News

POST TYPE

AUTOMOBILE

YBS နှင့် ယာဉ်လမ်းကြောင်းသစ်
06-Nov-2017 tagged as

“ဘယ်လမ်းကြောင်းက YBS ယာဉ်လိုင်းအသစ် လိုအပ်မလဲဆိုတာကို စစ်တမ်း ကောက်နေပါတယ်”
ဒေါက်တာမောင်အောင် (ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ ဥက္ကဋ္ဌ)

YBS ၃၇ ယာဉ်လိုင်းတစ်လိုင်းကနေ အခု နှစ်လိုင်း တိုးချဲ့ထားတယ်။ တိုင်းအစိုးရအဖွဲ့က ရရှိထားတဲ့ တရုတ်ယာဉ်အသစ် ၅၀ဝ ကို ထည့်သွင်း ပြေးဆွဲထားတာပါ။ ယာဉ်အသစ်ကို YBS ၃၇ ယာဉ်လိုင်းထဲကိုလည်း အစီးရေ ၁၀ဝ ထည့်ထားတယ်။ လမ်းကြောင်းအသစ်ဖြစ်တဲ့ ကြည့်မြင်တိုင်ကနေ သာကေတ ခရီးစဉ်လမ်းကြောင်း အတိုင်းပြေးမယ့် YBS ၈၉ ယာဉ်လိုင်းအသစ်ကိုလည်း ဖော်ဆောင်ခဲ့တယ်။ ဒီလိုင်းမှာ ယာဉ်စီးရေ ၆၀ ထည့်ထားတယ်။ ယာဉ်စီးရေ ၂၅၀ ကျန်ရှိနေပါသေးတယ်။ ခရီးစဉ်လမ်းကြောင်းအသစ် ဖော်ဆောင်ပြီးတာနဲ့ ဒီယာဉ်အသစ်နဲ့ပဲ ပြေးဆွဲမှာပါ။ ပြေးဆွဲဖို့ တိုင်းအစိုးရအဖွဲ့ကို စာတင်ထားတယ်။ ဘယ်လမ်းကြောင်းက YBS ယာဉ်လိုင်းအသစ် လိုအပ်မလဲဆိုတာကို စစ်တမ်းကောက်နေပါတယ်။ ဒီနှစ်ထဲမှာ လမ်းကြောင်းအသစ် ဖော်နိုင်မှာပါ။

“နေ့တိုင်းလိုလို ကားသုံးဆင့်လောက် ပြောင်းစီးနေရတာဆိုတော့ အဲဒီလို နေရာလေးတွေကို တိုးချဲ့ ပြေးဆွဲပေးစေချင်ပါတယ်”
ကိုကျော်စိုးမိုး (ခရီးသည်)

လက်ရှိ ကျွန်တော် မနေ့ကဆို အလုံကနေ သုဝဏ္ဏကို ကားက သုံးဆင့်လောက် ပြောင်းစီးရတယ်။ အလုံကနေ မြေနီကုန်းမှာ တစ်ခေါက် ဆင်းရတယ်။ အဲဒီကနေ တာမွေအထိ ကားထပ်စီး၊ တာမွေကနေ သုဝဏ္ဏဘက်ကိုက နောက်ထပ် ကားတစ်စီး ပြောင်းစီးနဲ့ဆိုတော့ အရင်က တစ်ဆင့်တည်းနဲ့ ရောက်တဲ့နေရာတွေမှာ အခုဆို အဆင့်ဆင့်တွေ စီးနေရတယ်။ အဲဒီလိုမျိုးတွေကို ယာဉ်လမ်းကြောင်းအသစ် တိုးချဲ့ပြေးဆွဲပေးမယ်ဆိုရင် ကောင်းတာပေါ့နော်။ အခုလို သုံးဆင့် စီးနေရမယ့်နေရာတွေမှာ နှစ်ဆင့်လောက်နဲ့ ရောက်သွားလည်း အဆင်ပြေတာပေါ့။ အလုပ်က နေ့တိုင်း သွားနေရတဲ့အခါ နေ့တိုင်းလိုလို ကားသုံးဆင့်လောက် ပြောင်းစီးနေရတာဆိုတော့ အဲဒီလိုနေရာလေးတွေကို တိုးချဲ့ ပြေးဆွဲပေးစေချင်ပါတယ်။ ဒါဆိုအခုထက် သွားရေးလာရေး အဆင်ပိုပြေသွားမှာပါ။

“နောက်ထပ် ယာဉ်လိုင်းတွေတိုးရင် တကယ် လိုအပ်တဲ့နေရာတွေ သေချာစိစစ်ပြီး တိုးချဲ့သင့်ပါတယ်”
ကိုစည်သူ (ခရီးသည်)

YBS ဘာညာနဲ့ ကမောက်ကမ လုပ်တာက စတာပဲ။ အရေးအကြောင်း မီအောင် သွားဖို့ဆို Public Transportation က အားကိုးမရ။ အရင်လို တိုက်ရိုက် မရောက်တာနဲ့ ကားပြောင်းစီးမယ့် မှတ်တိုင် တစ်ခုနဲ့တစ်ခုကြား လမ်းအကြာကြီး လျှောက်ရတာ၊ မှတ်တိုင်မှာ ကျောက်ချနေတာနဲ့။ ဒီလိုနဲ့ ပိုက်ဆံကလေး သတ်သတ်ဖယ်ထားပြီး တက္ကစီ လေးစီး။ သက်သောင့်သက်သာ ဖြစ်တာကို သဘောကျတယ်။ YBS မစီးချင်ရင် တက္ကစီဖိုး ပိုထွက်အောင် ပိုက်ဆံ ကြိုးစားရှာနေရတယ်။ အရင်တုန်းက ယာဉ်လမ်းကြောင်းတွေဆို သမိန်ဗရမ်းလမ်း၊ အောက်ပုဇွန်တောင်လမ်းတွေကိုဖြတ်ပြီး မြို့ထဲ အပေါ်လမ်း၊ အောက်လမ်းသွားတဲ့ ကားတွေရှိတယ်။ အခု အဲဒါတွေ မရှိတော့ အဆင်မပြေဘူး။ ပြောင်းစီးရအောင်ကလည်း အချိန်ကြာတာနဲ့ လမ်းလျှောက်ရတယ်။ နောက်ထပ် ယာဉ်လိုင်းတွေတိုးရင် တကယ် လိုအပ်တဲ့နေရာတွေ သေချာစိစစ်ပြီး တိုးချဲ့သင့်ပါတယ်။                   

ခိုင်ချယ်ရီထွန်း

  • VIA
  • TAGS