News

POST TYPE

AUTOMOBILE

မီတာ တက္ကစီ
28-Aug-2017 tagged as Taxi

“ခရီးသည်တွေက ပရိုမိုးရှင်းကာလတွေမှာပဲစီးပြီး ကျန်တဲ့ကာလတွေမှာ မစီးတော့မှာ စိုးရိမ်တာ”
ဦးကျော်မင်းဆွေ (Oway Ride - အကြီးတန်းဒါရိုက်တာ)

အရင်ကထက်စာရင် မီတာတက္ကစီတွေစီးတဲ့ ခရီးသည်က တစ်လထက်တစ်လ များလာပါတယ်။ တခြားကုမ္ပဏီနဲ့တန်းတူ ပရိုမိုးရှင်းတွေပေးတယ်။ ကျွန်တော်တို့ Oway Ride အနေနဲ့ တစ်ခါစီးရင် ၁၅၀၀ ပရိုမိုးရှင်းပေးပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက အခုလက်ရှိမှာ ပြည်ပကုမ္ပဏီတွေကလည်း ကျွန်တော်တို့ လိုကယ်ကုမ္ပဏီတွေနဲ့အပြိုင် ဝန်ဆောင်မှုတွေ ပေးနေတာကြောင့်လည်း ခရီးသည်တွေက မီတာတက္ကစီကို ပိုစီးလာကြတယ်။ တစ်ခုရှိတာက ခရီးသည်တွေက ပရိုမိုးရှင်းကာလတွေမှာပဲ စီးပြီး ကျန်တဲ့ကာလတွေမှာ မစီးတော့မှာ စိုးရိမ်တာ။                                             

“ညဘက်တွေ အိမ်ပြန်တဲ့အခါ မိန်းကလေးတွေ ပိုပြီးစီးကြတာ များတယ်” 
ဦးဝင်းညီညီ (Oway မီတာတက္ကစီ ယာဉ်မောင်း)

မီတာတက္ကစီကို ကျွန်တော်မောင်းတာ တစ်နှစ်နီးပါးရှိပါပြီ။ လက်ရှိမှာ ခရီးသည်တွေလည်း ပိုပြီးမီတာတက္ကစီကို စီးလာကြတယ်။ မီတာတက္ကစီတွေရဲ့ အားသာချက်က ခရီးသည်တွေအတွက် လုံခြုံမှု ရှိတာရယ်၊ မေ့ကျန်ခဲ့တဲ့ပစ္စည်းတွေ ပြန်ရတာရယ်။ နောက်တစ်ခုက ခရီးလမ်းကြောင်း တစ်ခုထက်ပိုတဲ့ လမ်းကြောင်းသွားတဲ့အခါ  ရိုးရိုးတက္ကစီတွေထက် မီတာနဲ့က ပိုပြီး သက်သာတယ်။ သာမန်တက္ကစီနဲ့ လမ်းကြောတစ်ခုတည်းကို သုံး၊ လေးနေရာ ဝင်တဲ့ ခရီးသည်တွေအတွက် မီတာတက္ကစီက ပိုကိုက်တယ်။ ရိုးရိုးတက္ကစီတွေဆို သုံးနေရာလောက်သွားမယ်ဆို ခြောက်ထောင်လောက် ကျမယ့်ခရီးမျိုးမှာ လေးထောင့်ငါးရာ၊ ငါးထောင်လောက်ပဲ ကျတော့ တာမျိုး။ နောက်တစ်ခုက ညဘက်တွေ အိမ်ပြန်တဲ့အခါ မိန်းကလေးတွေ ပိုပြီး စီးကြတာ များတယ်။ 

“အဓိကက သာမန်တက္ကစီတွေထက် Safe ဖြစ်လို့” 
ဒေါ်မေ့သည်းအိမ် (ခရီးသည်)

မီတာတက္ကစီတွေ စီးရတာ Safe ဖြစ်တယ်။ Grab ဆို ပရိုမိုရှင်းများတယ်။ အဲယားကွန်း အမြဲဖွင့်တယ်။ ဒါတွေက မီတာတက္ကစီတွေကို စီးဖြစ်တဲ့ မီတာတက္ကစီတွေရဲ့ အားသာချက်တွေပါ။ အခုနောက်ပိုင်းတော့ မီတာတက္ကစီပဲ စီးတော့တယ်။ ရိုးရိုးကို လုံးဝမစီးတော့ဘူး။ ညဆို တက္ကစီရှားတယ်။ Oway က အမြဲရှိတတ်တယ်။ မနက် ၃၊ ၄ နာရီလောက်အထိ။ အဓိက က သာမန်တက္ကစီတွေထက် Safe ဖြစ်လို့။ သာမန်တက္ကစီတွေက ဘယ်လိုမှ Safeဖြစ်တယ်လို့ မခံစားရဘူး။ မီတာတက္ကစီကို Uber၊ Grab၊ Oway Ride သုံးခုလုံးရဲ့ App တွေကို အင်စတောလ် လုပ်ထားတယ်။ လက်ရှိမှာ သုံးခု လှည့်သုံးတာ။ သုံးခုလုံးက အမြဲပရိုမိုးရှင်း ရှိတတ်တယ်။ အဲဒါကြောင့်လည်း မီတာတက္ကစီကို ပိုစီးဖြစ်တာလည်း ပါတယ်။    
              
ခိုင်ချယ်ရီထွန်း