News

POST TYPE

AUTOMOBILE

မော်ဒယ်လ် ဝင်းပြည့်အောင် (Tyron အဝင်း)နှင့် တွေ့ဆုံခြင်း
18-Sep-2017 tagged as

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ မော်ဒယ်လ်ဝင်းပြည့်အောင် (Tyron အဝင်း) နဲ့ တွေ့ဆုံပြီး သူလက်ရှိစီးနေတဲ့ ကားအကြောင်းလေးနဲ့ ကားနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်လေးတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

Voice : လက်ရှိ စီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။ 
WPA : ကျွန်တော် အခုလက်ရှိမှာ Mazda 3 နဲ့ Mark 2 လေး စီးနေပါတယ်။ 

Voice : ကားက အခုလက်ရှိမှာ နှစ်စီးစီးနေတယ်ဆိုတော့ အဲဒီကားနှစ်စီးရဲ့ ကွာခြားချက်တွေက ဘာတွေရှိလဲ။ 
WPA : ကျွန်တော်က ဒီဇိုင်းပိုင်းမှာ ဆိုရင်တော့ Mazda 3 ကို ကြိုက်တယ်။ အရောင်လေးရော သူ့ပုံစံလေးကိုရော။ ဒါပေမဲ့ ခရီးတွေဘာတွေ သွားတော့မယ် ဆိုရင်တော့ Mark 2  ကို သုံးဖြစ်တာများတယ်။ သူက အောက်ပိုင်းမာတဲ့အတွက် ခရီးသွားတဲ့အခါ အဆင်ပြေတယ်။ နောက် အတွင်းခန်း ကျယ်ဝန်းတာ ကျတော့လည်း ဂျပန်ကားတွေက ပိုကျယ်တယ်။ 

Voice : ရှုတင်တွေ ဘာတွေသွားရင်ရော ဘယ်ကားက ကိုယ့်အတွက် အဆင်ပြေတယ်လို့မြင်လဲ။
WPA : ရှုတင်တွေ ဘာတွေသွားရင်တော့ Mark 2 က ပိုပြီး အဆင်ပြေတယ်။ အတွင်းခန်း ပိုကျယ်တယ်။ သူက မှန်အနက်။ နောက် သူက ခေါင်းရှည်တယ်။ မောင်းတဲ့နေရာနဲ့ မှန်နေရောင်နဲ့ထိတာ ဝေးတဲ့အခါကျတော့ အပူသက်သာတယ်။

Voice : ဒီကားတွေအပြင် တခြား ဘယ်လိုကား အမျိုးအစားတွေ သဘောကျသေးလဲ။
WPA : ကျွန်တော်က ကားအကြီးကြီးတွေ သဘောကျတယ်။ ကြီးမယ်ဆိုလည်း Hummer လောက်ကြီးတာပေါ့နော်။ အဲလိုမျိုး။ ဒါပေမဲ့ အခုလတ်တလောတော့ ကျွန်တော် မီနီကူးပါးလေးတွေ အရမ်း စီးချင်နေတယ်။ 

Voice : ကားကျတော့ရော ကိုယ်တိုင်ပဲ မောင်းတာလား။ 
WPA : ကျွန်တော်ကိုယ်တိုင်ပဲ မောင်းတာပါ။ 

Voice : ကားလျှောက်မောင်းရတာရော သဘောကျလား။ 
WPA : တစ်ခါတလေ ညဘက်တွေ ဆိုရင်တော့ မှန်ချ၊ ကားအဲကွန်းပိတ်၊ သီချင်းဖွင့်ပြီးတော့ ကားလျှောက်မောင်းဖြစ်တယ်။ အဲလိုလေးတွေလည်း ကျွန်တော် သဘောကျတယ်။ 

