News

POST TYPE

AUTOMOBILE

ရန်ကုန် နှင့် ကားပါကင်အကျပ်အတည်း
13-Nov-2017

“တချို့ကားတွေက ယာဉ်ထိန်းရဲမရှိတာနဲ့ ရပ်တော့တာပဲ”
ရဲမှူးမျိုးအောင်မြင့် (အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး)

လက်ရှိ ရန်ကုန်မြို့တွင်း လူစည်ကားရာ နေရာဖြစ်တဲ့ ကမ်းနားလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်းတို့ကို မရပ်ရနေရာအဖြစ် မျဉ်းဝါတား ကားပါကင်နေရာ သတ်မှတ်ထားတယ်။ အခြား ပုဇွန်တောင်မြို့နယ်တွေမှာလည်း သတ်မှတ်ထားတာတွေ ရှိပါတယ်။ မရပ်ရရဘူးလို့ သတ်မှတ်နေရာကို ရပ်နားတာက စည်းကမ်းမဲ့တာပဲ။ ဒီလို ယာဉ်တွေကို မော်တော်ယာဉ် ဥပဒေအတိုင်း အရေးယူပါတယ်။ စည်းကမ်းမဲ့ ရပ်နားတဲ့ယာဉ်ကို မရပ်ရနေရာမှာ ရပ်တဲ့ပြစ်မှုနဲ့ အရေးယူတယ်။ တချို့ကားတွေက ယာဉ်ထိန်းရဲ မရှိတာနဲ့ ရပ်တော့တာပဲ။ ဒါပေမဲ့ တွေ့တာနဲ့ဖမ်းတယ်။ ခဏပဲရပ်ပြီး မောင်းထွက်သွားတာတွေလည်း ရှိတယ်။ အကြာကြီး ရပ်တာလည်း ရှိပါတယ်။ လှည့်ကင်းလှည့်တဲ့ ယာဉ်ထိန်းရဲတွေနဲ့ ဖမ်းဆီးပါတယ်။ အရေးယူပြီဆိုရင် ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၆၅ အရ ဒဏ်ငွေ ကျပ်သုံးသောင်း ဒဏ်ရိုက်ပါတယ်။ ဒဏ်ကြေးမဆောင်တဲ့ မော်တော်ယာဉ်တွေကို သက်တမ်းလာတိုးတဲ့အချိန်မှာ နောက်ဆုံးအပြီး ဒဏ်ဆောင်ခိုင်းတယ်။ မဆောင်ရင်တော့ သက်တမ်းတိုးခွင့် မပေးဘူး။                                                  

“စည်ပင်က စီမံချက်ရှိလို့ လာဖမ်းတဲ့ အချိန်လောက်ပဲ တုံးတွေဖယ်ထားပြီး ကျန်တဲ့နေ့တွေ တုံးတွေပြန်ထားတာပဲ”
ကိုစစ်နိုင်လင်း (ယာဉ်ပိုင်ရှင်)

ရန်ကုန်မြို့မှာ ကားပါကင်နေရာ တစ်နေရာရဖို့အတွက်က မြို့ထဲမဟုတ်တဲ့ နေရာတွေမှာ မသိသာပေမယ့် မြို့ထဲဘက်ရောက်တဲ့ မြို့နယ်တွေမှာဆို ခက်ပါတယ်။ တချို့က ကားပါကင် နေရာဦးကြတယ်။ မဦးဘဲ ကြုံတဲ့နေရာ ရပ်တဲ့အခါတွေလည်း ရှိတာပေါ့။ မြို့ထဲမှာ နေတဲ့သူတွေဆို တိုက်ခန်းက အခန်း ၁၂ ခန်းရှိတယ်ဆိုရင် ကားရှိတဲ့အခန်းက ၈ ခန်းလောက် ရှိတယ်ဆိုပါတော့။ ကားရပ်တဲ့နေရာကို မြေညီထပ်က ပိုင်တာ မဟုတ်ဘူး။ စည်ပင်မြေဖြစ်တဲ့အတွက် ကားတိုင်းရပ်ခွင့်ရှိတယ်။ ဒါပေမဲ့ နေရာဦးထားတာမျိုးတွေ၊ မြေညီထပ်မှာ ဆိုင်ခန်းဖွင့်ထားတာမျိုးတွေဆို ကားရပ်ဖို့အတွက်က နေရာမရှိတော့တာမျိုး တွေ့ဖူးတယ်။ အဲလိုတွေဖြစ်တဲ့အတွက် ကိုယ့်ကား ရပ်ထားတဲ့ အိမ်ရှင်နဲ့ အဆင်ပြေအောင် နေရတယ်။ တချို့နေရာတွေမှာဆို သူတို့အိမ် ရှေ့မှာ ကားရပ်တဲ့အတွက် အိမ်ရှင်ကို ပိုက်ဆံပေးရတာမျိုးတွေ ရှိတယ်။ မြို့ထဲမှာဆို ကားပါကင်နေရာအတွက် သူတို့ကား အပြင်သွားလို့ မရှိရင်တောင် တုံးတွေချထား တာမျိုးတွေရှိတယ်။ စည်ပင်က စီမံချက်ရှိလို့ လာဖမ်းတဲ့အချိန်လောက်ပဲ တုံးတွေ ဖယ်ထားပြီး ကျန်တဲ့နေ့တွေ တုံးတွေပြန်ထားတာပဲ။

