News

POST TYPE

AUTOMOBILE

ကားမူဝါဒအပြောင်းအလဲအပေါ် အမြင်များ
21-Oct-2017
လက်ရှိ ပြောင်းလဲလိုက်သော ကားမူဝါဒသစ်အရ ပြည်သူများ မည်သည့်ကားကို ရွေးချယ် ဝယ်ယူသင့်၊ မဝယ်ယူသင့်နှင့် လာမည့်နှစ်အတွင်း ကားတစ်စီး ဝယ်မည်ဆိုပါက ငွေမည်မျှ ရှိရမည်ဆိုသည်များကို ကျွမ်းကျင်သူများက တွက်ချက်အကြံပြုပေးထားသည်များကို The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“အနည်းဆုံးသုံးရင် ၁၀ဝ ကျော်သုံးရင် ကားကတော့ စီးလို့ရနိုင်ဦးမှာပဲ”
ဦးကြည်သာဟန် (KL Seven ကားအရောင်းစင်တာ၊ အုပ်ချုပ်မှုဒါရိုက်တာ)

အခုလက်ရှိ မူဝါဒ အပြောင်းအလဲမှာ ပြည်သူတွေအနေနဲ့ အရင်ဆုံး သူတို့သုံးမယ့် ငွေပမာဏပေါ်ပဲ မူတည်တာပေါ့။ အစိုးရက ၂၀၁၈ မှာ ဘယ်ကိုင်း (ဘယ်မောင်း)ပဲ သတ်မှတ်လိုက်တယ် ဆိုပြီးတော့ ကားဈေးနှုန်းတွေ တအားကြီး မြင့်သွားမယ်ထင်ပြီးတော့ လောလောလောလော လိုက်ဝယ်နေတဲ့လူတွေလည်း ရှိကြတာပဲ။ ဒါပေမဲ့ အစ်ကို့အနေနဲ့တော့ အဲလောက်ကြီး ဖြစ်သွားစရာလည်း အကြောင်းမရှိဘူး။ အစိုးရက ကားသွင်းခွင့်ကို ရပ်လိုက်တာလည်း မဟုတ်ဘူး။ ဥပမာ - ဘယ်ကိုင်းစီးရမယ်ဆိုတော့ တစ်ချက်တော့ရှိတယ်။ ပြည်ပက Used ကားတွေ တင်သွင်းမယ်ဆိုရင်တော့ ဂျပန်ကနေ မရတော့ဘူး။ ဘယ်မောင်းထုတ်လုပ်တဲ့ နိုင်ငံတွေဆီကနေ သွင်းရမယ်။ အဲဒါကြောင့် ဂျပန်ကား မဟုတ်တဲ့ကားတွေနဲ့ တွေ့ရမယ်။ ဒါပေမဲ့ ကားဈေးက တအား တက်သွားမလားဆိုတော့ ကားဈေးက တအား တက်သွားစရာ အကြောင်း မရှိဘူး။ စလစ်ဈေးက တက်သွားလားဆိုတော့ ဟုတ်တယ်။ စလစ်ဈေး တက်သွားတယ်။ ဒါပေမဲ့  ကားအဟောင်းတွေနဲ့ စလစ်ကပ်ကားတွေ အပေါ်မှာပဲ ရိုက်ခတ်တာ။ ဒီမှာလာပြီး တပ်ဆင် ထုတ်လုပ်နေတဲ့ ဂျပန်ကားတွေ ရှိတယ်။ နစ်ဆန်းတို့၊ ဆူဇူကီးတို့ ကားတွေ ရှိတယ်။ ဒီကားတွေက ဈေးကွက်ထဲမှာရှိတယ်။ ဒီမှာ တပ်ဆင် ထုတ်လုပ်နေတာ ဖြစ်တဲ့အတွက် ဈေးမပြောင်းသွားဘူး။ ဒီကားတွေ ရှိနေတဲ့အတွက် ဈေးကွက်မှာ ဂျပန်ကားတွေ ရာချီပြောင်းလဲမသွားဘူး။ ကားအဟောင်းတွေက ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်ပဲ တက်သွားနိုင်တယ်။ အခုက ဘယ်ကိုင်းပဲ သွင်းရတော့မယ် ဆိုပေမယ့် ညာမောင်းကားတွေကို လမ်းပေါ်မှာ မစီးရတော့ဘူးလို့ သတ်မှတ်တာ မဟုတ်ဘူးလေ။ ဒါပေမဲ့ မော်ဒယ်လ်အမြင့်ကိုမှ ရွေးချယ်ဝယ်ယူချင်တဲ့သူတွေ အတွက်တော့ (ကျပ်သိန်း) ၂၅၀ နဲ့ ၃၀ဝ ကြားထဲမှာ ဒီမှာထုတ်နေတဲ့ နစ်ဆန်းဆန်နီတို့၊ ဆူဇူကီး ဆီးယက်စ်တို့၊ ဆူဇူကီး အာတီဂါတို့ရှိတယ်။ ဒီကားတွေကလည်း ဈေးကွက်ထဲမှာ တော်တော်လေး လူကြိုက်များနေတယ်။ အဲလိုမျိုး ရွေးချယ်စရာ အများကြီး ရှိတယ်။ ကြိုက်တဲ့လူက ကြိုက်သလို ရွေးချယ်ဝယ်ယူလို့ ရနိုင်ပါတယ်။ 

