန်တဲ့ရက်တွေဆို မရဘူး။ ဆီဆိုင်တွေ အကုန်လုံး နည်းနည်း ယူထားတာနဲ့ များများ ယူထားတာပဲ ကွာတယ်။ အဲလိုမျိုးတွေကို တာဝန်ရှိသူတွေအနေနဲ့ စစ်ဆေးသင့်ပါတယ်။ နောက်ဆီဈေးက အရင်ကလည်း တက်ရင်သာ ချက်ချင်းတက်တာ ကျရင် တစ်ပတ် နှစ်ပတ်လောက်နေမှ ကျတာချည်းပဲ။ ဒါကတော့ မပြောင်းလဲဘူး။

“နိုင်ငံတကာဈေး ပြန်ကျပေမယ့် ဒီကဆိုင်တွေမှာက ပြန်ကျတာ အတော်လေးနှေးတယ်”
ကိုရဲ (အငှားယာဉ်မောင်း) 

ဆီဈေးကတော့ တော်တော်လေးကို တက်နေတယ်။ ၆၆၅ လောက်ကနေစပြီး တက်လာလိုက်တာ အခုဆို ၇၈၀ လောက် ဖြစ်သွားပြီ။ အခုလို တက်နေတာက တစ်လလောက်ရှိပြီ။ ဆီဈေးက ဘယ်လိုလဲဆိုတော့ တက်တဲ့နေရာမှာ တော်တော်လေး မြန်တယ်။ နိုင်ငံတကာဈေး ပြန်ကျပေမယ့် ဒီကဆိုင်တွေမှာက ပြန်ကျတာဆို အတော်လေး နှေးတယ်။ အတက်ကတော့ နိုင်ငံတကာမှာ တက်ပြီဆိုတာနဲ့ တစ်ခါတည်းကို လိုက်တက်တော့တာပဲ။ အခုက ဆီဈေးက တက်ရုံမဟုတ်ဘူး။ ကားလမ်းတွေကလည်း ပိတ်သေးတယ်။ အဲအတွက် ဆီက ပိုကုန်တယ်။ ဆီကတော့ ဒီခရီး ဒီလောက် ကုန်တယ်ဆိုတာ သိပေမယ့် ဆီဈေးတက်တော့ ကိုယ့်အတွက် မကျန်တော့ဘူး။ အခုဆီဈေး တက်နေတယ် ဆိုပေမယ့် ကိုယ်ပိုင်ကားဖြစ်တဲ့အတွက် အရမ်းမထိပေမယ့် အုံနာကြေး ပြန်ပေးရတဲ့ ကားတွေဆို ညည်းကြတယ်။ ဆီဈေးကျ တက်နေပေမယ့် ဝယ်သုံးရမှာပဲ။ မဝယ်သုံးလို့မှ မရတာ။ ဒါပေမဲ့ ခရီးသည်တွေဆီကျ ၁၅၀ဝ ကျတဲ့ခရီးကို ၂၀ဝ၀ တိုး တောင်းလို့မရဘူး။ ဝင်ငွေ နည်းသွားတာပေါ့။ ဒါပေမဲ့ ကြိတ်မှိတ်ပြီးတော့ မောင်းရတာပဲ။ အခုတော့ ကားမောင်းရတာ မကိုက်ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတော့ ဆီ ဈေးက တစ်လီတာကို ၅၀ဝ အထိ ကျခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းကတော့ တော်တော်လေး အဆင်ပြေကျပါတယ်။ ခရီးသည်ရော ကိုယ့်အတွက်ရော။ အခုကျ ကားမောင်းရတာ လုံးဝ မမျှတဘူး။ ကိုယ့်ထဲငွေကို ဖဲ့ပေးနေရသလိုပဲ။ တစ်နေ့ ငါးရာပဲ စိုက်ရတယ် ထားဦး တစ်လ တစ်သောင်းခွဲ ထိနေပြီ။ ဒါတွေက တက္ကစီသမားတွေပဲ ထိတာ။ အခုတော့ ခရီးသည်တွေကလည်း တက္ကစီ စီးတာ ပါးသွားတယ်။ လိုင်းကားပဲ စီးလာတော့တာ။ မဖြစ်မနေ သွားရမယ့်နေရာတွေမှပဲ စီးကျတော့တာ။

ခိုင်ချယ်ရီထွန်း

  • VIA