News

POST TYPE

AUTOMOBILE

မော်ဒယ်လ် ခွာညိုသင်းနှင့် တွေ့ဆုံခြင်း
09-Oct-2017 tagged as

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ ကြော်ငြာရိုက်ကူးမှုတွေနဲ့ နာမည်ရလာတဲ့ တက်သစ်စ မော်ဒယ်လ် ခွာညိုသင်းနဲ့ သွားရောက်တွေ့ဆုံပြီး ကားနဲ့ ပတ်သက်တာလေးတွေ မေးမြန်းဖြစ်ထားပါတယ်။

Voice : အခုဘာကားလေးစီးနေလဲ။
KNT : ညီမ လက်ရှိစီးနေတဲ့ ကားအမျိုးအစားက Crown အမျိုးအစားပါ။

Voice : ဝယ်ထားတာရော ကြာပြီလား။ 
KNT : ဝယ်ထားတာက သုံးနှစ်လောက် ရှိသွားပါပြီ။ 

Voice : ဒီကားအပြင် တခြားဘယ်ကားအမျိုးအစားတွေ စီးခဲ့ဖူးသေးလဲ။
KNT : ဒီကားအရင်တော့ အန်စာတုံးလေးစီးတယ်။ ရွှေငါးလည်း စီးခဲ့ဖူးတယ်။ လက်ရှိမှာတော့ အိမ်မှာ အန်စာတုံးရယ်၊ ဒီ Crown ရယ် ရှိပါတယ်။

Voice : လက်ရှိ စီးနေတဲ့ကားရဲ့ အားသာချက်က ဘာတွေရှိလဲ။
KNT : လက်ရှိစီးနေတဲ့ Crown ကတော့ စီးရတာငြိမ့်တယ်။ လီဘာနင်းရင် နင်းသလောက် ပြေးတယ်။ စီးလို့တော့ အရမ်း ကောင်းတယ်။ 

Voice : ညီမအနေနဲ့ ဘယ်လို ကားအမျိုးအစားတွေကို သဘောကျလဲ။
KNT : ညီမအနေနဲ့ဆိုရင်တော့ ညီမက Honda Fit ကြိုက်တယ်။ ညီမက မိန်းကလေးလည်းဖြစ်တော့ ကားသေးတာလေးတွေက အဆင်ပြေတယ်။ ပါကင်နေရာဆိုလည်း မခက်ဘူး။ ထိုးလို့လွယ်တယ်။ ညီမက ကားသေးတာကို ပိုကြိုက်တယ်။ နောက် ညီမ ပြိုင်ကားလေးတွေ ကြိုက်တယ်။ GT-R အနီရောင်လေး သဘောကျတယ်။ 

Voice : လူငယ်လည်း ဖြစ်တာဆိုတော့ ကားမှာ အလှဆင်တာမျိုးတွေရော သဘောကျလား။
KNT : အလှ ဆင်တာကတော့ သဘောကျပါတယ်။ ကိုယ်တိုင်တော့ တစ်ခါမှ မလုပ်ကြည့်ဖူးပေမယ့် မောင်လေး လုပ်ထားတာကို ကြည့်ပြီး သဘောကျတယ်။ 

Voice : ကားကရော ကိုယ်တိုင် မောင်းတာလား။ 
KNT : ကားကို ညီမ ကိုယ်တိုင်တော့ မမောင်းဘူး။ ရှုတင်သွားတာတို့၊ အပြင်သွားတာတို့ဆို ဖေဖေ လိုက်ပို့ပေးတာ များတယ်။ 

Voice : အခု ယာဉ်လမ်းကြောင်း အခြေအနေကိုရော ဘယ်လိုမြင်လဲ။
KNT : ညီမ အခုမြင်နေတာကတော့ လမ်းရှင်းတယ် ဆိုတာကတော့ မရှိဘူး။ လမ်းက ဘယ်နေရာကိုပဲသွားသွား ပိတ်နေတာတွေချည်းပဲ။ YBS တွေ၊ တက္ကစီတွေနဲ့ တော်တော်များများက ယာဉ်စည်းကမ်း သိပ်မလိုက်နာကြဘူး။ 

Voice : ယာဉ်စည်းကမ်း လမ်းစည်ကမ်းနဲ့ ပတ်သက်ပြီးတော့ရော ယာဉ်မောင်းတွေကို ဘယ်လို အကြံပေးချင်တာမျိုးရှိလဲ။
KNT : ညီမအနေနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး အကြံပေးချင်တာတော့ တည့်သွားတဲ့ကားတွေကို ဦးစားပေးစေချင်တယ်။ ဒီလိုဆို လမ်းကြော အကြာကြီး ပိတ်တာမျိုးတွေ လျော့သွားမယ်လို့ မြင်ပါတယ်။ 

ခိုင်ချယ်ရီထွန်း

  • TAGS