ခုနအစ်ကိုပြောသလိုပဲ ၁၁၀ တန်ကားကြီးက ၂၀ဝ တန် ကောက်ဖြစ်သွားစရာ အကြောင်း မရှိဘူး။ အဲဒီတော့ ဟိုးအရင်တုန်းက ထွက်ထားတဲ့ ပွိုင့်သရီး ကားလေးတွေက ၁၂၀ လောက် ရောင်းတဲ့ကားက ၁၃၀ ဖြစ်သွားနိုင်တယ်။ အဲဒီတော့ လာမယ့်နှစ် ကားစီးမယ်ဆိုရင် နံပါတ်အဟောင်း ပွိုင့်သရီးလေးတွေ ၁၀ဝ နဲ့ ၁၅၀ ဝန်းကျင် ကားတွေရှိဦးမှာ။ ဒီကားတွေ ၁၅၀ အပေါ်တွေ ရောက်သွားစရာ အကြောင်းမရှိဘူး။ နံပါတ် အဟောင်းကားလေးတွေ၊ ပွိုင့်သရီးကားလေးတွေ အစ်ကိုတို့ဆီမှာလည်း ရှိနေတာပဲ။ ၁၃၀ ဝန်းကျင် ရောင်းမယ့် ကားလေးတွေ အများကြီး ရှိသေးတယ်။ အနည်းဆုံး သုံးရင် ၁၀ဝ ကျော်သုံးရင် ကားကတော့ စီးလို့ရနိုင်ဦးမှာပဲ။

“ဂျပန်တစ်ပတ်ရစ်ကားလေးတွေပဲ ကိုယ်တတ်နိုင်သလောက် ဝယ်စီးပါလို့ပဲ ပြောချင်တာပေါ့”
ဦးရန်မျိုးအောင် (မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (ရန်ကုန်တိုင်း)၊ အတွင်းရေးမှူး)

