News

POST TYPE

AUTOMOBILE

မိတ်ကပ်ပညာရှင် မထက်နှင့် တွေ့ဆုံခြင်း
11-Sep-2017 tagged as

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ နာမည်ကျော် မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မထက်နဲ့တွေ့ဆုံပြီး သူလက်ရှိစီးနေတဲ့ ကားလေးအကြောင်းနဲ့ ကားနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Voice : လက်ရှိစီးနေတဲ့ ကားလေး ပြောပြပေးပါ။
MH : အစ်မ Toyota  Ipsum လေးစီးနေပါတယ်။ 

Voice : ဝယ်ထားတာရော ကြာပြီလား။
MH : ဝယ်ထားတာ ကြာပြီ ၂ နှစ်၊ သုံးနှစ်လောက် ရှိပြီ။

Voice : ဒီကားလေးက အစ်မ အလုပ်အတွက်ရော အဆင်ပြေလား။ ဘယ်လို အထောက်အကူပြုလဲ။
MH : ဒီကားလေးက အဆင်ပြေတယ်။ အစ်မပစ္စည်းတွေလည်း ဆံ့တယ်။ လူများများလည်း ဆံ့တယ်။ လူဆိုလည်း ခြောက်ယောက်လောက်အထိ ဆံ့တယ်။ ကိုယ့်ကလေးတွေနဲ့ ဟိုနားသည်နားသွားရတာလည်း အဆင်ပြေတယ်။ ခရီးသွားရင်လည်း ပေါ့ပေါ့ပါးပါးလေးဖြစ်တယ်။ အဲကွန်း System လေးလည်း သဘောကျတယ်။ ဝင်ထိုင်လိုက်ပြီဆိုတာနဲ့ အေးစိမ့်နေတာ။ 

Voice : အရင်ကရော ဘယ်လိုကားအမျိုးအစားတွေ စီးခဲ့ဖူးလဲ။
MH : အရင်က Mark 2 စီးခဲ့ဖူးတယ်။ အဲဒီရှေ့ကတော့ မမှတ်မိတော့ဘူး။ အစ်မက ကားသာစီးတာ။ ကားအမျိုးအစားတွေ ကားနံပါတ်တွေ မမှတ်မိဘူး။ တစ်ခါတလေကျရင် ကားပါကင်မှာ ကားပျောက်လို့ လိုက်ရှာတာ အစ်မကားက ဘာလဲလို့မေးရင် မဖြေတတ်ဘူး။ အိမ်ကိုဖုန်းဆက်ပြီး လှမ်းမေးရတာ။ 

Voice : ကားတွေလည်း အမျိုးမျိုး ပြောင်းစီးခဲ့ဖူးတာ ဆိုတော့ ဒီကားရဲ့ အားသာချက်ကရော ဘာတွေရှိတယ်လို့မြင်လဲ။
MH : ဒီကားလေးကတော့ နည်းနည်းကျယ်တာပေါ့နော်။ နောက်ပြီး အစ်မက လှမ်းတက်ရတဲ့ ကားအမြင့်တွေ မကြိုက်ဘူး။ အစ်မကားလေးက အတော်ပဲလို့ ခံစားရတယ်။ နောက်ပြီး အစ်မက ကားကို တစ်စီး စီးပြီဆို ကြာကြာစီးလေ့ ရှိတယ်။ အစ်မက ကားကို ခဏခဏ လဲလေ့မရှိဘူး။ ဘာလို့လဲဆိုတော့ အစ်မက အရမ်း အစွဲအလမ်းကြီးတယ်။ သူနဲ့ကိုယ်နဲ့ အရမ်း ရင်းနှီးနေတယ်လို့ ခံစားရတယ်။ မရောင်းချင်ဘူး။ ခဏခဏ လဲစီးရတာ မကြိုက်ဘူး။

Voice : ကားကို ကိုယ်တိုင်ပဲ မောင်းတာပေါ့နော်။ 
MH : ဟုတ်တယ်။ တစ်ခါတလေကျရင်တော့ ဒရိုင်ဘာနဲ့ မောင်းတယ်။ အလုပ်သွားရင် ဒရိုင်ဘာနဲ့ပဲ မောင်းတယ်။ ညဘက် Night Out ထွက်လို့ သူငယ်ချင်းတွေ ဘာတွေနဲ့ သွားရင်တော့ ကိုယ်တိုင်ပဲ မောင်းတယ်။ 

Voice : ညဘက်တွေ ကားလျှောက်မောင်းရတာ သဘောကျလား။
MH : သဘောကျတယ်။ အစ်မ သူငယ်ချင်းတွေနဲ့ ဆိုင်မထိုင်ဖြစ်ဘူးဆို ကားလျှောက်မောင်းပြီး တစ်နေရာရာမှာစုပြီး စကားပြောရတာ ကြိုက်တယ်။ 

Voice : ကားကို ကိုယ်တိုင်လည်း မောင်းနေတာဆိုတော့ လက်ရှိမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး ဘယ်လိုဖြစ်နေတယ်လို့ မြင်လဲ။
MH : အစ်မတို့နိုင်ငံမှာတော့ ထုံးစံအတိုင်းပေါ့။ စိတ်ညစ်စရာတွေကတော့ အများကြီး။ အားလုံးက အလျင်လိုနေပြီးတော့ ဒေါသတွေ အရမ်းကြီးကြတယ်။ နိုင်ငံတကာမှာတော့ အများကြီး လျှောက်မသွားဖူးဘူး။ အနည်းဆုံး ဘန်ကောက်သွားရင် အစ်မတို့နိုင်ငံထက် ကားပိုကျပ်တယ်။ ဒါပေမဲ့ ဒေါသမထွက်ကြဘူး။ အစ်မ အဲဒါလေးကို သဘောကျတယ်။ နမူနာယူတယ်။ အစ်မတတ်နိုင်သမျှ ဒေါသ မထွက်အောင် ထားတယ်။ တစ်ခါတလေကျရင်တော့ အရမ်းစိတ်ဆိုးဖို့ ကောင်းတယ်။ ရှေ့မှာလည်း ကားတွေ ပိတ်နေတယ်။ ဘယ်သူမှလည်း ဦးစားမပေးချင်ဘူး။ ကိုယ်လည်း သွားလို့မရဘူး။ သွားလို့ရတဲ့ကားကျတော့လည်း လမ်းမပေးချင်ဘူး။ အရမ်း စိတ်ညစ်ဖို့ကောင်းတယ်။ တစ်ခါတလေကျရင် အဲလိုမျိုးလေးတွေလည်း ဆင်ခြင်သင့်တယ်လို့ မြင်တယ်။ အားလုံး ဆင်ခြင်ကြရင်တော့ ကားမောင်းရတာ အရမ်း ကောင်းလာမယ်လို့ ထင်ပါတယ်။ 

ခိုင်ချယ်ရီထွန်း

  • TAGS