News

POST TYPE

AUTOMOBILE

YBS ယာဉ်လိုင်းများတွင် စပယ်ယာများငွေကောက်ခြင်း
23-Oct-2017 tagged as YBS

“ဒီစည်းကမ်းကို မလိုက်နာရင် ယာဉ်လုပ်သားလိုင်စင် သိမ်းတာ၊ ယာဉ်လိုင်း ပိတ်သိမ်းတာတွေအထိ အရေးယူမှာပါ”
ဒေါက်တာမောင်အောင် (ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ အတွင်းရေးမှူး)

ခရီးသွားပြည်သူတွေ ယာဉ်စီးခ အဆင်ပြေအောင် ယာဉ်တွေကို အဲကွန်း ကားနဲ့ ရိုးရိုးကားဆိုပြီး ခွဲထားတယ်။ အဲကွန်းကားက ဘယ်စီးစီး ကျပ် ၂၀ဝ၊ ရိုးရိုးကားက ခရီးစဉ်တစ်ပိုင်းကို ကျပ် ၁၀ဝ ပြောင်းလဲ သတ်မှတ်ပေးထားတယ်။ မလိုက်နာတဲ့ ယာဉ်လိုင်းကို စစ်ဆေးအဖွဲ့နဲ့ လိုက်စစ်မယ်။ YBS ရဲ့ စည်းကမ်းဖောက်ဖျက်မှုတွေကို ကိုင်တွယ်ဖို့ CEO သတ်သတ်တစ်ယောက်လည်း ခန့်ထားပြီးပြီ။ စည်းကမ်းပိုင်းကို အထိရောက်ဆုံး ကိုင်တွယ်မှာပါ။ ယာဉ်အကူတွေအနေနဲ့ လုံးဝ ငွေကောက်ခံခွင့် မရှိပါဘူး။ Cash Box ထဲကို ခရီးသည်ကိုယ်တိုင် ထည့်ရမယ်။ ခရီးသည်တွေ အနေနဲ့လည်း တိုင်ကြားလို့ ရတဲ့ဖုန်းတွေ ချပြထားပြီးသားဖြစ်လို့ တိုင်ကြားစေချင်ပါတယ်။ ဒီစည်းကမ်းကို မလိုက်နာရင် ယာဉ်လုပ်သား လိုင်စင်သိမ်းတာ၊ ယာဉ်လိုင်း ပိတ်သိမ်းတာတွေအထိ အရေးယူမှာပါ။

“တချို့ကျ စပယ်ယာက ငွေထည့်တဲ့ပုံးထဲ အထည့်မခံဘဲ လိုက်ကောက်တာမျိုး ရှိတယ်”
ဦးစိုင်းထက်လင်း (ခရီးသည်) 

YBS တွေမှာ စပယ်ယာက ငွေကောက်တာနဲ့ ပတ်သက်ပြီးတော့ နှစ်မျိုး ရှိပါတယ်။ တချို့ စပယ်ယာတွေက ခရီးသည်က အကြွေမရှိလို့ တစ်ထောင်တန် စပယ်ယာကို ပေးလိုက်တယ်။ စပယ်ယာက ငွေကောက်ပြီး ပြန်ပေးတယ်။ ဒါမျိုးကျ လက်ခံပေးလို့ ရတယ်။ တချို့ကျ စပယ်ယာက ငွေထည့်တဲ့ပုံးထဲ အထည့်မခံဘဲ လိုက်ကောက်တာမျိုး ရှိတယ်။ အဲလိုမျိုး လက်မခံနိုင်ပါဘူး။ လက်ရှိစနစ်ကိုက စပယ်ယာမပါဘဲ သွားချင်လို့ ငွေထည့်ပုံး လုပ်ပေးထားတာ။ နောက်တစ်ခုက တစ်ပေါက်တည်းပါတဲ့ ကားတွေရှိတယ်။ ဆင်းလည်း ဒီအပေါက် ဆင်း၊ တက်လည်း ဒီအပေါက်က တက်ရတဲ့ ကားတွေမှာဆို စပယ်ယာ ထားတယ်။ အဲလိုဆိုတော့ လူတွေ အရမ်းပိတ်တဲ့အခါ စပယ်ယာက လမ်းပေါက် မပိတ်အောင် ငွေလိုက်ကောက်ပေးပြီး ပုံးထဲထည့်တာတွေလည်း ကြုံဖူးတယ်။ တချို့ ခရီးသည်တွေကျတော့လည်း ကားပေါ် တက်ပြီဆိုကတည်းက ငွေကိုပုံးထဲ တစ်ခါတည်း ထည့်သွားတာမျိုးရှိသလို တချို့ ခရီးသည်ကျတော့ မထည့်သွားတာမျိုး၊ နောက် ငါးဆယ်တန်၊ တစ်ရာတန် အစုတ်တွေ ထည့်သွားတာမျိုးတွေရှိတယ်။ ဒါမျိုးတွေလည်း ခရီးသည်တွေဘက်က မလုပ်သင့်ဘူးပေါ့။ အကောင်းဆုံးကတော့ စပယ်ယာ မပါတဲ့စနစ်နဲ့ သွားရတာကို သဘောကျပါတယ်။ ခရီးသည်တွေ အနေနဲ့လည်း မှန်မှန်ကန်ကန် ငွေထည့်ကြပေါ့။

“တချို့ယာဉ်လိုင်းတွေဆို ခေါင်းခန်းကို ၅၀ဝ အထိ တောင်းတာ တွေ့နေရပါတယ်”
ဒေါ်ထက်ထက်ခိုင် (ခရီးသည်)

တချို့ယာဉ်လိုင်းတွေမှာ Cash Box ပိတ်ထားပြီး စပယ်ယာကိုယ်တိုင် ယာဉ်စီးခ လိုက်ကောက်နေတဲ့ ကားမျိုးတွေ ရှိနေသေးတယ်။ နောက်တစ်ခုက အဲကွန်း မပါတဲ့ကားတွေဆို ခရီးစဉ်တစ်ပိုင်းကို တစ်ရာပဲ ကျတယ်လို့ တရားဝင် ကြေညာထားပေမယ့် ဘယ်ကားမှ ခရီးစဉ်တစ်ပိုင်းကို တစ်ရာ ပေးရတာမျိုး မရှိသေးပါဘူး။ ဒီလိုဖြစ်နေတာတွေက ထိန်းသိမ်းမှု အားနည်းတယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက စည်းကမ်းလိုက်နာမှုအားလည်း နည်းပါတယ်။ ဘာပဲဖြစ်ဖြစ် အထက်ကိုသိအောင် တင်ပြစေချင်ပေမယ့် ပြည်သူတွေကလည်း အသိ နည်းနေပါသေးတယ်။ တကယ်တမ်းကျတော့ အသိရယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ လျော့နည်းနေသေးတာ ကျွန်မတို့ ပြည်သူတွေအနေနဲ့ စပယ်ယာတွေကို တုဖက်ပြိုင် မပြောချင် မပြောရဲနေတာတွေလည်း ရှိနေသေးတယ်။ တချို့ယာဉ်လိုင်းတွေဆို ခေါင်းခန်းကို ၅၀ဝ အထိ တောင်းတာ တွေ့နေရပါတယ်။ စည်းကမ်း တိကျစွာ လိုက်နာတဲ့ ယာဉ်လိုင်းတွေ ရှိပါတယ်။ ဒီလိုမျိုးတွေကို ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်။

ခိုင်ချယ်ရီထွန်း

  • VIA