News

POST TYPE

AUTOMOBILE

မိုဘိုင်းလ် App အသစ်နှင့် YBS
04-Sep-2017 tagged as YBS

“စပယ်ယာ အစားထိုး Auto Announcer တွေကိုပါ တပ်ဆင်အသုံးပြုလို့ရအောင် ဆောင်ရွက်နေပါပြီ”
 ဦးစည်သူအေး (၃၉ ယာဉ်လိုင်းပိုင်ရှင်များ အစုအဖွဲ့၊ ဥက္ကဋ္ဌ) 

အသစ်ရောက်ရှိလာတဲ့ မော်တော်ယာဉ်တွေထဲက ယာဉ်စီးရေ ၂၀ ကို CCTV  နဲ့ GPS တွေ စတင်တပ်ဆင်ထားပါတယ်။ ထိန်းချုပ်မှုတွေ စမ်းသပ်ပြုလုပ်နေပါပြီ။ ဒါ့အပြင် Total Transit For Yangon Mobile Application နဲ့ ပြေးဆွဲတဲ့ မော်တော်ယာဉ်မှာ GPS နဲ့ ချိတ်ဆက်ထားလို့ ခရီးသွားပြည်သူတွေအတွက် ကိုယ်စီးမယ့်ကား ဘယ်လောက်ကြာရင် ရောက်နိုင်တာကို ကိုယ့်အိမ်က မထွက်သေးခင်ကတည်းက ကြည့်ရှုပြီး ကားနံပါတ်နဲ့ ယာဉ်အမျိုးအစားကိုပါ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် CCTV Camera တွေလည်း တပ်ဆင်ထားပြီး အိုင်တီနည်းပညာနဲ့ စပယ်ယာအစားထိုး Auto Announcer တွေကိုပါ တပ်ဆင်အသုံးပြုလို့ရအောင် ဆောင်ရွက်နေပါပြီ။ ခရီးသွားပြည်သူတွေ အဆင်ပြေ စိတ်အေးချမ်းစွာ သွားလာနိုင်ရေးအတွက် အွန်လိုင်းနဲ့ ချိတ်ဆက်ကြည့်ရှု ထိန်းချုပ်နိုင်တဲ့ CCTV Camera၊ GPS တွေနဲ့  စပယ်ယာ အစားထိုးထားပေးသလို ကိုယ်ရောက်ရှိမယ့် မှတ်တိုင်ကို အလိုအလျောက် ကြေညာပေးတဲ့ Auto Announcer တွေ တပ်ဆင်ပြီး နည်းပညာအထောက်အပံ့ ဆော့ဖ်ဝဲလ်တွေ အသုံးပြုနိုင်ဖို့အတွက် ကားတစ်စီးကို ကျပ်ရှစ်သိန်းကျော် ကုန်ကျပြီး ကား ၅၅ စီး အတွက် သိန်းငါရာခန့် အကုန်အကျခံပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။            

“ဒီ App လေးပေါ်မှာ ကားတွေ ဘယ်နားရှိပြီလဲ ကြည့်လို့ရတော့ စီးခါနီးမှာမှ မှတ်တိုင်ကို အချိန်မှန်းပြီး သွားလို့ရတာပေါ့” 
ဦးဇာနည်ထွန်း (YBS စေတနာ့ဝန်ထမ်း)

