News

POST TYPE

AUTOMOBILE

သရုပ်ဆောင် ကျော်သက်ဝေနှင့် တွေ့ဆုံခြင်း
02-Oct-2017 tagged as

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ သရုပ်ဆောင် ကျော်သက်ဝေနဲ့တွေ့ဆုံပြီး ကားနဲ့ပတ်သက်တာလေးတွေ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာကို ဖော်ပြပေးသွားမှာပါ။

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
KTW : ကျွန်တော် လက်ရှိစီးနေတဲ့ ကားအမျိုးအစားက KIA Sportage 2017 ပါ။ သူက Panorama Roof ပါတယ်။ ကျွန်တော်က အပေါ်ကနေ ရှုခင်းတွေ ကြည့်ရတာ ဝါသနာပါလို့။ 

Voice : ကားကို ကိုယ်တိုင်ပဲ မောင်းတာလား။
KTW : ပုံမှန်အားဖြင့်တော့ ကျွန်တော် ကားမောင်းခဲတယ်။ ဘေးကနေ ထိုင်စီးရတာ ပိုပြီးသဘောကျတယ်။ 

Voice : ဒီကားက ဝယ်ထားတာကြာပြီလား။ 
KTW : ဝယ်ထားတာက မကြာသေးဘူး။ နောက်ပြီး ကျွန်တော့်မှာက ကားကုမ္ပဏီပိုင်ရှင် အသိတွေ တော်တော် များတယ်။ များတဲ့အတွက် ကျွန်တော် တစ်လ တစ်ခါ၊ နှစ်လတစ်ခါလောက် အမြဲ ပြောင်းစီးဖြစ်တာ များတယ်။ 

Voice : ကားအမျိုးအစားတွေ အများကြီးထဲကနေ ဒီကားလေး ရွေးချယ်ဖြစ်သွားပုံလေး ပြောပြပေးပါဦး။ 
KTW : ဒီကားဆို အတော်လေး သဘောကျတယ်။ တခြားကားတွေထက် သာတာက ကားထဲကို ဝင်လိုက်ပြီဆိုတာနဲ့ ထိုင်ခုံတွေ ပူနေရင်လည်း အေးအောင်လုပ်ပေးတဲ့စနစ် ထည့်ထားပေးတယ်။ နောက် Round Air-Con လည်းပါတယ်။ 

Voice : ဒီကားအပြင် တခြားဘယ်လို ကားအမျိုးအစားတွေ သဘောကျသေးလဲ။ 
KTW : ဒီကားအပြင် BMW လည်း ကြိုက်တယ်။ Mercedes လည်း သဘောကျတယ်။ ကားအကောင်းတွေ မှန်သမျှ ကျွန်တော်ကတော့ သဘောကျတယ်။ 

Voice : ဒီကားနဲ့ ခရီးတွေဘာတွေရော ထွက်ပြီးသွားပြီလား။
KTW : ဒီကားနဲ့တော့ ခရီးမထွက်ဖြစ်သေးဘူး။ ခရီးသွားရင် Alphard နဲ့ သွားဖြစ်တာ များတယ်။ 

Voice : အနုပညာရှင် တစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင်ရော ဒီကားက အဆင်ပြေလား။
KTW : အဆင်ပြေတယ်။ ဒီကားက အတွင်းပိုင်းလည်း ကျယ်တဲ့အတွက် အဝတ်အစားလဲတာ၊ ရှုတင်အတွက် ပစ္စည်းတင်တာအတွက်လည်း ကောင်းတယ်။

Voice : ကားနဲ့ပတ်သက်ပြီးတော့ အမှတ်တရတွေ ရှိခဲ့ဖူးလား။
KTW : ကားနဲ့ပတ်သက်ပြီး အမှတ်တရကတော့ ကျွန်တော် ၂၀၁၀ လောက်က ကျွန်တော် ကားလည်း သေချာ မမောင်းတတ်သေးတဲ့အချိန် အော်တိုဂီယာတွေ စပေါ်ကာစလောက်က သူငယ်ချင်းတစ်ယောက်က BMW လေး တစ်စီးယူလာတယ်။ အဲ့ဒါ သူ့ကားကို ခဏ စမ်းမောင်းကြည့်တာ Manual နဲ့ မောင်းတတ်ကာစဆိုတော့ သူ့ကားက Auto ဂီယာဆိုတော့ တက်မောင်းတာနဲ့ ထွက်သွားတော့ အတော်လေး လန့်သွားတယ်။ လီဘာတွေရော၊ ဘရိတ်တွေရော အကုန် စောင့်နင်းလိုက်တော့မှ တိုက်ဖို့လက်လေးလုံးလောက် အလိုမှာ ရပ်သွားတယ်။ အဲဒါကတော့ ဘဝမှာ အတော်လေး အမှတ်တရ ဖြစ်ခဲ့ဖူးတယ်။

Voice : ယာဉ်အန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး ပရိသတ်ကို ဘယ်လို အကြံပေးချင်လဲ။ 
KTW : အခုနောက်ပိုင်းမှာ ယာဉ်အန္တရာယ် ကင်းရှင်းရေးနဲ့ပတ်သက်ပြီး ခါးပတ်ပတ်ရမယ်ဆိုတဲ့ စီမံချက် ထွက်လာတယ်။ တချို့ကျတော့လည်း လိုက်နာတာရှိသလို တချို့ကျတော့လည်း မလိုက်နာကြဘူး။ ကားမောင်းရင်တော့ ခါးပတ် ပတ်ထားစေချင်တယ်။ နောက်တစ်ခုက ဖုန်းသုံးတာပေါ့နော်။ ကားမောင်းရင်း ဖုန်းပြောတဲ့အခါ Bluetooth လေးတပ်ထားပြီး ဖုန်း ပြောကြပါလို့ အကြံပြုချင်တယ်။

ခိုင်ချယ်ရီထွန်း

  • TAGS