News

POST TYPE

AUTOMOBILE

Auto Care Car Service Center အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော်နှင့် MJL & AKT Petroleum ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးပြည့်စုံတို့နှင့် တွေ့ဆုံခြင်း
20-Nov-2017

ကားဝန်ဆောင်မှု ပေးနေသည့် စင်တာများ၏အနာဂတ်၊ ကားဝန်ဆောင်မှုစင်တာ ဖွင့်ပြီးသူနှင့် မဖွင့်ရသေးသူတို့ ဂရုစိုက်ရမည့် အကြီးမားဆုံး အမှားများနှင့် တိုးတက်လာသည့် ကားပြုပြင်ရေး နည်းပညာများအကြောင်း၊ အင်ဂျင်ဝိုင် အပါအဝင် စက်သုံးဆီ၊ ချောဆီများ သုံးမည်ဆိုပါက ဂရုစိုက်သင့်၊ ရွေးချယ်သုံးသင့်သည့် အကြောင်းအရာများနှင့်ပတ်သက်၍ The Voice က တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice : အရင်ဆုံး အစ်ကိုတို့ လုပ်ငန်းလေးတွေ အကြောင်းနဲ့ စပြီး မိတ်ဆက်ပေးပါဦး။
UWZ : ကျွန်တော်တို့ကတော့ ၂၀၁၁ ကနေစပြီးတော့ အမေရိကန်ကားနဲ့ ယူရိုပီယံကားတွေကို အဓိက ဆားဗစ်ပေးတဲ့ စင်တာတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆားဗစ်စင်တာရဲ့ အဓိက ဝန်ဆောင်မှုပိုင်းကတော့ အင်ဂျင်ပိုင်း၊ Suspension ပိုင်း၊ Wiring Control ပိုင်း၊ Preventive Maintenance ၊ Schedule Maintenance စတဲ့ကားနဲ့ ပတ်သက်တဲ့ Maintenance ပိုင်းကို တော်တော်များများ လုပ်တယ်။ ဆေးဘော်ဒီ ပိုင်းကလွဲလို့ တော်တော်များများကို လုပ်ပါတယ်။ ဒီမှာတော့ အမေရိကန်ကားနဲ့ ယူရိုပီယံကားတွေ များတဲ့အတွက် လိုအပ်တဲ့ နည်းပညာတွေနဲ့ ဝန်ဆောင်မှု ပေးနေပါတယ်။

UPS : ကျွန်တော်တို့ကတော့ Mobil Distributor ပေါ့။ သူနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို တစ်နိုင်ငံလုံးကို ဖြန့်ချိရောင်းချပါတယ်။ ကားလေးတွေအတွက်ရော၊ ကားကြီးတွေအတွက်ရော၊ နောက်ပြီး စက်ရုံ အလုပ်ရုံတွေအတွက်ရော အစုံရှိပါတယ်။ ကျွန်တော်တို့ရဲ့ Customer တွေကတော့ ကိုဝင်းဇော်တို့လို ဝပ်ရှော့တွေ တော်တော်များများရော၊ အင်ဂျင်ဝိုင် အရောင်းဆိုင်တွေအပြင် ပြီးတော့ ကားကြီး သုံးတဲ့သူတွေ၊ စက်ရုံ အကြီးကြီးတွေရော အကုန်လုံး ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ကျွန်တော်တို့ တရားဝင် စသွင်းဖြစ်တာကတော့ ဒီကုမ္ပဏီ အနေနဲ့တော့ ၂၀၁၃ ကပါ။ ဒီမတိုင်ခင်ကတော့ ဒီလိုပဲ သွင်းပါတယ်။ Mobil ကို မြန်မာပြည်မှာ ဘယ်ကုမ္ပဏီကိုမှ တရားဝင် ပေးမသွင်းဘူးဆိုတဲ့ အချိန်ကတည်းက စသွင်းဖြစ်ခဲ့တာပါ။ နောက်ပြီးတော့မှ Exxon Mobil ကနေ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ်နဲ့ သတ်မှတ်ပေးတဲ့အတွက် ပစ္စည်းစုံ ယူပြီး တစ်နိုင်ငံလုံးကို ဖြန့်ချိရောင်းချတာပါ။

Voice : အခုနောက်ပိုင်းက စက်သုံးဆီ၊ အင်ဂျင်ဝိုင် ဈေးကွက်ကလည်း ကြီးလာတယ်။ ဒါကြောင့် ကုမ္ပဏီတွေလည်း များလာတာနဲ့ ပတ်သက်ပြီး ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲ။ ဈေးကွက်က ဘယ်ဘက်ကို ပြောင်းလဲနေလဲ။
UPS : အခက်အခဲက ရှိတာပေါ့နော်။ အရင်တုန်းကဆို ဝပ်ရှော့ဆိုလည်း နည်းတယ်။ နာမည်ကြီး ဝပ်ရှော့ဆိုလို့ တစ်ခု၊ နှစ်ခုပဲ ရှိတာလေ။ ပြီးတော့ ရန်ကုန်မြို့မှာဆိုလည်း ကားက အဲလောက် အများကြီး ရှိတာမဟုတ်ဘူး။ အခုဆို ကားတွေကလည်း အများကြီး၊ ဝပ်ရှော့တွေကလည်း များလာတယ်။ ပြီးတော့ ဆိုင်ကယ်နဲ့ ကားအတွက် တင်သွင်းထားတဲ့ အင်ဂျင်ဝိုင် Brand ဆိုရင် ကျွန်တော် သိသလောက် အခုခြောက်ရာလောက် ရှိတယ်။

