News

POST TYPE

AUTOMOBILE

ယာဉ်စည်းကမ်းနှင့် ယာဉ်မတော်တဆမှု
21-Nov-2017

ယာဉ်စည်းကမ်းနှင့် ယာဉ်မတော်တဆမှု

“ကျွန်တော်တို့ ကုမ္ပဏီက ယာဉ်မောင်းတွေကို နှစ်ပတ်တစ်ကြိမ် မွမ်းမံသင်တန်းပေးတယ်”
ဦးမောင်မောင်လွင် (ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (YUPT)၊ အမှုဆောင်အရာရှိချုပ်)

ယာဉ်မတော်တဆမှုတွေ ဖြစ်တယ်ဆိုတာ အဓိက ယာဉ်မောင်းနဲ့ ရာနှုန်းပြည့် သက်ဆိုင်တယ်။ ယာဉ်မတော်တဆမှုဖြစ်ပြီဆိုရင် ယာဉ်ချို့ယွင်းလို့ ဖြစ်တယ်လို့ အသံထွက်ကြတယ်။ အဲဒီလိုက မရှိဘူး မဟုတ်ဘူး။ ဖြစ်တတ်ပါတယ်။ နည်းတယ်ပေါ့။ ဒါပေမဲ့ ယာဉ်မောင်းရဲ့ စိတ်နေသဘောထား အပါအဝင် ကျွမ်းကျင်မှုနဲ့ဆိုင်တယ်။ ဒါကြောင့် ယာဉ်လိုင်းပေါင်း ၂၀ ကို တာဝန်ယူ ပြေးဆွဲနေတဲ့ ကျွန်တော်တို့ ကုမ္ပဏီက ယာဉ်မောင်းတွေကို နှစ်ပတ် တစ်ကြိမ် မွမ်းမံ သင်တန်းပေးတယ်။ တစ်သုတ်ကို ယာဉ်မောင်း ၇၅၀ လောက် တက်တယ်။ ယာဉ်မောင်းတွေရဲ့ ထားသင့်တဲ့ ပြောဆိုနေထိုင်မှုကအစ သင်တန်းပေးပါတယ်။ ယာဉ်မတော်တဆမှု ဖြစ်ပွားတာ လျော့ကျဖို့ဆိုရင် YBS ယာဉ်လိုင်းတွေကို ပြေးဆွဲနေတဲ့ ကုမ္ပဏီတွေ အများပိုင် ကုမ္ပဏီဖြစ်ပြီး ယာဉ်မောင်းတွေကို တန်းတူညီမျှတဲ့ လစာပေးနိုင်မယ် ဆိုရင်၊ စနစ် အပြည့်အဝ လိုက်နာနိုင်မယ်ဆိုရင် ယာဉ်မတော်တဆမှု ပပျောက်မယ်လို့ ထင်တယ်။ အခုလက်ရှိမှာ တစ်ဦးတည်းပိုင် ကုမ္ပဏီတွေကလည်း ရှိနေပါသေးတယ်။ အများပိုင်အပြီးက ဘယ်တော့ဆိုတာ တိုင်းအစိုးရက Plan တွေ ရှိပြီးသားဖြစ်မှာပါ။                                  

“အပြိုင်အဆိုင် မောင်းနေတာကလည်း ယာဉ်မောင်းတွေ၊ စပယ်ယာတွေ လက်ထဲမှာ ပိုက်ဆံ ရှိနေသေးလို့ပါ”
ကိုတရုတ်လေး (Power Eleven အများပိုင်ကုမ္ပဏီ၊ ဥက္ကဋ္ဌ) 