Voice : လူငယ်လည်း ဖြစ်တာဆိုတော့ ကားပြိုင် မောင်းရတာမျိုးရော သဘောကျလား။
WPA : ကျွန်တော်က ကားပြိုင်မောင်းရတာထက်စာရင် ကားကို မြန်မြန်မောင်းရတာပိုပြီး သဘောကျတယ်။ 

Voice : ကားမောင်းတဲ့အခါ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်လဲ။ 
WPA : ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး တချို့နေရာတွေမှာ စည်းကမ်းလိုက်နာလို့ မရတာမျိုးတွေရှိတယ်။ တုံးတွေ အရမ်း များနေတဲ့အခါမျိုးတွေ။ တစ်ခါတလေကျတော့လည်း ကားသမား အချင်းချင်း နားလည်မှုလေးနဲ့ လမ်းတောင်းပြီး ကွေ့ရတာမျိုး တွေရှိတယ်။ ကျန်တဲ့ ယာဉ်စည်းကမ်းတွေကတော့ လမ်းအရမ်းပိတ်တဲ့အခါ ကားသမား အချင်းချင်း နားလည်မှုနဲ့ပဲ သွားကြတာပါပဲ။ စည်းကမ်းဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့ပဲ လိုပါတယ်။ 

Voice : ကားနဲ့ပတ်သက်ပြီး အမှတ်တရတွေရော ရှိခဲ့ဖူးလား။ 
WPA : ရှိခဲ့ဖူးပါတယ်။ ကျွန်တော်က ယာဉ်မတော်တဆ ခဏခဏ ဖြစ်တယ်။ အဓိက အကြောင်းအရင်းကတော့ ကားမောင်းရင်း ဖုန်းသုံးလို့ပါ။ အမှတ်တရအနေနဲ့ အရင်က ကားအသစ်လေးတစ်စီး ဝယ်ပြီးခါစ ကားကိုစတစ်ကာတွေ ဘာတွေကပ်ပြီး ပြင်ဆင်လာ ပြီးပြီးချင်း လှည်းတန်းအဆင်း မီးပွိုင့်နားမှာ ကျွန်တော့် ကားကို ဖြတ်တိုက်သွားတာ။ ကျွန်တော်ဆို ကားပြတင်းပေါက်ကနေ ကုန်းထွက်ယူရလောက်အောင်ထိ စုတ်ပြတ်သွားဖူးတယ်။ ဒါကတော့ အမှတ်တရ ဖြစ်ခဲ့တာပေါ့။ 

Voice : ယာဉ်မတော်တဆမှုလည်း ဖြစ်ခဲ့ဖူးတာဆိုတော့ ယာဉ်အန္တရာယ် ကင်းရှင်းရေးနဲ့ပတ်သက်ပြီး ပရိသတ်ကို ဘယ်လိုမှာချင်လဲ။
WPA : ကားမောင်းရင် မှာချင်တာကတော့ ကျွန်တော် ကားမောင်းရင် အမြဲခါးပတ်ပတ်ပြီး မောင်းတယ်။ ခါးပတ်မပတ်ထားရင် ကျွန်တော် မမောင်းတတ်ဘူး။ လွတ်လွတ်လပ်လပ်ကြီး ဖြစ်နေတာမျိုး မနေတတ်ဘူး။ နောက် လေအိတ် ဖွင့်ထားတယ်။ နောက်တစ်ခါ ဖုန်းသုံးမယ်ဆို ဖုန်းချိတ်တဲ့ စတန်းလေးတွေဝယ်ပြီး သုံးသင့်တယ်။ နောက်ဖုန်းပြောတော့မယ်ဆိုလည်း စပီကာဖွင့်ပြီးတော့ပဲဖြစ်ဖြစ် Bluetooth ဖွင့်ပြောတာပဲဖြစ်ဖြစ် လုပ်ပြီးမှ ဖုန်းပြောကြပါလို့ မှာချင်ပါတယ်။ 

ခိုင်ချယ်ရီထွန်း

  • TAGS