UWZ : သူပြောချင်တာက အင်ဂျင်ဝိုင်ကလည်း များလာတယ်။ အရင်ကထက် Demand ကလည်း များလာတယ်။ Demand များလို့ သူတို့ဝေစုပိုရ သွားလားဆိုတော့ အဲဒီ(စက်သုံးဆီ၊ ချောဆီ) ကုမ္ပဏီတွေကလည်း များလာတယ်ဆိုတော့ သူတို့ တော်တော်တော့ အပြိုင်အဆိုင် များမှာပေါ့နော်။
UPS : အခုဈေးကွက်က ဘယ်ဈေးကွက်နဲ့တူလဲ ဆိုတော့ ၁၉၉၀ လောက်ကခေတ်နဲ့ တူတာပေါ့နော်။ အဲတုန်းက Trading ကုမ္ပဏီတွေ အစိုးရက ခွင့်ပြုတော့ အများကြီး လုပ်ကြတယ်လေ။ Trading ကုမ္ပဏီတွေဆိုတော့ ကိုဝင်းဇော်များ မှတ်မိမလား မသိဘူး။ ၉၀ လောက်တုန်းက Export ကုမ္ပဏီက လူတိုင်း အလုပ်ဖြစ်တယ်။ လူတိုင်းလည်း ကုမ္ပဏီ ထောင်ကြတယ်။

UWZ : ၁၉၉၀ ခေတ်တုန်းက စစ်အစိုးရတက်ခါစ ဈေးကွက်စီးပွားရေးဆိုပြီး ပြောင်းလိုက်တဲ့အခါမှာ တော်တော်များများ ကုမ္ပဏီတွေထောင်ကြတာပေါ့။ နထစသမအ ကုမ္ပဏီတွေ တော်တော်ထောင်ကြတယ်။
UPS : အစကတော့ အလုပ်ဖြစ်တာပေါ့။ နောက်ပိုင်းကျတော့ အပြိုင်အဆိုင်တွေ များလာပြီး (Export) ကုမ္ပဏီ သုံးထောင်ကျော်ထိ ဖြစ်သွားတယ်။ အဲဒီတုန်းက ဂျပန် အလုပ် လုပ်နေတဲ့ကုမ္ပဏီက ၁၀ဝ လောက်ရှိတယ်။ အခုဆို ငါးခုအောက်ပဲ ရှိတော့တယ်။ ဘာကို ဆိုလိုချင်တာလဲဆိုတော့ အပြိုင်အဆိုင်တွေ များလာတဲ့အခါကျတော့ အားလုံးထဲမှာ အလုပ်နိုင်ဆုံးသူပဲ ကျန်ခဲ့တာပေါ့နော်။ အခုလည်း ကျွန်တော်တို့ ယူဆတာက စက်သုံးဆီ၊ ချောဆီ တင်သွင်းရောင်းချတဲ့ ကုမ္ပဏီ ခြောက်ရာကျော် ရှိတယ်။ ပိုများလေ၊ ပိုကောင်းလေပဲ။ စည်စည်ကားကား ရှိတာပေါ့နော်။ ပြီးကျရင် အကုန်လုံး ပြန်ပြီးတော့ ထွက်တဲ့လူလည်း ထွက်၊ ပြောင်းတဲ့သူလည်း ပြောင်းပေါ့။ နောက်ဆုံးတော့ တကယ် လုပ်နိုင်တဲ့သူပဲ ကျန်ခဲ့မှာပေါ့။

Voice : ကိုဝင်းဇော်တို့အနေနဲ့ စက်သုံးဆီ၊ အင်ဂျင်ဝိုင်တွေ များလာတော့ ဆားဗစ် ပေးရတဲ့သူတွေကို ညွှန်းရတဲ့အခါတွေမှာ ဝေဝါးတာတွေ၊ ခက်ခဲတာတွေ ကြုံရလား။
UWZ : ကျွန်တော့်အနေနဲ့တော့ သိပ်ပြီး ခက်ခက်ခဲခဲ မရှိပါဘူး။ ကျွန်တော်တို့ ဆားဗစ်စင်တာက ကားတွေကို According to Service Manual ပေါ့။ ကားတိုင်းမှာ Service Manual ရှိတယ်။ Data တွေရှိတယ်။ ဘယ်ကား၊ ဘယ်အင်ဂျင်ဆိုရင် ဘယ်ဂရိတ် ဘယ် Oil ကို သုံးရတယ်။ ဘယ်လောက်လီတာလဲ ဆိုတာမျိုးရှိတယ်။ ကျွန်တော်တို့ ဆားဗစ်ပြန်ပေးတဲ့အခါကျတော့ ဒါကိုကိုင်ပြီးတော့မှ ဒီအင်ဂျင်ကတော့ ဘယ်လောက်လီတာ ရှိတယ်။ အင်ဂျင်ဝိုင်ကို ကာစတန်မာက ရွေးခိုင်းတဲ့အခါကျတော့ ကျွန်တော်တို့ဆို Mobil 1 ဆို သုံးလာတာလည်း ကြာလာတဲ့အတွက်ကြောင့် လွယ်လွယ်တော့ Recommend ပေးရဲတယ်။ ကိုယ်က Quality ကို သိနေလို့ပေါ့။ Quality ကို မသိတဲ့အခါကျရင်တော့ ညွှန်းရတာ အခက်အခဲတော့ ရှိတာပေါ့။ အဲအခါကျရင် Brand Image နဲ့ လိုက်ပြီးတော့ ဒီဟာကတော့ Brand Image ဘယ်လောက် ရှိတယ်။ ဒါတွေကတော့ ဈေးဘယ်လောက် ရှိတယ်။ ဒါပေမဲ့ ဒါတွေ အကုန်လုံးကတော့ သုံးလို့ရပါတယ်ဆိုပြီးတော့ ညွှန်းရတာပေါ့။ သိပ် အခက်အခဲ ကြီးကြီးမားမားတော့ သိပ်မရှိဘူး။ ဒါပေမဲ့ တစ်ခါတလေတော့ တချို့ စင်တာတွေမှာတော့ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကာစတန်မာဘက်က အခက်အခဲ ဖြစ်သွားနိုင်တယ်။ ဥပမာ- Oil ကို သေချာမရွေးပေးလိုက်တာတို့၊ Factory Recommend ကို ဂရုမစိုက်တာတို့၊ High Mileage ထည့်သင့်တဲ့ Oil မထည့်တာတို့ ရှိနိုင်ပါတယ်။ အဲဒီ ကျတော့ ကာစတန်မာဘက်က တစ်ချိန်မှာ ဆုံးရှုံးမှုတွေ ဖြစ်နိုင်တာပေါ့။ အဲဒါတွေကိုတော့ ဆားဗစ်စင်တာတွေအနေနဲ့ သတိထားဖို့ လိုတာပေါ့။

