News

POST TYPE

AUTOMOBILE

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း
12-Jul-2016
ခိုင်ချယ်ရီထွန်း
ယာဉ်ကြောကျပ်တည်းမှုကို အကြောင်းပြု၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုများ ကျူးလွန်နေခြင်းအပေါ် ယာဉ်မောင်းအချို့၏ အမြင်များကို စုစည်းဖော်ပြအပ်ပါသည်။
“လမ်းကျဉ်းတဲ့ နေရာမှာ ကားရပ်လိုက်တဲ့အတွက် ကားလမ်းတွေ မပိတ်သင့်ဘဲ ပိတ်ကုန်တာမျိုး တွေ့ရပါတယ်”
ဦးသောင်းထိုက်ဆောင် (ကိုယ်ပိုင်ယာဉ်မောင်း)

ယာဉ်စည်းကမ်း မလိုက်နာမှုနဲ့ ပတ်သက်ပြီး အဓိက သိပ်မကြိုက်တာက လမ်းကျဉ်းတွေမှာ Taxi တွေ၊ ကိုယ်ပိုင်ကား မောင်းတဲ့သူတွေနဲ့ လိုင်းကား မောင်းတဲ့သူတွေ အနေနဲ့ မရပ်သင့်ဘူးလို့ ထင်ပါတယ်။ လမ်းကျဉ်းတဲ့ နေရာမှာ ကားရပ်လိုက်တဲ့အတွက် ကားလမ်းတွေ မပိတ်သင့်ဘဲ ပိတ်ကုန်တာမျိုး တွေ့ရပါတယ်။ နောက်ပြီး ကျွန်တော့်အမြင် နည်းနည်း လွဲနေတာလေး တစ်ခုက တချို့ လမ်းကျယ်တွေမှာ ယာဉ် မရပ်ရဆိုတဲ့ လမ်းတွေကို လမ်းကျဉ်းတွေမှာလည်း ယာဉ်မရပ်ရ ဆိုတာမျိုးတွေ ထားစေချင်တယ်။ ဘာလို့လဲဆိုတော့ လမ်းက ကျဉ်းပါတယ်ဆို ကားတွေ ရပ်ထားတဲ့အတွက် ကားတွေက မပိတ်သင့်ဘဲ ပိတ်ကုန်တာမျိုးတွေ ဖြစ်ကုန်တယ်။ အဲဒီအတွက် ယာဉ်မောင်းသူတွေ အသုံးများတဲ့ လမ်းကျဉ်းတွေမှာ ယာဉ်မရပ်ရ ဆိုတာမျိုးတွေ ထားပေးသင့်တယ်လို့ မြင်ပါတယ်။

နောက်ပြီး ကျွန်တော်တို့ ရှစ်မိုင် ခုံးကျော်တံတားနားနဲ့ အေဒီပွိုင့်မှာဆို ယာဉ်ကြောတွေ ပိတ်နေတာမှ အရှည်ကြီးပဲ။ အဲဒီလို ပိတ်နေတဲ့အတွက် တချို့ကားတွေဆို အိမ်စီးကားရော၊ လိုင်းကားရော၊ Taxi သမားရော လမ်းပြောင်းပြန် မောင်းတာမျိုးတွေ တွေ့ရတယ်။ နောက်ပြီး ဘတ်စ်ကားတွေကလည်း ဘယ်လမ်းကြောင်း တင်မောင်းနေရာကနေ ညာလမ်းကြောင်းကို ကျော် မောင်းတာမျိုးစတဲ့ လမ်းစည်းကမ်း မလိုက်နာတာမျိုးတွေကြောင့် ကားမောင်းတဲ့အခါ သတိထားပြီး မောင်းရပါတယ်။
နောက် Taxi သမားတွေ အနေနဲ့လည်း လမ်းပေါ်တင် ရပ်ပြီး ခရီးသည် အတင်အချ လုပ်တာမျိုးတွေကြောင့် တစ်ဖက်က သွားရမယ့်လမ်းကို ကြည့်လို မရတာမျိုးတွေ ရှိတဲ့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို အတတ်နိုင်ဆုံး လိုက်နာသွားတာ ကောင်းပါတယ်။

“အခေါက်ရေ များများ လိုချင်တဲ့သူတွေကတော့ လုမောင်းရတာပေါ့”
ဦးအောင်သန်း (ခရီးသည်တင်ယာဉ်မောင်း)