Total Transit Apps က အရင်ကတည်းက YBPC BRT-lite မှာ User အနေနဲ့ အသုံးပြုခဲ့တာပေါ့။ တစ်နှစ်နီးပါးတော့ ရှိပါပြီ။ အခု YBS ၃၇ မှာတော့ နောက်ပိုင်းဝင်တဲ့ Yutong ကားတွေမှာ စက်တွေ မတပ်ရသေးဘူးလို့ သိရပါတယ်။ အသုံးပြုရတာ အဆင်ပြေပါတယ်။ ဒီ App လေးပေါ်မှာ ကားတွေဘယ်နားရှိပြီလဲ ကြည့်လို့ရတော့ စီးခါနီးမှာမှ မှတ်တိုင်ကို အချိန်မှန်းပြီး သွားလို့ရတာပေါ့။ ကားလာမလာ မသိဘဲနဲ့ မှတ်တိုင်မှာ အကြာကြီး စောင့်နေရတာမျိုး မဖြစ်တော့ဘူးပေါ့။ ပြီးတော့ ရုံးဆင်းချိန်ပေါ့။ မှတ်တိုင်မှာရောက်နေတယ်ဆို စီးမယ့်ကားတွေ လာနေတယ်၊ ကျပ်နေတယ် စီးရတာ အဆင်မပြေတော့ဘူး။ ဒီ App လေး ကြည့်လိုက်တယ်။ နောက်မှာ ကားလေး၊ ငါးစီး ထပ်နေတယ်။ ဒါဆို ရှေ့ကကားတွေ မစီးတော့ဘူး။ App မကြည့်တဲ့သူတွေကတော့ လာတဲ့ကားပေါ် ပြေးတက်သွားတာပေါ့။ နောက်ဆုံးကားလည်းလာရော ထိုင်ခုံတောင်ရတာတွေ ကြုံဖူးတယ်။ ဒီလိုလုပ်ပေးထားတော့ ခရီးသွားတွေ အဆင်ပြေတယ်။ အခု ဒီ App မှာ ပူးပေါင်းပါဝင်ပေးတဲ့ YBS Operator ကုမ္ပဏီတွေက အရင် မ.ထ.သ စနစ်နဲ့ ကွဲပြားပြီး အများပြည်သူကို ဝန်ဆောင်မှု ဆိုတာကို လုပ်ဆောင်ပေးနေပါတယ်။ အခြားကုမ္ပဏီတွေလည်း သူတို့တာဝန်ယူနေတဲ့ YBS လိုင်းတွေမှာ ငါတို့က သယ်ယူပို့ဆောင်ပေးနေတာတင်မကဘဲ ဘယ်လိုဝန်ဆောင်မှုကောင်းတွေ ထပ်ပြီး လုပ်ပေးနိုင်မလဲ ဆိုတာပါ ထည့်သွင်းစဉ်းစားမယ်ဆိုရင် YBS စနစ်ကြီးက ပိုမိုအောင်မြင်လာမှာပါ။   

“ကားဂိတ်မှာ ရပ်စောင့်နေရတာထက်စာရင် ကိုယ့်လက်ရှိနေရာက အချိန်ကို ငါးမိနစ်စာရရ ပိုအသုံးဝင်မှာပါ”
ဒေါ်နဒီဒွေး  (ခရီးသည်)

လက်တွေ့မြင်နေရတဲ့ အတိုင်းပါပဲ ရုံးသွားရုံးပြန်၊ ကျောင်းသွားကျောင်းပြန် စသဖြင့်ပေါ့။ လူတိုင်းက ကားစောင့်ချိန်ဆိုပြီး ကြိုထွက်ရတယ်။ ပိုအချိန်ပေးရတယ်။ အခု System မျိုးဆိုရင် အတော်လေး အဆင်ပြေမယ် ထင်ပါတယ်။ YBS ကတော့ ဘယ်နားကို ရောက်နေပြီ။ ကိုယ်ရှိနေတဲ့ နေရာနဲ့ဆို ငါးမိနစ်နေရင် ရောက်ပြီ။ အဲဒီတော့ ကိုယ်က ကားစောင့်ဖို့အတွက်ရယ်လို့ စောပြီးကြိုထွက်စရာမလိုတဲ့ အတွက် အလုပ်ချိန်ပိုရလာမယ်။ ကိုယ်ပိုင်အချိန်ပို ရလာမယ်လို့ မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကားဂိတ်မှာ ရပ်စောင့်နေရတာထက်စာရင် ကိုယ့်လက်ရှိနေရာက အချိန်ကို ငါးမိနစ်စာရရ ပိုအသုံးဝင်မှာပါ။ ပြီးတော့ Auto Announcer စနစ်လည်း ပါတယ် ဆိုတော့ ကိုယ့်လို ခဏခဏ မှတ်တိုင်မှား ဆင်းနေတဲ့သူတွေအတွက် ပိုအဆင်ပြေသွားတာပေါ့။ 

ခိုင်ချယ်ရီထွန်း