News

POST TYPE

AUTOMOBILE

တေးသံရှင် အမွန်းနှင့်တွေ့ဆုံခြင်း
28-Aug-2017 tagged as

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ တေးသံရှင်အမွန်းနဲ့တွေ့ဆုံပြီး သူစီးနေတဲ့ကားအကြောင်းနဲ့ ကားနဲ့ပတ်သက်တဲ့ သူ့အမြင်လေးတွေကို မေးမြန်းဖြစ်ခဲ့တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
AM : လက်ရှိ စီးနေတဲ့ကားက Honda Insight ပါ။

Voice : ဝယ်ထားတာရော ကြာပြီလား။
AM : ဝယ်ထားတာတော့ မကြာသေးပါဘူး။ 

Voice : ဒီကားရဲ့ အားသာချက်က ဘာတွေရှိလဲ။ 
AM : အားသာချက်ကတော့ ဆီစားသက်သာတယ်။ အင်ဂျင် အရမ်းဆွဲအားကောင်းတယ်။ စက်က မလေးဘူး။ ဈေးအရမ်းကြီးတဲ့ ကားမဟုတ်ဘူး။ ဒါပေမဲ့ အထာကျတယ်။ အမွန်းကြိုက်တယ်။ ပြီးရင် အမွန်းတစ်ယောက်စာအတွက် ပစ္စည်းတွေနဲ့ ကားအကျယ်အဝန်းနဲ့က ကွက်တိကျတယ်။ 

Voice : အားနည်းချက်ကရော ဘာတွေရှိတယ်လို့ မြင်လဲ။
AM : အားနည်းချက်ကတော့ ဘက်ထရီ ဈေးအရမ်းကြီးတယ်။ အမွန်းရဲ့ ကွန်ဒိုအောက်ထပ် ရေမြုပ်သွားတုန်းက ကားထဲရေဝင်လို့ အမွန်းပြန်ပြင်ရတဲ့အချိန်မှာ Honda Insight သာမပါဘူးဆို အမွန်းတော်တော် မွဲမယ့်ကိန်း။ တစ်ခုခုဖြစ်သွားရင် ပြန်ထည့်ရမယ့်ပစ္စည်းတွေ အကုန်လုံးက ဈေးကြီးတယ်။ အဲဒီတစ်ခုက အားနည်းချက်ပဲ။

Voice : အမွန်းအနေနဲ့ ဘယ်လိုကားအမျိုးအစားတွေ သဘောကျလဲ။ 
AM : အမွန်း မသိဘူး။ အမွန်းအတွက်က အဲကွန်း အေးဖို့ရယ်။ ဘီးလေးလုံးပါပြီး အလုပ်လုပ်လို့ရရင် အဆင်ပြေပြီ။ အမွန်းက သိပ်ပြီး ကားမရွေးဘူး။ 

Voice : အဲဒီလိုဆို အမွန်းအနေနဲ့ ကားပေါ် ခရေဇီ ဖြစ်တာမျိုး မရှိဘူးလို့ ပြောလို့ရတာပေါ့နော်။ 
AM : အခု လောလောဆယ်တော့ မဖြစ်ပါဘူး။ ပိုက်ဆံတွေ အများကြီး ရှိလာတဲ့အခါကျရင်တော့ စဉ်းစားမှာပေါ့နော်။ ငါ ဘယ်ကားကြိုက်တယ်ဆိုပြီး။ အခု လောလောဆယ်တော့ အဲလိုမျိုး ခေါင်းထဲမရှိပါဘူး။

Voice : အနုပညာရှင် တစ်ယောက်အနေနဲ့ ကားက ဘယ်လောက်အထိ အရေးပါတယ်လို့မြင်လဲ။
AM : နိစ္စဓူဝမှာ ကားမရှိဘူး။ ကားဆိုတာက အမွန်းတို့အတွက် အဆင်တန်ဆာ မဟုတ်ဘူး။ တကယ်လိုအပ်တဲ့ပစ္စည်းတစ်ခု။ အဲဒါကြောင့် အနုပညာရှင်တိုင်းကတော့ ကားကိုပဲ မှီခိုနေရတာ။ ကိုယ်ပဲမောင်းမောင်း၊ သူများပဲမောင်းမောင်း ကိုယ်သွားတဲ့နေရာတွေ၊ ရိုက်ကူးရေးတွေ၊ ဘယ်အလုပ်ပဲဖြစ်ဖြစ် ကားရှိမှ ချောမွေ့နေမှာပေါ့နော်။