Voice : အစ်ကိုတို့ European ကားတွေ လုပ်နေတာဆိုပေမယ့် ဒီမှာက ဂျပန်ကားတွေ များတာဆိုတော့လေ။ ဂျပန်ကားတွေဆိုရင် ဘယ်လို စက်သုံးဆီများကို သုံးရင်ကိုက်မလဲ။
UWZ : ကျွန်တော်တို့ဆီကို ဂျပန်ကားတွေ လာပါတယ်။ Toyota တို့ Lexus တို့ပေါ့။ ဒီမှာက အများစုကတော့ Mobil 1 ကို သုံးကြတာပါ။ ဒါပေမဲ့ တချို့ ကာစတန်မာတွေ သုံးဖူးနေကျ Oilတွေရှိတယ်။ Havoline၊ Fuchs သူတို့ သုံးချင်တယ်။ နောက်ပြီးတော့ Ptt သုံးတဲ့သူတွေ ရှိတယ်။ ဒါပေမဲ့ ဒါတွေကလည်း Recommend လုပ်ပြီးသား Oil တွေပါပဲ။ သူ့ဟာနဲ့သူ Quality ရှိပြီးသား Brand တွေပါပဲ။ သူတို့ သုံးချင်တဲ့ Oil လည်း ထည့်ပေးပါတယ်။ ကျွန်တော့်ကို Oil တစ်ခုရွေးပြီး ထည့်ပေးပါဆိုရင်တော့ Mobil 1 ကိုပဲ ရွေးပြီးထည့်ပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က Quality ကို သိနေတဲ့အခါကျတော့ Mobil 1 ကို Recommend ပေးလိုက်တာ များပါတယ်။

Voice : ကိုပြည့်စုံတို့ Mobil Brand ထဲမှာဆိုရင်ရော ဂျပန်ကားတွေအတွက် ဘယ်အမျိုးအစားနဲ့ ကိုက်ညီမလဲ။
UPS : အစုံပေါ့နော်။ ဥပမာကတော့ Mobil 1 ဆိုတာကတော့ အားလုံးထဲမှာ အမြင့်ဆုံး ဂရိတ်ပေါ့။ ပြီးသွားရင် အလယ်မှာလည်း Mobil Super၊ အဲအောက်မှာလည်း အမျိုးမျိုး ရှိသေးတယ်။ များသောအားဖြင့်တော့ ဂျပန်ကားတွေကတော့ Pacific Approval တွေက နည်းတယ်။ များသောအားဖြင့် Mobil ကိုတော့ ၂၀ဝ၀ ခုနှစ် မတိုင်ခင် ဂျပန်ကားတွေက ဂျပန်ကားတွေ အများစုက ၃၀ စီကို အများဆုံး သုံးကြတယ်။ ပုံမှန် ၂၀၁၁ ကျော်တဲ့ကားတွေ နည်းနည်း Mileage များတဲ့ကားတွေကတော့ ၄၀ စီသုံးတယ်။ နောက်ပိုင်းထွက်တဲ့ Brand New တွေကတော့ ၂၀ စီတွေ သုံးတာများတယ်။ အများစုကတော့ ၅း ၃၀ တွေ သုံးတာများတယ်။
UWZ : တချို့ကျတော့ ဈေးသက်သာတာကို ကြည့်ပြီး သုံးကျတယ်။ ကျွန်တော်တို့ကတော့ ဈေး သက်သာတာထက် အရည်အသွေး ကောင်းတာကိုပဲ တင်ထားတယ်။ Auto Careမှာတော့ Quality စိတ်ချရတဲ့ အင်ဂျင်ဝိုင် အမျိုးအစား ခြောက်မျိုးလောက် တင်ထားပါတယ်။