“အထပ်မြင့် ဆောက်မယ်ဆိုလည်း ကားပါကင်နေရာ အရင်လုပ်ပြီးမှ ဆောက်သင့်တယ်”
မပီကူး (ကိုယ်ပိုင်ယာဉ်မောင်း)

အစ်မတို့ ဆိုင်အပေါ်ထပ်က အိမ်ဆို ကားနှစ်စီး ရှိတယ်။ အစ်မတို့ဆိုင်က မြေညီထပ်ဆိုတော့ အစ်မတို့ကားကို အစ်မတို့ဆိုင်ရှေ့ ရပ်တာတောင် ပြဿနာ အရှာခံရတာမျိုးတွေ ရှိတယ်။ တကယ်ဆို ဒါက စည်ပင်မြေလေ။ သူတို့နဲ့ မဆိုင်ဘူး။ ကားထားစရာ မရှိလို့ သူတို့ တားထားတဲ့တုံး ဖယ်ရင်လည်း အအော်ခံရတယ်။ နောက်တစ်ခုက မြို့ထဲမှာ ကိုယ်က ဝယ်စရာလေး ရှိလို့ ကားရပ်ချင်တယ်ဆိုရင် ဒီနားမှာ ခဏလေး ကား ရပ်ချင်တယ်လို့ ခွင့်တောင်းပြီး ရပ်တာတောင် တစ်စီးစာ မချန်ပေးဘူး။ နောက် အပင်တွေ ချထားတယ်။ အဝတ်စင်တွေချပြီး နေရာ ဦးထားတာမျိုးတွေရှိတယ်။ ရပ်ကွက်ထဲမှာတော့ မြို့ထဲနဲ့စာရင် အများကြီး သာပါတယ်။ အစ်မတို့ အိမ်ရှေ့ဆို ဘယ်သူကားရပ်ရပ် ရပ်ခွင့်ပေးတယ်။ သူများအိမ်ရှေ့ ရပ်ချင်ရင်လည်း ကိုယ်က ပြောခဲ့တယ်။ သူတို့ကလည်း နားလည်ပေးတယ်။ နောက်တစ်ခုက ကားပါကင် အရင်မလုပ်ဘဲ တိုက်ခန်းတွေ အောက်မှာရပ်တော့ မြေညီထပ်က ကားရပ်စရာ ရရင်ကိုပဲ အပေါ်ထပ်က မကျေနပ်ကြတာမျိုးတွေ။ အဲလိုတွေနဲ့ ပြဿနာတွေ ဖြစ်ကြတော့တာပဲ။ အထပ်မြင့် ဆောက်မယ်ဆိုလည်း ကားပါကင်နေရာ အရင်လုပ်ပြီးမှ ဆောက်သင့်တယ်။ အစိုးရအနေနဲ့ လုပ်သင့်တာက တချို့ အချက်အချာ ကျတဲ့နေရာတွေမှာ ကားပါကင်တွေ ဆောက်ပေးသင့်တယ်။

ခိုင်ချယ်ရီထွန်း

  • VIA