Voice : အမွန်းက ပြည်ပမှာလည်း အကြာကြီး နေခဲ့ဖူးတာဆိုတော့ ဒီမှာ ကားမောင်းရတာနဲ့ ပြည်ပမှာ ကားမောင်းတဲ့အခါ ဘာတွေကွာလဲ။  
AM : ပြည်ပမှာတော့ ဟွန်းသံ မကြားရဘူး။ ပြည်ပမှာကျ တစ်ယောက်ကိုတစ်ယောက် လေးလေးစားစား မောင်းကြတယ်။ ပြီးရင် ဘယ်လိုပြောမလဲ။ ပြည်ပမှာဆို အမွန်း မမောင်းဘူး။ သူတို့ဆီမှာ ဘယ်ခြမ်း ညာခြမ်းတွေ မတူတော့ဘူးဆိုတော့ ပြည်ပမှာဆို အမွန်း ကိုယ်တိုင် ကားမမောင်းပါဘူး။ မြန်မာနိုင်ငံမှာတော့ ညာမောင်းကားတွေလည်း ညာဘက်မှာပဲ မောင်းတယ်။ ဘယ်မောင်းကားတွေလည်း ညာဘက်မှာပဲ မောင်းတာဆိုတော့ မြန်မာနိုင်ငံမှာတော့ အစုံသုပ်ပဲလို့ အမွန်းမြင်တယ်။ 

Voice : အခုနောက်ပိုင်းမှာရော ပြည်တွင်းမှာ ဘာတွေ ပြောင်းလဲလာတယ်လို့ မြင်လဲ။
AM : အခုနောက်ပိုင်း အမွန်းတွေ့တာကတော့ ကားမောင်းတဲ့အခါ တစ်ယောက်ကိုတစ်ယောက် လေးစားတတ်လာတယ်လို့ မြင်တယ်။ ဒါကလည်း အခု နောက်ပိုင်း သုံး၊ လေးလအတွင်းမှာပါ။  အရင်တုန်းကလို တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ဆဲဆိုနေတာတွေ အတွေ့ရ နည်းသွားတယ်။ နိုင်ငံကြီးသား နည်းနည်းပီသလာတယ်လို့ အမွန်းမြင်ပါတယ်။ ကားမောင်းတဲ့အခါ ဦးစားလေးတွေ ပေးတတ်လာတယ်။ နင်သွားမှ ငါလည်း သွားလို့ရမယ်ဆိုတဲ့ အသိလေးတွေ ရှိလာတယ်လို့ အမွန်း မြင်ပါတယ်။ မြန်မာနိုင်ငံရဲ့ တိုးတက်လာနေတဲ့ အနေအထားပေါ့နော်။ သူများနိုင်ငံတွေက တိုးတက်ပြီးသားဆိုတော့။ 

Voice : ကားနဲ့ပတ်သက်ပြီးတော့ရော အမွန်း ပရိသတ်တွေအတွက် ဘယ်လို အကြံပေးချင်လဲ။
AM : ကားနဲ့ပတ်သက်ပြီးတော့ အမွန်းရဲ့အကျင့်ဆိုးတစ်ခု ရှိပါတယ်။ အဲဒါက အမွန်းက အလုပ်များတော့ ကားမောင်းနေရင်းလည်း မက်ဆေ့ခ်ျတွေ ဘာတွေလာရင် ကြည့်မိတယ်။ အဲဒီတစ်ချက်တော့ မကောင်းဘူး။ သတိတစ်ချက် လွတ်လိုက်တာနဲ့ ကိုယ့်အတွက် အသက် အန္တရာယ် ကြီးကြီးမားမား ဖြစ်သွားနိုင်တယ်။ အဲဒီတစ်ခုတော့ ဂရုစိုက်ကြပါလို့ မှာချင်ပါတယ်။ အမွန်းလည်း ကြိုးစားပြီး ပြင်နေပါတယ်။

ခိုင်ချယ်ရီထွန်း

  • TAGS