Voice : Mobil အနေနဲ့ Auto Care အပြင် ချိတ်ဆက်ထားတဲ့ စင်တာတွေ ဘယ်လောက်လောက်ရှိလဲ။
UPS : Mobil Shop ဆို လေးရာလောက် ရှိမယ်။ တစ်နိုင်ငံလုံးကို ဖြန့်နေတာလေ။ ကျွန်တော်တို့ Brand သီးသန့်ရောင်းတဲ့ ဆိုင်တွေလည်း ရှိတယ်။

Voice : အခု ကားမူဝါဒတွေကလည်း ပြောင်းနေတာဆိုတော့ ဝပ်ရှော့တွေ၊ ဆားဗစ်စင်တာတွေ ရေရှည် ရပ်တည်ဖို့ ဘယ်လို ပြောင်းလဲသင့်တယ်လို့ ကိုဝင်းဇော်အနေနဲ့မြင်လဲ။
UWZ : ပြောင်းလဲသင့်တာကတော့ အဓိက ကတော့ နည်းပညာနဲ့ပတ်သက်ပြီး Up to Date  ဖြစ်ဖို့လိုတယ်။ နောက်ပြီး ဝပ်ရှော့တွေမှာ အဓိက လိုအပ်တာက Service Manual ရှိသင့်တယ်။ ဒီက ဝပ်ရှော့တွေက ကားတွေပြင်တဲ့အခါမှာ Manual အသုံးချမှု နည်းနည်းလိုသေးတယ်။ လိုအပ်တဲ့ Manual တွေ ဝယ်သင့်တယ်။ လိုအပ်တဲ့ Special Service Tools  တွေလည်း ရှိဖို့လိုအပ်ပါတယ်။ နောက်တစ်ခုက စက်ကိရိယာတွေပေါ့။ Scan Tool တွေ သုံးတတ်ဖို့၊ ပိုလေ့လာဖို့ ကိုယ်က မိရိုးဖလာ လုပ်နေတယ်။ လုပ်နေတုန်း ခေတ်က ပြောင်းသွားပြီ။ မိရိုးဖလာ လုပ်တဲ့သူဆီ ကားဝင်လာတယ်ဆို စက်မရှိတဲ့အခါကျတော့ အခက်အခဲတွေ ကြုံလာရလိမ့်မယ်။ ကာစတန်မာ တော်တော်များများကလည်း ဝပ်ရှော့ အကြီးကြီးတွေလောက်ပဲ သွားချင်တဲ့သူ များတာပေါ့။ အဓိက စမတ်ကျကျပြင်ရမယ်။ သန့်ရှင်းမှုအပိုင်းပေါ့။ အဲဒါကိုလည်း ကျွန်တော် ပြောချင်တယ်။ ကာစတန်မာ တော်တော်များများက သူတို့ကားကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြင်ထားတာကိုပဲ ကြိုက်တယ်။ ဆီချေးပေပြီး ကားကို ညစ်ညစ်ပတ်ပတ် ကိုင်တွယ်တာတွေကို မကြိုက်ဘူး။ အဲတော့ လူတွေက ပြောင်းလဲလာတာပေါ့။ အဲတော့ ကိုယ့်ဘက်ကလည်း ကားကိုင်တဲ့အခါ Mechanic တွေဘက်က တကယ့်ကို စမတ်ကျကျ၊ သန့်သန့်ရှင်းရှင်း ကားကိုပြင်တဲ့အခါမှာ သတိထားဖို့ လိုမယ်။ အဲဒါအပြင် Technology ပိုင်းကို အများကြီး လေ့လာထားဖို့ လိုမယ်။ ဒါမှလည်း ကားပေါင်းစုံကို ချောချောမွေ့မွေ့နဲ့ ကောင်းကောင်းမွန်မွန် ပြင်ဆင်နိုင်မှာပေါ့နော်။ လိုအပ်ချက်ကတော့ ရှိမှာပေါ့နော်။ အခုတော့ သင်တန်းတွေလည်း အများကြီး ဖွင့်လာပါပြီ။ Scan Tool တွေ သုံးပုံသုံးနည်းတွေ ဒါတွေကတော့ လေ့လာရမှာ။ အဲဒါတွေ သိလာတဲ့အခါကျတော့ ကိုယ့်ရဲ့ ကာစတန်မာတွေကတော့ ပြန်ထိန်းထားနိုင်တာပေါ့။ လုပ်ငန်းကလည်း ရပ်စရာ မလိုတော့ဘူး။ ဒါတွေက မဖြစ်မနေလုပ်ရမှာပါ။

