News

POST TYPE

AUTOMOBILE

မီတာတက္ကစီနှင့် အခက်အခဲများ
09-Oct-2017 tagged as တက္ကစီ

“သူတို့က တစ်ပတ်တစ်ခါမှ ငွေရှင်းပေးတာဆိုတော့ အိမ်ကို ပိုက်ဆံပြန်ပါမလာဘူး။ နေ့စဉ် ဝင်ငွေမရဘူး”
ဦးပြေငြိမ်း (Oway ယာဉ်မောင်း)

ကျွန်တော်တို့ကို ကုမ္ပဏီက ပရိုမိုးရှင်းတွေ ပေးထားတော့ အဆင်ပြေတယ်။ အခုနောက်ပိုင်း သိပ်မဆွဲဖြစ်ဘူး။ မဆွဲဖြစ်ဘူးဆိုတာက သူတို့က တစ်ပတ် တစ်ခါမှ ငွေရှင်းပေးတာဆိုတော့ အိမ်ကို ပိုက်ဆံ ပြန်ပါမလာဘူး။ နေ့စဉ် ဝင်ငွေ မရဘူး။ မီတာတက္ကစီရဲ့ အားသာချက်ကတော့ ကိုယ်တိုင် ခရီးသည် ထွက်ရှာစရာ မလိုဘူး။  ဒါပေမဲ့ တစ်ဖက်က ကြည့်ပြန်တော့လည်း ရာခိုင်နှုန်း အဖြတ် မခံရဘူးပေါ့။ ဒါပေမဲ့ မီတာတက္ကစီ ဆွဲတာကျ Uber ဆို ယာဉ်မောင်းတွေဆီက ၂၅ ရာခိုင်နှုန်းဖြတ်တယ်။ Grab ဆို ၁၅ ရာခိုင်နှုန်းဖြတ်တယ်။ Oway ဆို ၁၅ ရာခိုင်နှုန်းဖြတ်တယ်။ Grab မှာ ခရီးသည်တွေနဲ့ ပြဿနာဖြစ်တဲ့အပေါ် ကျွန်တော်တို့ ယာဉ်မောင်းနေရာက ပြောရရင် ညဘက် ကားသိမ်းချိန်လိုမျိုးမှာ လှိုင်သာယာဘက်ကို ငှားတယ်။ ကျွန်တော်က  မြောက်ဒဂုံမှာ နေတယ်ဆို မကိုက်တော့ဘူး။ တချို့ကျမလိုက်နိုင်ဘူးဆို ခရီးသည်က လက်ခံပေးတာမျိုး ရှိသလို လက်မခံပေးတဲ့အချိန်မှာ ပြဿနာဖြစ်တယ်။ တချို့ ခရီးသည်တွေကျတော့ ကျွန်တော်က လှည်းတန်းကခေါ်တယ် ဖုန်းလက်ခံတယ်။ သူ ခေါ်တဲ့ လမ်းသွယ်ထဲ ဝင်ဖို့ဟာကျ လှည်းတန်းမှာက သိတဲ့အတိုင်း လမ်းကကျပ်တဲ့အတွက် အောက်မှာ ဆင်းစောင့်ပေးဖို့ ပြောတာကို ခရီးသည်ဘက်က မင်းကား အိမ်ရှေ့ရောက်တာ မြင်ရင် ဆင်းလာခဲ့မယ်၊ ဘာညာဆိုပြီး ပြောဆိုနေတာဆိုတော့ ကျွန်တော်လည်း ခရီးစဉ် ဖျက်လိုက်တယ်။ တကယ်ဆို လိုက်ချင်လို့တောင် ခရီးစဉ် လက်ခံပြီးပြီ။ သူတို့ဘက်က စကားပြော အဆင်မပြေတဲ့အခါ မလိုက်ချင်တော့ဘူး။ အဲဒီလိုလေးတွေတော့ ရှိပါ တယ်။                                                      

“ကိုယ်သွားမယ့် ခရီးစဉ်ကို GPS နဲ့ မှတ်တမ်း တင်ပေးထားတာ သဘောကျတယ်”
ဒေါက်တာ အောင်ဇင်ထွန်း (ခရီးသည်)