မောင်းရဲတဲ့ သူတွေကတော့ မောင်းနေတာပါပဲ။ ကျွန်တော့် အနေနဲ့ကတော့ အသက်အရွယ်လည်း ရလာတဲ့အတွက် လူငယ်တွေလို စိတ်လိုက် မာန်ပါလည်း မမောင်းဖြစ်တော့တဲ့အတွက် ပုံမှန်လောက်ပဲ မောင်းဖြစ်ပါတယ်။ တစ်ခါတလေကျတော့ Taxi တွေ ကားသေးတဲ့အတွက် ကျော်မောင်းတာမျိုးတွေ၊ ယာဉ်ကြော လုမောင်းတာမျိုးတွေ လုပ်တာကို တွေ့ရပါတယ်။ သူက မှတ်တိုင်မှာ ရပ်တဲ့အခါ ကျွန်တော်တို့ ရပ်စရာ နေရာ မရှိတဲ့အတွက် ကျော်ရပ်ရတာမျိုးတွေကြောင့် ယာဉ်ကြော ပိတ်သွားတာမျိုးတွေ ရှိပါတယ်။ ယာဉ်စည်းကမ်း မလိုက်နာတဲ့အတွက် လမ်းပိတ်တာမျိုးတွေ ရှိနေတော့ အချိန် လုမောင်းရတာမျိုးတွေ၊ သတ်မှတ်တဲ့အချိန် မရောက်တာမျိုးတွေ ကြုံရပါတယ်။ နောက် ကျွန်တော်တို့ ယာဉ်လိုင်းကလည်း တခြားယာဉ် လိုင်းတွေနဲ့ယှဉ်ရင် အခေါက် အများကြီး ဆွဲတာမျိုးတွေ မရှိတဲ့အတွက် အတတ်နိုင်ဆုံးတော့ ယာဉ်စည်းကမ်းကို လိုက်နာဖြစ်ပါတယ်။ အခေါက်ရေ များများ လိုချင်တဲ့ သူတွေကတော့ လုမောင်းရတာပေါ့။ တချို့ဆို တစ်နေ့တည်းကို ခုနစ်ခေါက်လောက် ဆွဲနေတဲ့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို လိုက်နာတာမျိုး မတွေ့ရပါဘူး။ အခုနောက်ပိုင်းမှာ အရင်ကထက် ကားတွေလည်း အရမ်းများလာတော့ လမ်းတွေလည်း ကျပ်လာတဲ့အပြင် ယာဉ်မောင်းတွေ အနေနဲ့လည်း အရင်ကထက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်တာမျိုးတွေ ခဏခဏ ကြုံတွေ့နေရပါတယ်။

ကျွန်တော်တို့ လိုင်းကားတွေလည်း ညာလမ်းက မောင်းရမယ်လို့ သတ်မှတ်ထားပေမယ့် ကိုယ့်လမ်းကြော မဟုတ်ဘဲ ဘယ်လမ်းကြောက ဝင်မောင်းရတာမျိုးတွေ ရှိနေပါတယ်။ ညာဘက်ကသာ မောင်းနေမယ်ဆို ကားလမ်း ပိတ်နေတာနဲ့တင် ရောက်တော့မှာကို မဟုတ်တော့ဘူး။ လက်ရှိ ကျွန်တော့် ယာဉ်မောင်း သက်တမ်းကတော့ အနှစ် ၂၀ လောက် ရှိပါပြီ။

“ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နားမလည်တော့ အရမ်းဝင်၊ အရမ်းထွက်တယ်။ ဖြတ်ဝင်တယ်၊ ဖြတ်ထွက်တယ်”
ဦးဖိုးကျော် (အငှားယာဉ်မောင်း)

အခုခေတ် လူငယ်တွေက ကားမောင်းတာ စည်းကမ်း မရှိတော့ဘူး။ လူကြီးပိုင်းတွေ ဆိုရင်တော့ ဦးတို့ဆို လေးဘီးကားလောက် ခေတ်ကတည်းက ကားမောင်းစားလာတာ ဆိုတော့ ခရီးသည်တားရင် ဘယ်လို ရပ်ရမှာကအစ နောက်ကားကို ဒုက္ခပေးခြင်း၊ ပြုခြင်း မရှိဘူးလေ။ ဦးတို့က ခရီးသည် တားတယ်ဆိုရင် ဦးတို့က ဘေးကပ် ရပ်တယ်။ ခရီးသည်ကို ခေါ်တယ်။ ဈေးစကား ပြောတယ်။ နောက်ကားလည်း လွတ်အောင် ကိုယ်ကလည်း လွတ်လွတ်ကင်းကင်း ရပ်တယ်။ ကလေးတွေကတော့ ကားမောင်းတတ်ရုံပဲ တတ်တာ။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နားမလည်တော့ အရမ်းဝင်၊ အရမ်းထွက်တယ်။ ဖြတ်ဝင်တယ်၊ ဖြတ်ထွက်တယ်။ အဲဒီလိုတွေကြောင့် ယာဉ်တိုက်မှုတွေ ခဏခဏ ဖြစ်တာ တွေ့ရတယ်။ နောက် လိုင်းကားသမားကျတော့ လမ်းလယ်ကောင် တက်ရပ်တယ်။ နောက်ကားကို ကျော်ခွင့် မပေးဘူး။ သူတို့က ဘေး ကပ်မရပ်ဘူး။ မှတ်တိုင်မှာ မရပ်ဘူး။ လမ်းလယ်ကောင် ခွရပ်တယ်။ ခရီးသည် တင်တယ်။ ချတယ်။ ပြီးတော့မှ ထွက်တယ်။ အဲဒီလိုတွေ လုပ်တော့ အကုန်လုံး ကားလမ်းတွေ ပိတ်ဆို့ကုန်တယ်။ အဲဒီတော့ လမ်းပိတ်ဆို့မှုတွေက နေရာတိုင်းမှာ ဖြစ်နေတယ်။


  • VIA