Voice : အစ်ကိုတို့ လုပ်ငန်းတွေကို ဘယ်လိုထပ်ပြီး တိုးချဲ့ဖို့ရှိမလဲ။
UPS : နိုင်ငံထဲမှာ Market ပိုရလာပြီး ပိုကြီးလာမယ်ဆိုရင်တော့ မြို့တွေကို ချဲ့ကြမှာပေါ့နော်။ အခု ကျွန်တော်တို့ Mobil က ရန်ကုန်၊ မန္တလေးနဲ့ မကွေးမြို့တို့မှာ ရုံးတွေ ဖွင့်ထားပါတယ်။ ကိုဝင်းဇော်တို့ စင်တာတွေ များလာရင် သူတို့ နောက်ထပ်လိုက်ရမှာပေါ့နော်။
UWZ : ကျွန်တော်တို့ Auto Care အနေနဲ့တော့ ပုံမှန်အားဖြင့် Loyal Customer တွေနဲ့ လုပ်နေတာ များပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း New Customer တွေလည်း ဝင်လာတယ်။ အဲတော့ဒီနေရာက ကျွန်တော်တို့အတွက် သိပ်တော့ မလုံလောက်ဘူး။ စဉ်းစားနေတာကတော့ ရန်ကုန်မှာ စင်တာကြီးအနေနဲ့ နောက်ထပ် နှစ်နေရာလောက် ဖွင့်ဖို့စိတ်ကူးနေတယ်။ အဲဒါကတော့ ကာစတန်မာ အသစ်တွေအတွက်ပေါ့။ ကာစတန်မာတွေ လာရတာ အခက်အခဲ မရှိအောင်ပေါ့။ ကျွန်တော်တို့မှာလည်း နည်းပညာ လိုအပ်ချက်တွေ ရှိကောင်း ရှိနိုင်ပါတယ်။ အဲဒါတွေကိုလည်း ဖြည့်ဆည်းမယ်။ ထရိန်နင်တွေရှိမယ်။ ဝန်ထမ်းတွေကိုလည်း Oversea လွှတ်တာရှိမယ်။ ထရိန်နင်ပေးတာရှိမယ်။ ကိုယ့်ဘက်က ပြင်ဆင်ပြီး သွားရင်တော့ စင်တာလေးတွေ ဖွင့်ဖို့ရှိပါတယ်။ အဓိက Main အကြီးနှစ်ခု ထပ်ဖွင့်ဖို့ရှိမယ်။ ပြီးကျရင် Future Plan အနေနဲ့ မြို့နယ်တိုင်းမှာ Quick Service Center လေးတွေ ဖွင့်သွားဖို့ရှိတယ်။ အဓိကအကြောင်းက ကားတွေက အရမ်းပိတ်တယ်။ အဲခါကျတော့ ကျွန်တော်တို့ရဲ့ ကာစတန်မာတွေက အင်းစိန်လောက်မှာ ရှိတဲ့သူတွေက ဒီကို (တာမွေ) လာဖို့ မဖြစ်နိုင်ဘူးလေ။ မေဂျာဆားဗစ်ဆိုရင်တော့ လာချင်လာမှာပေါ့။ မိုင်နာဆိုရင်တော့ ကြုံတဲ့ဆားဗစ်မှာ လုပ်လိုက်မှာပေါ့။ ကျွန်တော်တို့ဆီ ဘယ်လာတော့မလဲ။ သူတို့မလာနိုင်ရင် ကျွန်တော်တို့က သွားရမှာပေါ့။ ကျွန်တော်တို့ရဲ့ ကာစတန်မာက တခြား သွားလုပ်ရတဲ့အခါကျတော့ စိတ်ချရတာချင်းလည်း ကွာသွားမှာပေါ့။ အဲဒီအတွက် စဉ်းစားထားတာက Mini ဆားဗစ်လေးတွေ လုပ်ပြီး အဲဒါတွေကို အွန်လိုင်းကနေ ချိတ်ပြီးတော့ အက်ပလီကေးရှင်းတစ်ခုနဲ့ သူတို့နီးစပ်ရာကို ဝင်ကြည့်လို့ရအောင် လုပ်လို့ ရအောင်ပေါ့။ ကားကျပ်တဲ့ ပြဿနာကြောင့်ပေါ့နော်။ ဒါကတော့ လိုတော့ လိုသေးတယ်။
UPS : ဒါကတော့ လိုအပ်တဲ့အရာတွေပေါ့။ ကျွန်တော်တို့ ဆားဗစ်တစ်ခု ထပ်တိုးပြီး လုပ်ဖို့ရှိပါတယ်။ Mobil Expect Care ပေါ့။ Expect Care ဆိုတာက များသောအားဖြင့် အခု ကားမောင်းနေတဲ့သူတွေက ကိုယ့်ကားအကြောင်းတောင် ကိုယ်မသိဘူး။ ကိုယ့်ကားရဲ့ တာယာတောင်မှပဲ ဘယ်တော့ရမလဲဆိုတာ မသိဘူး။ ကျွန်တော် တစ်ခါကြုံဖူးတာဆိုရင် Oil က တစ်ခါလဲပြီးရင် နောက်တစ်ခါ လဲစရာလိုသေးလားလို့ မေးတဲ့လူတောင်ရှိတယ်။
UWZ : အခုကတော့ ကားပိုင်ရှင် တော်တော်များများကတော့ အင်ဂျင်ဝိုင်ကို လဲရမယ်ဆိုတာတော့ သိထားပြီ။ နောက်ပြီး ကျွန်တော်တို့ဆီမှာ ကားတစ်စီးလုံးကို စစ်ပေးတဲ့စနစ်ရှိတယ်။ လဲစရာလိုတဲ့ဟာတွေ ဘာတွေ ရှိတယ်ဆိုတာကို Recommend လုပ်ပေးတယ်။ အတင်းတော့ မတိုက်တွန်းဘူး။ အခုနောက်ပိုင်းဆို ခရီးမသွားခင် တော်တော်များများ စစ်တာဆေးတာတွေ လုပ်လာကြတယ်။