ပြည်သူတွေကတော့ ကျွန်တော်တို့ဆီမှာ လူလတ်တန်းစား များတာပေါ့။ လူလတ်တန်းစားတွေ အနေနဲ့တော့ ကားဝယ်စီးဖို့ တော်တော်လေး အလှမ်းဝေးသွားမယ့် အနေအထားမှာရှိတယ်။ အရင်တုန်းကဆိုရင် သိန်း ၁၀ဝ ပတ်ချာလည်၊ ၁၀ဝ ဆိုတာတောင် ၁၀ဝ အောက်လေးတွေ တော်တော်များများ ကားမရှိတဲ့သူတွေက တက်ဝယ်ကြတာ များတယ်။ ကားမရှိတဲ့သူတွေ ကားဝယ်ဖို့ အခုဟာက လိုက်လေပြေးလေ ဖြစ်သွားမယ့် အခြေအနေမျိုးမှာ ရှိတယ်။ မူဝါဒက Safety အရ လုပ်လိုက်တယ်ဆိုပေမယ့် တစ်ဖက်မှာ ဆိုးကျိုးလေးတွေ ဖြစ်သွားတာပေါ့နော်။ ဒါပေမဲ့ တကယ်တမ်းကျတော့ တိုင်းပြည် အနေအထားက ရန်ကုန်မှာသာ ကားတွေများနေတာ တခြားနေရာတွေမှာ အများကြီး လိုအပ်ချက်က ရှိနေတာ။ အခုအခြေအနေအရ လူလတ်တန်းစားတွေက ၁၃၀ဝ စီစီတွေ အစီးများကြတယ်။ ပရိုဘောက်ကတော့ ခိုင်းဖို့ပေါ့။ ဟွန်ဒါဖစ်ကတော့ အိမ်စီးပေါ့။ သူ့ထက် ပိုသုံးနိုင်တဲ့သူတွေကတော့ စလစ်ကပ်ကားကို စီးကြတာပေါ့။ ဟာရီရာတို့၊ အယ်လ်ဖတ်တို့ပေါ့နော်။ နောက် သူ့ထက် အမြင့်ဆုံးကတော့ Luxury စီးတာပေါ့။ သိန်း ၈၀ဝ၊ ၁၀ဝ၀ လောက်ပေါ့။ အခုလက်ရှိ အနေအထားအရကတော့ နှစ်ပိုင်းရှိတာပေါ့။ ဒီမှာက ဂျပန်ကားက လူကြိုက်များတယ်။ ဘယ်မောင်းလည်း သွင်းရမယ်။ စလစ်လည်း ကပ်ရမယ်။ အနည်းဆုံး သွင်းမယ်ဆိုရင် ၂၀၁၄ က စသွင်းရမယ်။ ဘယ်လိုပဲ သွင်းသွင်းပေါ့။ ၂၀၁၄ က စသွင်းမယ်ဆို ကားဈေးက များသွားပြီ။ CIF နှစ်သောင်း၊ သုံးသောင်းတွေ ဖြစ်သွားပြီ။ အခွန်က ဟိုဘက် ဒီဘက် ပေါင်းမယ်ဆို (ကျပ်) သိန်း ၄၀ဝ၊ ၅၀ဝ လောက် အနည်းဆုံး ဖြစ်သွားပြီ။ တော်တော်များများက အဲဒီလောက်ကြီးကျတော့ စီးဖို့က အခက်အခဲ ဖြစ်သွားပြီလေ။ တော်တော်များများက မသုံးကြတော့ဘူး။ အခုက အားလုံးက စီးပွားရေးကလည်း မကောင်းဘူး ဆိုတော့လေ။ ဘာဖြစ်လဲဆိုတော့ နံပါတ်ထွက်ပြီးသား တစ်ပတ်ရစ်တွေပဲ အရောင်းအဝယ်ဖြစ်မှာပဲ။ အဲဒီကားလေးတွေပဲ ဝယ်စီးကြမယ်။ အဲဒီကားလေးတွေပဲ ဈေးတက်မယ်။ လက်ရှိ အနေအထားအရ ဘယ်မောင်းကားထဲကဆိုရင်တော့ ရန်ကုန်မှာထုတ်တဲ့ တပ်ဆင် ထုတ်လုပ်နေတဲ့ကားတွေ ရှိတယ်။ ဒါတွေကတော့ အားနည်းချက်တော့ ရှိတာပေါ့နော်။ ဂျပန် Used ကားလောက်တော့ ဂရိတ်မစုံဘူး။ ဈေးကွက်က မကြိုက်ဘူး။ ဘာကောင်းလဲဆိုတော့ အရစ်ကျနဲ့ရတယ်။ ဘဏ်အရစ်ကျနဲ့လည်း ဝယ်လို့ရတယ်။ နောက်တစ်ခုကတော့ နံပါတ် ထွက်ပြီးသား လိုင်းပေါ်က ကားလေးတွေပေါ့နော်။ ဒါတွေက ပြန်ရောင်းရလည်း လွယ်တယ်။ ပြန်ရောင်းရင်လည်း အရှုံးမရှိဘူး။ Brand New ကားက ပြန်ရောင်းရင်လည်း ခက်တယ်။ အစ်ကို့အနေနဲ့ဆိုရင်တော့ အများသုံးနိုင်မယ့် ကားပေါ့နော်။ ပိုက်ဆံလည်း အများကြီး မသုံးဘူး။ ဈေးကွက်ထဲမှာ ပြန်ရောင်းလို့ရှိရင်လည်း မရှုံးဘူး။ စီးလို့လည်း ကောင်းမယ်။ အကြမ်း ခံမယ်။ ဂျပန်တစ်ပတ်ရစ် ကားလေးတွေပဲ ကိုယ်တတ်နိုင်သလောက် ဝယ်စီးပါလို့ပဲ ပြောချင်တာပေါ့။

“ဈေးလေးတက်လာပြီဆိုရင် ကားသစ်တွေ ပြောင်းစီးဖို့ စဉ်းစားဖို့လိုလာမယ်လို့ ကျွန်တော့်အနေနဲ့ မြင်တာပေါ့”
ဒေါက်တာစိုးထွန်း (မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်းချုပ်၊ ဥက္ကဋ္ဌ)