မီတာတက္ကစီ စီးရတာ အဆင်ပြေတာတွေလည်း ရှိတယ်။ အဆင်မပြေတာတွေလည်း ရှိတယ်။ အဆင်ပြေတာက ဘာလဲဆိုတော့ ဈေးညှိနေစရာ မလိုဘူး။ ကျွန်တော်က ဈေးညှိရတာ ပျင်းတယ်။ အဲဒီတော့ အဲဒါက အတော် အဆင်ပြေတယ်။ နောက်တစ်ခုက ကိုယ်သွားမယ့် ခရီးစဉ်ကို GPS နဲ့ မှတ်တမ်း တင်ပေးထားတာ သဘောကျတယ်။ ဥပမာ ညခင်း မိန်းကလေး တစ်ယောက်ယောက် ပြန်မယ်ဆိုရင် တွေ့တဲ့တက္ကစီ ငှားပေးလိုက်တာထက် အဲလိုခရီးစဉ်ကို မှတ်တမ်းတင်ပေးထားတဲ့ မီတာတက္ကစီနဲ့ ငှားပေးလိုက်တာ ပိုစိတ်ချရတယ်လို့ ခံစားရတယ်။ ပြီးတော့ ပစ္စည်းတွေ ဘာတွေ မေ့ကျန်ခဲ့ရင်လည်း ကုမ္ပဏီနဲ့ချိတ်ပြီး ပြန်ယူလို့ရတယ်။ ကျွန်တော်ဆိုရင် ခဏခဏ မေ့တတ်တော့ အဲဒါ အဆင်ပြေတယ်။ အဆင်မပြေတာ ပြောရရင်တော့ ဈေးနှုန်းပေါ့။ တချို့ မီတာတက္ကစီတွေက စထွက်ကတည်းက ၂၀ဝ၀ က စမှတ်တာမျိုးရှိတယ်။ ဆိုတော့ ခရီးစဉ်က တိုရင် အဆင်မပြေဘူး။ နောက်တစ်မျိုးက ကားပိတ်လို့ စောင့်ရရင် အဲဒီစောင့်နေရတဲ့အချိန် မိနစ်နဲ့တွက်ပြီး ပေးရတာရှိတယ်။ ကျွန်တော်တို့ ရန်ကုန်ကားလမ်းတွေက သိတဲ့အတိုင်းပဲ။ ကားမပိတ်တဲ့နေရာမှ မရှိတာ။ ခရီးအကွာအဝေးတင် မကဘဲ အချိန်အတွက်ပါ ပိုက်ဆံပေးရတော့ အဆင်မပြေဘူး။ ပုံမှန်ထက်ဈေးက တော်တော် များသွားတာမျိုး ကျွန်တော် ကြုံရဖူးတယ်။ နောက်တစ်ခုက GPS သုံးပြီး ခေါ်တဲ့နေရာမှာ ခရီးသည်မှာရော တက္ကစီမောင်းသူမှာရော GPS သုံးတာ မကျွမ်းကျင်မှုက နည်းနည်း အခက်အခဲ ဖြစ်စေတယ်ထင်တယ်။ ကိုယ်က ကိုယ့်နေရာကို ပို့ပေးလိုက်ပေမယ့် သူတို့က ရောက်မလာနိုင်တာမျိုး ဖုန်းခဏခဏ ဆက်ပြီး မေးရတာမျိုး ကြုံရတယ်။ တစ်ခု ကောင်းတာက မီတာတက္ကစီ ကုမ္ပဏီတွေက များလာတော့ ရွေးချယ်စရာ ရှိလာတာပဲ။ တစ်ခုနဲ့တစ်ခု စနစ်ကလည်း မတူကြဘူး။ ခုနကပြောသလို အကွာအဝေးနဲ့  အချိန်အပေါ် မူတည်ပြီး ငွေရှင်းရတာ ရှိသလို အကွာအဝေး တစ်ခုတည်းအပေါ် မူတည်ပြီးတော့ ရှင်းရတာလည်း ရှိတယ်။ အဲဒီတော့ ကိုယ်သွားမယ့် ခရီးစဉ်နဲ့လိုက်ဖက်မယ့် ကုမ္ပဏီကိုရွေးပြီး စီးရတာပေါ့။