Voice : Mobil က နိုင်ငံတကာမှာဆို Factory Fill (စက်ရုံထုတ်ထဲက တစ်ခါတည်းသုံးပေးတဲ့ Oil)အနေနဲ့ Porsche တို့ Mercedes တို့ကအစ သုံးနေတာဆိုတော့ မြန်မာနိုင်ငံက ကားစက်ရုံတွေကရော သုံးဖို့ ကမ်းလှမ်းတာတွေ၊ အစ်ကိုတို့ကသုံးဖို့ ကမ်းလှမ်းထားတာတွေရှိလား။
UPS : တော်တော်များများ ကားကုမ္ပဏီတွေက အခုနောက်ပိုင်းမှာ သူ့ဆီသူ သွင်းလာတာ များတယ်။ သူ့ဟာသူ သွင်းလာတော့ သူများဆီကို Recommend မလုပ်ပေးပါဘူး။ ကျွန်တော်တို့ကတော့ ကြိုးစားနေပါတယ်။ နောက်ပိုင်း ဒီမှာထုတ်လာမယ့် ကုမ္ပဏီတွေမှာ ကျွန်တော်တို့ဟာကို သုံးဖို့။ နိုင်ငံတကာနဲ့ မတူတာက ဘာလဲဆိုတော့ ဒီမှာကျတော့ ထုတ်တဲ့ကုမ္ပဏီအနေနဲ့ မဟုတ်ဘူး။ Joint Venture အနေနဲ့ဆိုတော့ Management က သူတို့ ဆုံးဖြတ်တဲ့အပေါ်မှာ မူတည်တယ်။ နိုင်ငံတကာမှာကျတော့ များသောအားဖြင့် ကားကြီးတွေ Mercedes၊ AMG တို့မှာကျတော့ မဖြစ်မနေ Factory Fill အနေနဲ့ သတ်မှတ်ပေးလိုက်တာပေါ့။ ဒီမှာ ကားလာထုတ်တဲ့ ဂျပန်ကားကုမ္ပဏီတွေက ဟိုဘက်မှာ ဘယ် Oil နဲ့မှ ချိတ်ထားတာမရှိဘူး။ ပြီးကျရင် သူ့ဘာသူ သွင်းလာတာ များတယ်။ ဘာလို့လဲဆိုတော့ သူ့ Oil ကို သူတို့ ထုတ်ကျတယ်။ အဲအခါကျတော့ ကျွန်တော်တို့ Distributor လက်ထဲမှာမရှိဘူး။ ပင်မကုမ္ပဏီတွေနဲ့ ချိတ်ပြီး လုပ်တာများတယ်။
UWZ : ဆိုလိုချင်တာက Mobil က ဂျပန်ကားတွေသုံးဖို့ ထုတ်ပေးလိုက်တယ်။ အဲခါကျတော့ Distributor တွေအနေနဲ့ အဲဒီအခွင့်အရေး မရှိတော့ဘူး။

Voice : Oil တွေကလည်း များတယ်ဆိုတော့ ကာစတန်မာဘက်က အစ်ကိုတို့ညွှန်းတဲ့ ဆီအပြင်မှ ဒီဆီကိုမှ သုံးချင်ပါတယ်။ ဟိုဆီကို မသုံးချင်ဘူးဆိုတဲ့ Feedback တွေ ပြန်လာတာမျိုး ရှိလား။
UWZ : အဲလိုမျိုးတော့ ကျွန်တော်တို့ဆီမှာ အခက်အခဲ မရှိပါဘူး။ ကျွန်တော်တို့က Mobil 1 ထည့်ပေးလိုက်တယ်ဆိုလည်း သုံးကြတာပါပဲ။ Castrol ဆိုလည်း သုံးလိုက်ကြတာပါပဲ။ တစ်ခါဖြစ်ဖူးတာကတော့ ကားတစ်စီးပေါ့။ အဲဒီတုန်းက သူကတော့ Recommend ကို Castrol ကို ညွှန်းတာ၊ ကျွန်တော်တို့ဆီမှာက Castrol က ပြတ်သွားပြီ။ အဲခါကျတော့ Mobil 1 ထည့်လိုက်တာပေါ့။ အဲအခါကျတော့ သူက အဲဒါကို နည်းနည်းတော့ Complaint လုပ်တယ်။ သူက Castrol ပြထားတာ ဘာဖြစ်လို့ Mobil 1 ထည့်လဲဆိုပြီးတော့။ ပြန်ရှင်းပြရတာပေါ့။ အားလုံး သတ်မှတ်ချက် အတူတူပါပဲ ဆိုပြီးတော့ပေါ့။ ဒါမျိုးလေးတွေ တစ်ခါတလေတော့ ရှိတတ်တယ်။ ဒါကြောင့် တတ်နိုင်ရင်တော့ သူတို့ ညွှန်းထားတာကိုပဲ သုံးပေးလိုက်ပါတယ်။
UPS : ကျွန်တော့် Customer တစ်ယောက်ကတော့ ဘယ်ဆီ ထည့်ထည့်ရတယ်။ အဓိကကတော့ Bearing မဖမ်းရင် ပြီးရောလို့ ပြောတယ်။