လက်ရှိမှာတော့  အပြောင်းအလဲ သဘောသဘာဝအရ လူတွေကတော့ ကားဟောင်းကိုပဲ ဝယ်စီးဖို့ အားသန်နေကြတာပေါ့။ ဆိုတော့ ကားဟောင်း၊ တစ်ပတ်ရစ် ကားဈေးကတော့ နည်းနည်းတက်လာတဲ့ သဘောရှိတာပေါ့။ ဈေးတက်တဲ့နေရာမှာလည်း အများကြီးတော့ မတက်နိုင်ပါဘူး။ ကျွန်တော်တို့တိုင်းပြည်မှာလည်း ကားထုတ်လုပ်တာတွေ ရှိနေတာဆိုတော့လေ။ ဆူဇူကီးတို့၊ နစ်ဆန်းတို့ပေါ့နော်။ အဲဒါတွေကလည်း (ကျပ်သိန်း) ၂၀ဝ ကျော်ဆို ကျွန်တော်တို့ ဝယ်စီးလို့ရနေပြီလေ။ အဲတော့ ကျွန်တော်တို့ မြင်တာကတော့ ဘယ် Trend နဲ့ သွားမလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့လေ။ ကားဟောင်းဝယ်မယ့်သူတွေ အနေနဲ့လည်း ဈေးလေး တက်လာပြီဆိုရင် ကားသစ်တွေ ပြောင်းစီးဖို့ စဉ်းစားဖို့ လိုလာမယ်လို့ ကျွန်တော့်အနေနဲ့ မြင်တာပေါ့နော်။ Safety အရ ကြည့်မယ်ဆိုရင်လည်း ဘယ်မောင်းကတော့ Safety နဲ့ ကိုက်တာပေါ့။ ညာမောင်း စီးတဲ့သူကလည်း စီးပေါ့။ Safety ကို စဉ်းစားတဲ့သူတွေကတော့ ဘယ်မောင်းကို စီးပေါ့။ ဒါပဲရှိတာပဲ။ ဈေးနှုန်းကတော့ သူ့မော်ဒယ်လ်အလိုက် ရှိမှာပေါ့။ ခုန ကျွန်တော်ပြောခဲ့သလိုပဲ သိန်း ၂၀ဝ လောက်ဆိုရင်တောင် Brand New စီးလို့ရနေပြီ။ တစ်ခုတော့ ရှိတာပေါ့။ သိန်း ၁၀ဝ နဲ့တော့ Brand New စီးလို့ မရဘူးပေါ့။ ကျွန်တော်တို့ ဗမာလူမျိုးအများစုက ဂျပန် Used ကားကို သဘောကျကြတယ်။ ဗမာကတော့ သူ့ရဲ့သဘော သဘာဝမှာကိုက အစွဲအလမ်း ကြီးတယ်လေ။ သူက ဒါဆိုရင်ဒါပဲ။ ပြောင်းလဲဖို့ ခက်တာကိုး။ သို့သော်လည်း ပစ်ကပ်တို့၊ ထရပ်တို့ အသစ်ပြောင်းသွားရင် ဘယ်လို လုပ်မလဲဆိုတော့ သူတို့လည်း ကိုရီးယားတို့၊ တရုတ်တို့ ရှိနေတာပဲလေ။ ပြောချင်တဲ့သဘောက ကျွန်တော်တို့ကျတော့ ဂျပန် Used ကားကိုပဲ ပိုပြီးတော့ တန်ဖိုးထားကြတာလေ။ အခုက အဲပုံစံတော့ ပြောင်းသွားမှာပေါ့နော်။ တကယ်တမ်းကျတော့ လုပ်ငန်းသုံးကားတွေ တော်တော်များများက တရုတ်ကားတွေကို သုံးနေကြတာလေ။ နယ်မှာသုံးနေတဲ့ SKAT တို့၊ ထွေလာဂျီပဲပြောပြော တော်တော်များများက တရုတ် ကားတွေပဲလေ။ နောက်ဆုံး ၂၂ ဘီးခေါင်းတွဲကအစ ကျွန်တော်တို့ တရုတ်ကားတွေ သုံးနေကြတာပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ်တော့ ပြောင်းတော့ သုံးရမှာပဲလေ။

ဟိန်းမြတ်စိုး


  • VIA