“ဒီ App သစ် (Grab Taxi Application) က ကျွန်တော်တို့ ယာဉ်မောင်းတွေအတွက် တချို့ ခရီးစဉ်တွေမှာ အဆင်မပြေဘူး”
ကိုဝင်းထွဋ်ဆွေ (Grab ယာဉ်မောင်း)

အခုနောက်ပိုင်းမှာ ကျွန်တော်တို့ ယာဉ်မောင်းတွေကို ခရီးသည် ပို့ပေးရမယ့်နေရာတွေ မပေါ်တော့ဘူး။ ကုမ္ပဏီက ဘယ်လို ပြောင်းလိုက်လဲတော့ မသိဘူး။ ဒီ App သစ် (Grab Taxi Application) က ကျွန်တော်တို့ ယာဉ်မောင်းတွေအတွက် တချို့ခရီးစဉ်တွေမှာ အဆင်မပြေဘူး။ ကျွန်တော်တို့ တောင်ဒဂုံတို့ ဘာတို့ဆို ကျွန်တော်တို့က ဆီကားဖြစ်တဲ့အတွက် မလိုက်ချင်ဘူး။ အဲဒီဘက်သွားရင်လည်း Grab နဲ့ ငှားတဲ့ခရီးသည်က သိပ်မရှိဘူး။ အဲဒီတော့ ယာဉ်မောင်းဘက်က အဆင်မပြေဘူး။ မလိုက်ချင်ကြတာ များတယ်။ အရင် App နဲ့က အဆင်ပြေတယ်။ သူတို့ သွားတယ်ဆိုတာ ပွိုင့်ချတာကို မြင်ရတယ်။ ကျွန်တော်တို့လိုက်ချင် ဖုန်းခေါ်လိုက်မယ်။ မလိုက်ချင်တဲ့အခါ အဆင်မပြေတဲ့အကြောင်း ပြန်လိုက်တယ်။ အဲဒါက နှစ်ဖက်စလုံး အဆင်ပြေတယ်။ နောက်တစ်ချက်က လက်ရှိယာဉ်မောင်းတွေအတွက် ဘောနပ်စ် ပေးနေလို့သာ ကိုက်တာ။ မဟုတ်ရင် ကုမ္ပဏီကို ၁၅ ရာခိုင်နှုန်း ပြန်ပေးရသေးတဲ့အတွက် ကျွန်တော်တို့အတွက်က ခရီးစဉ်ဝေးတဲ့အခါမျိုးတွေမှာ အပြန်မှာ ခရီးသည် မတင်လာနိုင်ရင် ကျွန်တော်တို့အတွက် မကိုက်ဘူး။ လက်ရှိမှာလည်း ကုမ္ပဏီတွေက တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် ဈေးတွေ လျှော့ပေးနေတဲ့အခါ ကျွန်တော်တို့ဘက်ကျ မကိုက်တော့ဘူး။ အရင်သုံးထောင်ကျမယ့်နေရာမှာ ခရီးသည်ကို ဘောနပ်စ် ၂၅  ရာခိုင်နှုန်းပေးရင် ၂၂၅၀ ပဲ ကျတော့တယ်။ အဲဒီ ၂၂၅၀ ထဲကနေ ကျွန်တော်တို့ကို ၁၅ ရာခိုင်နှုန်း ထပ်ဖြတ်ခံရရင် ကျွန်တော်တို့အတွက် ဘယ်လိုမှ မကိုက်တော့တာမျိုးတွေ ရှိတယ်။ အခုတော့ ကျွန်တော်တို့ဘက်ကိုလည်း ကုမ္ပဏီက ဘောနပ်စ်ရနေသေးလို့ အဆင်ပြေတာပါ။ မဟုတ်ရင်တော့ ကျွန်တော်တို့လည်း နားရမယ်။

ခိုင်ချယ်ရီထွန်း