လက်ရှိမှာ ယာဉ်မတော်တဆ တိမ်းမှောက်မှုတွေဖြစ်နေတဲ့အပေါ် ကျွန်တော့်အမြင်အရ ပြောရမယ်ဆို ယာဉ်မောင်းတွေအနေနဲ့ တစ်စီးနဲ့တစ်စီး အပြိုင်အဆိုင် မောင်းနေတာတွေရယ်၊ ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းတာရယ်ကြောင့် ဖြစ်နေတယ်လို့မြင်ပါတယ်။ အခု လက်ရှိမှာက ယာဉ်တစ်စီးနဲ့တစ်စီး အပြိုင်အဆိုင် မောင်းတာတွေက ရှိနေသေးတယ်။ အဲလိုတွေ ပြိုင်မောင်းနေရတဲ့ အဓိက အကြောင်းကတော့ ယာဉ်လမ်းကြောင်း တစ်ခုတည်းအပေါ်မှာ မော်တော်ယာဉ်လိုင်း အပြိုင်တွေ ရှိနေတဲ့အတွက် ယာဉ်တစ်စီးနဲ့တစ်စီး အပြိုင်အဆိုင် မောင်းကြတယ်။ အဲလိုတွေ အပြိုင်အဆိုင် မောင်းနေတာကလည်း ယာဉ်မောင်းတွေ၊ စပယ်ယာတွေ လက်ထဲမှာ ပိုက်ဆံ ရှိနေသေးလို့ပါ။ ပိုက်ဆံသာ မကိုင်ရရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။ အခုက မှတ်တိုင်တိုင်းမှာ ယာဉ်တစ်စီးနဲ့တစ်စီး အချိန် မှတ်ပေးတာတွေက ရှိနေသေးတယ်။ အဲလိုတွေ ဖြစ်နေတဲ့အတွက် ယာဉ်စည်းကမ်းကို မလိုက်နာကြတော့ဘူး။ ဒါကြောင့် ယာဉ်လိုင်း အားလုံး ပူးပေါင်းကြဖို့ လိုပါတယ်။ နောက်တစ်ချက်က ယာဉ်ကြံ့ခိုင်မှုအပိုင်းပါ။ ကျွန်တော်တို့နိုင်ငံမှာ တခြားနိုင်ငံတွေမှာလို ယာဉ်ကြံ့ခိုင်မှုတွေကို စနစ်တကျ စစ်ဆေးပေးတဲ့ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းပေးမယ့် မက္ကင်းနစ်တွေ ကားအကြီးတွေရဲ့ စက်ချို့ယွင်းမှုတွေကို ပြုပြင်ပေးမယ့် အလုပ်ရုံ ကောင်းကောင်း မရှိတာတွေရယ် အဲလိုတွေ ပြုပြင်ဖို့အတွက် မြေနေရာ ကောင်းကောင်း မရှိတာတွေ။ အဲဒါတွေက လိုတယ်။ အခုက အမှန်တိုင်းပြောရရင် တစ်နေ့ကို တစ်ခေါက် စစ်ဆေးတယ် ဆိုတာတောင် မလုပ်ဖြစ်တာ များတယ်။ စက်ချို့ယွင်းမှပဲ ပြင်ကြတာ များတယ်။ ယာဉ်တွေက တစ်နေ့ ကို ၁၅ နာရီလောက် ပြေးဆွဲနေရတာဆိုတော့ စက်ချို့ယွင်းတာကတော့ ရှိမှာပဲ။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှု အားနည်းနေတာတွေ မြေနေရာ ကောင်းကောင်းတွေရှိဖို့ အစိုးရအနေနဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ပေးစေချင်ပါတယ်။ 

“ယာဉ်ထိန်းရဲတွေကလည်း နေရာတိုင်းမှာ မရှိတဲ့အတွက် ယာဉ်တွေက စည်းကမ်းပျက် မောင်းတာတွေ ပိုများတယ်”
မအေးမွန်ငြိမ်း (ခရီးသည်)

ယာဉ်မတော်တဆမှုတွေ ဖြစ်နေတာက ယာဉ်မောင်းတွေကြောင့်လည်း ပါသလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာတာတွေကြောင့်လည်း ပါတယ်။ အထူးသဖြင့် ခရီးသည်တင်တဲ့ တက္ကစီတို့၊ YBS တို့ဆို ပိုဆိုးတယ်။ ဘာလို့လဲဆိုတော့ သူတို့က ခရီးသည် ရှာရတဲ့အခါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို မလိုက်နာကြတော့ဘူး။ အပြိုင်အဆိုင်တွေ မောင်းကြတာ များတယ်။ ယာဉ်ထိန်းရဲတွေကလည်း နေရာတိုင်းမှာ မရှိတဲ့အတွက် ယာဉ်တွေက စည်းကမ်းပျက် မောင်းတာတွေ ပိုများတယ်။ အဲလိုတွေကြောင့် ယာဉ်မတော်တဆ ဖြစ်တာတွေ ပိုများတယ်။ အဓိကကတော့ ယာဉ်မတော်တဆဖြစ်မှုတွေ လျော့စေချင်ရင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာအောင် အရင် လုပ်ရမယ်။ ဒါပေမဲ့ ယာဉ်မောင်း အများစုကတော့ ယာဉ်ထိန်းရဲဖမ်းတဲ့နေရာတွေမှာပဲ စည်းကမ်းအတိုင်း မောင်းကြပြီး ယာဉ်ထိန်းရဲ မရှိတဲ့နေရာ တွေမှာဆို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို မလိုက်နာကြတော့တာ များတယ်။ ဒါကြောင့် ယာဉ်မတော်ဆမှုတွေ လျော့စေချင်ရင် မီးပွိုင့်တွေမှာ စီစီတီဗီတွေ နေရာအနှံ့ တပ်ဆင်ပြီး ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။

ခိုင်ချယ်ရီထွန်း

  • VIA