News

POST TYPE

AUTOMOBILE

ရန်ကုန်မြို့တော်နှင့် Water Bus
02-Oct-2017

“သင်္ဘောပေါ်မှာလည်း လုံခြုံရေးဝန်ထမ်းတွေ လိုက်ပါမှာဖြစ်တယ်”
ဒေါက်တာမောင်အောင် (ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ အတွင်းရေးမှူး)

ရန်ကုန်မြစ်ကြောင်းအတွင်းမှာ Yangon Water Bus ကို မကြာခင် ပြေးဆွဲတော့မှာပါ။ လက်ရှိတော့ အောက်တိုဘာလထဲလို့ ခန့်မှန်းထားတယ်။ အခြေခံလူတန်းစားပါ စီးနင်းနိုင်မှာပါ။ ခရီးစဉ်တစ်ပိုင်းကို ကျပ် ၃၀၀ သတ်မှတ်ထားတယ်။ ဂိတ်စဂိတ်ဆုံး စီးနင်းမယ် ဆိုရင်တော့ ကျပ် ၅၀၀ ပါ။ ငွေပေးချေကတ်နဲ့ စီးနင်းရမှာဖြစ်တယ်။ ကနဦး စတင်ပြေးဆွဲမှာက အင်းစိန်၊ ဘုရင့်နောင်တံတား၊ FMI အိမ်ရာ၊ လှိုင်ဘူတာရုံလမ်း၊ ကြည့်မြင်တိုင်(ဈေးကြီးတံတား)၊ လသာ(လမ်းသစ်တံတား)၊ ပန်းဆိုးတန်း (နန်းသီတာ)၊ ဗိုလ်တထောင် (တံတား အမှတ်-၄) ရေကြောင်း မှတ်တိုင်တွေပဲ ဖြစ်တယ်။ အခုသင်္ဘောတွေကို ခရီးသည် လုံခြုံရေးအတွက် ဘယ်လောက်ပေးနိုင်မလဲ၊ ဘယ်လိုပေးမှာလဲ စစ်ဆေးပြီးသွားပြီ။ သင်္ဘောပေါ်မှာလည်း လုံခြုံရေးဝန်ထမ်းတွေ လိုက်ပါမှာ ဖြစ်တယ်။ ကုမ္ပဏီဘက်က ပြည်တွင်းက တည်ဆောက်ထားတဲ့ သင်္ဘောကို ခရီးသည် ၁၅၀ ဦး တင်ဆောင်မယ်လို့ တင်ပြထားတယ်။ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ ခွင့်ပြုချက်အရပဲ ပြေးဆွဲရမှာ ဖြစ်တယ်။ မကြာခင်အားလုံးကို အသိပေးသွားမှာပါ။

“ဘတ်စ်ကားစီးပြီး အချိန်တစ်နာရီ၊ နှစ်နာရီကြာ ပေးစီးရပြီး စိတ်မောလူမော ဖြစ်ရမှာထက်စာရင် တန်ပါတယ်”
ဦးအောင်ရဲကျော် (ခရီးသည်)

Water Bus စပြီးပြေးဆွဲမယ်ဆို အရင်လိုင်းကားတိုး စီးသွားနေရတာထက်စာရင် အများကြီး အဆင်ပြေမယ်လို့ ထင်ပါတယ်။ အချိန်လည်း ကိုယ့်အတွက် ပိုကျန်မယ်လို့ ထင်ပါတယ်။ လိုင်းကားဆို စီးရတာ မွန်းကျပ်တယ်။ ဒါက သင်္ဘောနဲ့ဆိုတော့ ဘတ်စ်ကားထက်စာရင် ပိုပြီးလေကောင်းလေသန့် ရတယ်။ ကျယ်ကျယ်ဝန်းဝန်းနဲ့ သက်သောင့်သက်သာစီးလို့ ရမယ်။ အဓိက ကတော့ လိုင်းကားစီးတဲ့အခါ ယာဉ်ကြောပိတ်ရင် စိတ်က အတော်လေး အဆင်မပြေ ဖြစ်ရတယ်။ အခု Water Bus ကတော့ ရေထဲမှာပဲဆိုတော့ ယာဉ်ကြောပိတ်ဆို့မှုတွေ မရှိတော့တာနဲ့တင် သဘောကျမိပါတယ်။ နောက်ဆို လှိုင်သာယာဘက်ကိုသွားတဲ့အခါ ဘတ်စ်ကားမစီးတော့ဘဲ Water Bus ပဲစီးဖြစ်ဖို့ သေချာတယ်။ ခရီးစဉ်အစ အဆုံးကို ငါးရာကျမယ်လို့ သိရပါတယ်။ ဒါကလည်း ဘတ်စ်ကားစီးပြီး အချိန်တစ်နာရီ၊ နှစ်နာရီကြာ ပေးစီးရပြီး စိတ်မောလူမော ဖြစ်ရမှာထက်စာရင် တန်ပါတယ်။

“အဓိကကတော့ Safety ပိုင်း ကောင်းကောင်းနဲ့ Service ကောင်းကောင်းပေးမယ်ဆိုရင် အများစုက စီးကြမှာပါ”
မခင်စုစုဇော် (ခရီးသည်)

မှတ်တိုင်တွေက အင်းစိန် ကြိုးတံတားအနီး ဘုရင့်နောင်တံတား၊ FMI အိမ်ရာ၊ လှိုင်ဘူတာရုံလမ်း၊ ကြည့်မြင်တိုင် ကြိုးတံတား၊ လသာလမ်းသစ်တံတား၊ ပန်းဆိုးတန်းနဲ့ ဗိုလ်တထောင်လို့  သိထားရပါတယ်။ အခုပြေးဆွဲမယ့် မှတ်တိုင်တွေထဲမှာ လှိုင်ဘူတာရုံလမ်းပါလို့ ကျွန်မအတွက်တော့ မြို့ထဲဘက်သွားရတဲ့အခါ အရင်ကထက်ပို အဆင်ပြေမယ်လို့ မျှော်လင့်ထားပါတယ်။ ကမ်းနားဘက်နားမှာ နေတဲ့သူ အများစု မှတ်တိုင်နဲ့နီးတဲ့ အများစုက Water Bus ကို ပိုအစီးများကြလိမ့်မယ်လို့တော့ ထင်ပါတယ်။ သေချာတာတော့ ကားပိတ်ကားကျပ်နေတဲ့ ပြဿနာတွေ အရင်ကထက်စာရင် လျော့နည်းသွားမယ်။ ဈေးနှုန်းနဲ့ ပတ်သက်ပြီးပြောရရင် ခရီးစဉ် အစအဆုံးကို ၅၀၀ လို့ သိထားရပါတယ်။ ကြားထဲက မှတ်တိုင်တွေပဲဆို ၃၀၀၊ YBS နဲ့ဆို ဈေးအရမ်းကြီးမကွာပါဘူး။ အဆင်ပြေပါတယ်။ ရေလမ်းက သွားရတာဆိုတော့ မီးပွိုင့်တွေ ဘာတွေလည်းမရှိ၊ ကားပိတ်တာမျိုးတွေ ဘာတွေလည်းမရှိတော့ ကိုယ်လိုရာကို မြန်မြန်ဆန်ဆန်ရောက်တယ်။ အဓိကကတော့ Safety ပိုင်းကောင်းကောင်းနဲ့ Service ကောင်းကောင်းပေးမယ်ဆိုရင် အများစုက စီးကြမှာပါ။              

ခိုင်ချယ်ရီထွန်း