Voice : Mobil စက်ဆီ တစ်ခါထည့်ပြီးရင် ဘယ်ကာလလောက်ထိ အသုံးခံမလဲ။
UPS : အဲဒါကတော့ အရမ်း ပြောရခက်တယ်။ ကားတစ်စီးကို ဘယ်လောက် မြန်မြန်မောင်းလို့ရသလဲလို့ မေးရမလိုဖြစ်နေတယ်။ ဘာလို့ဆိုတော့ ကားတစ်စီးက ကိုဝင်းဇော်တို့လည်း သိတယ်။ အမြန်လမ်းတက် သွားရင် တစ်နာရီ မိုင်ခြောက်ဆယ်(ကီလို ၁၀ဝ) Limit ပေါ့။ အဲလိုဆို မန္တလေးမောင်းရင် ကီလိုငါးရာလို့ သိတာပေါ့။ ရန်ကုန်မြို့ထဲမှာ ကီလိုငါးရာ ရောက်ဖို့ကို ဘယ်နှလ ကြာမလဲ။ ကားက မသွားနိုင်ဘူး။ ကီလိုနဲ့ ပြောရတဲ့ကိစ္စက ခက်တယ်။ ဘယ်ကားက ဘယ်လောက် ရတယ်ဆိုတာ အရမ်း ပြောရခက်တယ်။ ဒီမှာက ကားက အမြဲတမ်း ရပ်နေတာလေ။ ကားက သွားရတာ ၁၅ မိနစ်ဆိုရင် အဲကွန်းဖွင့်ပြီး ရပ်ထားရတာ တစ်နာရီလောက် ကြာတယ်။ အဲဒါမျိုးဆို ဘယ်လိုပြောရမလဲ။
UWZ : အများစုကတော့ ကျွန်တော်တို့ဒီမှာဆို ကီလိုငါးထောင် သတ်မှတ်ပေးထားတယ်။ ငါးထောင် တစ်ကြိမ် ဒါမှမဟုတ်ရင် ခြောက်လ၊ တချို့က တစ်နှစ်။ ကျွန်တော်တို့ အများဆုံးက တစ်နှစ်ထိ ပေးတယ်။ တစ်နှစ်ဆိုတာ ဒီကားကို မသုံးဘူးဆိုရင်တောင် တစ်နှစ် တိရင် ပြန်လဲခိုင်းတယ်။ ဘာလို့ဆို တစ်နှစ်ကြာရင် Oil က မကောင်းတော့ဘူး။ ကြာလာရင် အောက်ပိုင်း မှာ Sludge ဖြစ်စေတယ်။ ကီလိုငါးထောင်ကတော့ အကောင်းဆုံးပဲ။ တချို့တွေကျတော့ Oil ကို ဈေးကြီး တာသုံးတယ်။ Filter လေးကိုကျတော့ မလဲကြဘူး။ ဘယ်လောက်ပဲ ဈေးကြီးတာသုံးသုံး အင်ဂျင်ဝိုင်တစ်ခုတည်းကိုပဲ ဂရုစိုက်လို့မရဘူးလေ။ တခြား Oil Filter, Air Filterတို့ကို ဂရုစိုက်ရသေးတယ်။ Filter မကောင်းရင်လည်း ဒုက္ခရောက်နိုင်တယ်။ အဲဒါကြောင့် Filter ကိုလည်း အင်ဂျင်ဝိုင်လဲတိုင်း လဲသင့်ပါတယ်။

Voice : အင်ဂျင်ဝိုင် ကောင်းကောင်း သုံးတာနဲ့ မသုံးတာမှာ ကောင်းကျိုး ဆိုးကျိုး ဘာတွေရှိနိုင်မလဲ။
UWZ : အင်ဂျင်ဝိုင် ကောင်းကောင်းသုံးတဲ့ အင်ဂျင်က စက်သံက ညက်ညောမှု ရှိတယ်။ မောင်းတဲ့အခါလည်း ပေါ့ပါးပြီး အင်ဂျင်ရုန်းအား ပိုကောင်းလာမယ်။ မနက်ခင်း အေးတဲ့အချိန် နှိုးလည်း Right Oil ထည့် ထားတယ်ဆိုရင် နှိုးရတာလည်း ပေါ့ပါးတယ်။ အင်ဂျင်ကို လည်ပတ်မှု ချောမွေ့စေတဲ့အတွက် ဆီစားမှုကိုလည်း သက်သာစေတယ်။ အရည်အသွေးညံ့ပြီး Grade မှားပြီးထည့်တဲ့ အင်ဂျင်ဝိုင်ဆိုရင် စက်သံကြမ်းလာမယ်။ အင်ဂျင်ဝိုင်စားများလာမယ်။ ဆီပိုစားလာတယ်။ တစ်ခါတလေကျရင် ကြုံရတယ်။ အင်ဂျင်ဝိုင် လဲပြီးသွားမှ ဆီပိုစားလာတာမျိုးပေါ့။ ဒါတွေက အင်ဂျင်ဝိုင်ကွာလတီပေါ်လည်း အများကြီး မူတည်တယ်။ နောက်ပြီးတော့ အင်ဂျင်ဝိုင်သုံးရဲ့ အဓိက လုပ်ဆောင်ချက်ကို သိထားသင့်ပါတယ်။ သူ့ရဲ့အဓိက တာဝန်က အင်ဂျင်အတွင်းက အစိတ်အပိုင်းတွေကြား ပွတ်တိုက်မှုကို လျှော့ချတယ်။ ပြီးတော့ အင်ဂျင်အတွင်းက အပူချိန်ကိုလည်း လျှော့ချပေးတယ်။ Quality ကောင်းကောင်းပဲ သုံးသင့်ပါတယ်။
UPS : ပြောချင်တာကတော့ ကိုဝင်းဇော် ပြောသွားသလိုပါပဲ။ တစ်ခုပြောချင်တာက တစ်ခါတလေကျရင် Quality တစ်ခုဆိုတာ ပိုသုံးကြည့်တာနဲ့ ပိုကြမ်းကြမ်းတမ်းတမ်းသုံးကြရင် သိတာပေါ့။ ဆီနဲ့ ရေပေါင်းပြီးတော့ အင်ဂျင်ဝိုင် ဖြစ်လာတယ်။ ပါတာကတော့ အဲဒါပဲ။ ဟင်းချက်သလိုပဲ ကမ္ဘာပေါ်မှာ အတော်ဆုံးသူက ချက်တာနဲ့ ကိုယ်ချက်တာနဲ့တော့ သုံးတဲ့ Process သာ တူချင်တူမယ်။ ထွက်လာတဲ့ အရသာက တူချင်မှတူမယ်။ Combination ကွာတာပေါ့။ Mobil 1 ကတော့ တစ်ကမ္ဘာလုံး ဖြန့်နေတာဆိုတော့ ကွာလတီကတော့ စိတ်ချရတယ်လေ။

