News

POST TYPE

AUTOMOBILE

Water Bus စီးသူများ
16-Oct-2017

“CCTV နဲ့ သင်္ဘောတိုင်းကို ကြည့်နေပါတယ်”
ဒေါ်တင့်တင့်လွင် (တင့်တင့်မြန်မာကုမ္ပဏီ- ဥက္ကဋ္ဌ)

ရေကြောင်းဘတ်စ်ကို လက်ရှိ မှတ်တိုင်ခြောက်ခု ပြေးဆွဲပေးပါတယ်။ သင်္ဘော ၁၃ စင်းနဲ့ ပြေးဆွဲပေးမှာပါ။ ပြည်ပ သင်္ဘောကခရီးသည် ၂၃၀ ဆံ့တယ်။ အမြန်ရေယာဉ်ဖြစ်တဲ့အတွက် ရုံးချိန်အတွင်းမှာ အခေါက်ရေ များများ ပြေးပေးမယ်။ ပြည်တွင်းက ခရီးသည် ၁၂၀ ဆံ့တယ်။ နေ့လယ်ပိုင်းမှာ အပျော်စီးသမားတွေအတွက်ပေါ့။ လုံခြုံရေးအပိုင်းကို အတင်းကျပ်ဆုံး ဆောင်ရွက်ထားတာပါ။ သင်္ဘောတစ်စင်းမှာ လုံခြုံရေးဝန်ထမ်း တစ်ယောက်ပါမယ်။ CCTV နဲ့ သင်္ဘောတိုင်းကို ကြည့်နေပါတယ်။ အချိန်နဲ့တစ်ပြေးညီ ထိန်းချုပ်မှာပါ။ ခရီးသည်စီးနင်းမှု အခြေအနေကိုကြည့်ပြီး တိုင်းအစိုးရအဖွဲ့နဲ့ပူးပေါင်းပြီး မှတ်တိုင် ထပ်တိုးမယ်။ အခုအစပိုင်း ဖြစ်တဲ့အတွက် ခရီးသည်တွေရဲ့အသံကို နားထောင်ပြီး ဝန်ဆောင်မှု ပေးသွားမှာပဲ ဖြစ်ပါတယ်။

“အခုက စမ်းပြီးစီးကြည့်တာ ဖြစ်တဲ့အတွက် YBS ထက်စီးရတာ အဆင်ပြေရင်တော့ နောက်ဆို စီးဖြစ်မှာပါ”
ဦးအောင်ခိုင် (ခရီးသည်)

ဒါက အစပိုင်းထင်လို့ အခုနေတော့ ကောင်းနေတာပဲ။ ရေရှည်ကျရင်တော့ ပိုအဆင်ပြေအောင် လုပ်စေချင်ပါတယ်။ ဖွင့်ထားတာ ဘယ်လောက်မှ မကြာသေးတဲ့အတွက် ရေရှည်မှာ ကောင်းအောင်တော့ လုပ်သင့်ပါတယ်။ အခုလက်ရှိမှာက အတက် အဆင်း လုပ်တဲ့နေရာ သင်္ဘောနဲ့တက်တဲ့ နေရာမှာဟနေတော့ အဘတို့လို အသက်ကြီးတဲ့သူတွေအတွက် သိပ်တော့ အဆင်မပြေဘူး။ နောက်တစ်ခုက ဆိပ်ကမ်းတွေကပ်တဲ့အခါ ဘယ်ဆိပ်ကမ်းကို ကပ်တယ်ဆိုတာလည်း မပြောတဲ့အတွက် အခုလို စစမ်းပြီးစီးတဲ့အချိန်မှာ ဘယ်ဆိပ်ကမ်းမှာ ကပ်တယ်ဆိုတာ မသိရဘူးပေါ့နော်။ ဖြစ် နိုင်မယ်ဆိုရင် ပါလာတဲ့ဝန်ထမ်းလေးတွေ က ဘယ်ဆိပ်ကမ်းကို ကပ်တယ်ဆိုတာ ကြေညာပေးစေချင်ပါတယ်။ အခုက စမ်းပြီး စီးကြည့်တာဖြစ်တဲ့အတွက် YBS ထက် စီးရတာ အဆင်ပြေရင်တော့ နောက်ဆို စီးဖြစ်မှာပါ။ နောက်ပိုင်းမှာ Water Bus ကို ဒီထက် ပိုကောင်းစေချင်ပါတယ်။

“ YBS  နဲ့ စာရင် ရေလမ်းခရီးကနေ သွားရတာ ပိုအဆင်ပြေလား၊ မပြေဘူးလားဆိုတာ သိချင်လို့ လာစီးတာပါ”
ကိုအောင်ကျော်မင်း (ခရီးသည်)

Water Bus ကို စပြီးစီးကြည့်ရတဲ့ အကြောင်းပြချက်က YBS တွေစီးရတာ ကားတွေကျပ်၊ လူတွေကျပ်တဲ့ဒဏ်ကို သက်သာမလားလို့ စစမ်းစီးကြည့်တာပါ။ အခု ကျွန်တော် ပန်းဆိုးတန်းကနေ အင်းစိန်အထိ စီးမှာပါ။ YBS နဲ့စာရင် ရေလမ်း ခရီးကနေ သွားရတာ ပိုအဆင်ပြေလား၊ မပြေဘူးလား ဆိုတာသိချင်လို့ လာစီးတာပါ။ အစပိုင်းတော့ အဆင်ပြေတယ် မြင်တယ်။ ဒါပေမဲ့ YBS နဲ့သွားရင် အချိန် နှစ်နာရီလောက် ပေးစီးရမယ့်ခရီးကို Water Bus စီးရင် အချိန်တစ်နာရီလောက်ပဲ ပေးရမယ်ဆိုတော့ ကားပိတ် လူပိတ်မယ့်ဒဏ်လည်း မခံရဘူးထင်လို့ အခုလက်တွေ့စီးကြည့်တော့ YBS လိုပဲ အချိန် နှစ်နာရီကျော်ကျော် ကြာတဲ့အတွက် သိပ်တော့အဆင်မပြေပါဘူး။ အားသာချက်ကတော့ ရေပေါ်ကနေ ရှုခင်းလေးတွေကြည့်ရတာ သဘောကျတယ်။

  • VIA