News

POST TYPE

AUTOMOBILE

သရုပ်ဆောင် ခြူးနှင့် တွေ့ဆုံခြင်း
30-Oct-2017

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍအတွက် MRTV-4 ရုပ်သံလိုင်းမှာပြသခဲ့တဲ့ ပဉ္စလက်ရွာ ဇာတ်လမ်းတွဲမှာ သူကြီးသမီး စိမ်းဝါနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်ခြူးနဲ့ တွေ့ဆုံပြီး သူစီးနေတဲ့ ကားအကြောင်းလေးနဲ့ ကားနဲ့ပတ်သက်တာလေးတွေကို မေးမြန်းခဲ့တာကို ဖော်ပြပေးလိုက်ပါတယ်။ 

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။ 
Chue : ညီမလက်ရှိ စီးနေတာကတော့ Honda Fit GE6 2012 မော်ဒယ်လ်ပါ။

Voice : ဝယ်ထားတာရော ကြာပြီလား။ 
Chue : ဝယ်ထားတာ မကြာသေးဘူး။ နှစ်လလောက်ပဲ ရှိသေးတယ်။

Voice : ဒီကားလေး ဝယ်ဖြစ်သွားပုံလေး ပြောပြပေးပါဦး။
Chue : ညီမလည်း ဒီကားလေးက ရှိလို့ဝယ်လိုက်တာတော့ မဟုတ်ဘူး။ သရုပ်ဆောင်ဖြစ်နေတယ် ဆိုတော့လည်း နယ်ကို ကားရိုက်ထွက်ရတာ၊ ဇာတ်လမ်းတွဲနဲ့ နယ်မှာ အကြာကြီးနေရတော့ ရုံးကတော့ အကောင်းဆုံး စီစဉ်ပေးပေမယ့် အရမ်းပူတဲ့အခါကျတော့ အဆင်မပြေတာလေးတွေရှိလို့ ဝယ်ဖြစ်သွားတယ်။

Voice : ဒီကားလေးစီးရတာ အဆင်ပြောရဲ့လား။
Chue : စီးရတာ အဆင်ပြေပါတယ်။ နောက် ဝယ်ထားတာလည်း မကြာသေးတော့ အသစ်ဖြစ်နေသေးလို့လည်းပါတယ်။ ဒီကား ဝယ်ပြီးပြီးချင်း နှစ်ပတ်ပဲ ရှိသေးတယ်။ အင်းလေး၊ တောင်ကြီး အကုန်ပတ်ပြီး သွားပြီ။ အခုချိန်အထိတော့ ဘာမှမဖြစ်ဘူး။ ဆီစားလည်း သက်သာတယ်။ 

Voice : အားသာချက်က ဘာတွေရှိလဲ။
Chue : ကားက Honda Fit လေး ဖြစ်နေတော့ နည်းနည်းတော့ ကျဉ်းတာပေါ့နော်။ နောက် ညီမလည်း မောင်လေး မောင်းပေးတာ စီးတယ်။ နောက် ကိုယ်တိုင်လည်း မောင်းတယ်ဆိုတော့  မြို့တွင်းမှာဆို ကားကလည်း အရမ်း ကျပ်တာဆိုတော့ ဒီကားလေးက သေးတော့ အဆင်ပြေတယ်။ 

Voice : ညဘက်တွေမှာ စိတ်ပြေ လက်ပျောက် ကားထွက်မောင်းလေ့ ရှိလား။
Chue : လုပ်ဖြစ်ပါတယ်။ ကားမောင်း စသင်ကတည်းကလည်း ညဘက်တွေ သင်တာများတော့ ညဘက်တွေဆို ကားထွက်မောင်းရတာမျိုးက သဘောကျတယ်။ 

Voice : ကားနဲ့ပတ်သက်ပြီးရော ခရေဇီဖြစ်တာမျိုး ရှိလား။ 
Chue : ခရေဇီဖြစ်တာတော့ ရှိတာပေါ့နော်။ ဒါပေမဲ့လည်း ရည်ရွယ်ချက်ပဲ ထားတာပေါ့နော်။ ဘယ်အချိန်မှာတော့ ဘယ်လို ကားမျိုးလေး စီးနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်လေးတော့ ထားထားတာပေါ့။ အရမ်းကြီး ရူးသွပ်ရလောက်အောင်လည်း ကိုယ့်မှာက အင်အား မရှိသေးဘူးလေ။

Voice : ဘယ်လို ကားအမျိုးအစားတွေ သဘောကျမိတာမျိုးရှိလဲ။ ဥပမာ- ပြိုင်ကားလေးတွေဆိုရင်ရော။
Chue : ပြိုင်ကားတော့ သဘောမကျဘူး။ နည်းနည်း ကြောက်တတ်တာလည်း ပါတယ်။ စီးချင်တာကတော့ ခုလို သေးသေးလေး မဟုတ်ဘူး။ နည်းနည်းကြီးတဲ့ကားမျိုး။ Land Cruiser မှ ရယ်လို့တော့ မဟုတ်ပေမယ့် အနည်းဆုံး Kluger လောက်ပေါ့နော်။ အဲ့လိုကားမျိုးကို သဘောကျတယ်။ ဘာလို့လဲဆိုတော့ သူတို့က အရမ်းမာတဲ့အတွက် ခရီးထွက်ရင် အဆင်ပြေတယ်။ ရည်ရွယ်ချက်တော့ ထားတာပေါ့။ 

Voice : ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်လဲ။
Chue : လူတိုင်းကတော့ ကားစီးပြီး သွားနေတာ ဆိုတော့ အားလုံးကတော့ အရေးကြီးနေကြတာချည်းပဲပေါ့နော်။ ဒါပေမဲ့လည်း အရေးကြီးနေကြတာချင်း အတူတူ တစ်ခု မကြိုက်တာက ဥပမာ လမ်းပိတ်နေတယ် ဆိုပါတော့၊ ကိုယ်က လမ်းတစ်ခုက ထွက်လာတော့မယ်ဆိုရင် ကိုယ်က အဲဒီလမ်းကို သွားရမယ်ဆို မြန်မြန်လေး မောင်းသွားလိုက်ပေါ့။ ကိုယ်လည်း မောင်းလို့မရဘူး။ သူများအတွက်လည်း နေရာမပေးတာမျိုးတွေ တွေ့ဖူးတယ်။ အဲလိုမျိုးတော့ သဘောမကျဘူး။ ဒါမျိုးလေးတော့ ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်။

ခိုင်ချယ်ရီထွန်း

  • VIA