Voice : လာမယ့်နှစ်အတွက် ကားမူဝါဒက ပြောင်းထားတာက အစ်ကိုတို့ လုပ်ငန်းတွေအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိစေမလဲ။
UWZ : ကျွန်တော့်အတွက်ကတော့ ကြီးကြီးမားမား သက်ရောက်မှု ရှိမှာမဟုတ်ဘူး။ တစ်ခုပဲ ခုနလို အပြောင်းအလဲ ဖြစ်လာတဲ့အခါ ဒီလေး၊ ငါး၊ နှစ်အတွင်းမှာ ကားတွေက အများကြီး ဝင်လာတယ်။ ဝင်လာတဲ့အခါမှာ မော်ဒယ်လ်က အမြင့်တွေချည်းပဲ ဝင်လာတယ်။ အဲတော့ မတူတဲ့နည်းပညာတွေနဲ့ ပြင်ရတာပေါ့။ အဲဒီအခါကျတော့ အမြဲတမ်း Up to Date ဖြစ်အောင် ကြိုးစားနေရတယ်။ အစိုးရက မူဝါဒပြောင်းတယ်ဆိုတာ ကားမော်ဒယ်လ်သစ် သွင်းလာတာပဲ ရှိတယ်။ ကျွန်တော်တို့ဘက်က လုပ်ရမှာက ဝင်လာတဲ့ကားတွေကို ဘယ်လို ဆားဗစ်ပေးမလဲဆိုတာပဲ ဖြည့်ဆည်းဖို့ရှိမယ်။ သိပ်တော့ ကြီးကြီးမားမား အခက်အခဲတော့ မရှိပါဘူး။
UPS : ကျွန်တော်တို့အနေနဲ့ကတော့ ပိုကောင်းတယ်လို့မြင်တာပဲ။ ကျွန်တော်တို့က တစ်ကမ္ဘာလုံး အစစ်ခံထားတာဆိုတော့။ နောက်မကြာခင် ကျွန်တော်တို့ အင်ဂျင်ဝိုင်တွေကို ဘယ်လိုဂရိတ်ကိုပဲ သွင်းရမယ်တို့ ဘာတို့ဆို ပိုကောင်းတာပေါ့။ သုံးတဲ့သူတွေလည်း ဒီနိုင်ငံထဲကို ဝင်လာလို့ရှိရင် စစ်ဆေးပြီး Quality Control လုပ်ပြီးသွားတော့မှ လာချင်သလို လာလို့ မရဘူးဆိုတဲ့ Message ပေးနိုင်ရင်ကောင်းမယ်။
UWZ : Oil အတုတွေကို အစ်ကိုတို့ ကြုံဖူးတယ်။ အပြင်ကဆိုင်တွေမှာ ဖြစ်တတ်တယ်။ တရုတ်ပြည်ဘက်က လာတဲ့ဟာတွေပေါ့။ တိုယိုတာတံဆိပ်ကို တိုယိုတာ တံဆိပ်အတိုင်းပဲ။ ဒါပေမဲ့ တိုယိုတာက ထုတ်တာမဟုတ်ဘဲနဲ့ တရုတ်က သွင်းလာတာ။ အထဲမှာ ဘယ်လို Chemical တွေ ထည့်ထားလဲ မသိနိုင်ဘူး။ ဒါမျိုးတွေက တော်တော်ကြောက်ဖို့ ကောင်းတယ်။ ကားထဲမှာ ထည့်လိုက်တယ်။ ဘာအာမခံချက်နဲ့မှ ထုတ်ထားတာမဟုတ်တော့ ကားပိုင်ရှင်တွေ Damage ဖြစ်တာတွေ ကြားဖူးတယ်။ အဲပြဿနာက နောက်ပိုင်း Quality Controlပိုင်းထွက်လာရင်တော့ အဆင်ပြေမယ်။ ကားပိုင်ရှင်တွေ အနေနဲ့လည်း သက်ဆိုင်ရာ Service Center က အကြံပြုချက်တောင်းပြီး Engine Oil တို့ ATF Oil တို့ကို ဝယ်ယူလဲလှယ်သင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဟိန်းမြတ်စိုး

  • VIA