News

POST TYPE

AUTOMOBILE

ကားအခက်
12-Jul-2016
အကြိမ်ရေ ဆယ်နှင့်ချီ ပြောင်းလဲခဲ့သော မူဝါဒများကြား ကားဈေးကွက်က ခေါင်းမထောင်နိုင်တော့။ နယ်ပယ်တစ်ခုလုံးက ဆိတ်ငြိမ်နေသည်။ ယခုအခြေအနေက အိပ်မက်ထဲမှာတောင် ကားအရောင်းအဝယ် မလုပ်မိဖို့ သတိချပ်ရမည့် အချိန်။

ထို့ကြောင့် ဇွန်လ ၁၅ ရက်နေ့တွင် ထွက်ပေါ်လာနိုင်ခြေ ရှိသည့် ဝန်ကြီးချုပ်၏ စကားတစ်ခွန်း၊ လက်မှတ်တစ်ချက်က ကားလောကအတွက် အသက်တမျှပင်။ ရပ်တန့်လုနီးနေပြီ ဖြစ်သော ကားလောက အင်ဂျင်ကြီးကို ထိုလက်မှတ်တစ်ချက် နှုတ်မိန့်တစ်ခွန်းကသာ လှုပ်နှိုးနိုင်စွမ်းသည်။

“အခုကားဈေးကွက်က ပျက်နေပြီ” ဟု ဦးဇော်ထိုက်အေးတစ်ယောက် နှုတ်ကပင် ထုတ်ဖော်ငြီးချင်း ထုတ်လာသည်။

ဦးဇော်ထိုက်အေးသည် မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် တင်သွင်းဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌတစ်ဦး ဖြစ်သည်။ ဦးဇော်ထိုက်အေး အပါအဝင် ကားနှင့် ဆက်နွှယ်သူ အားလုံးက အရောင်းအဝယ်ထက် မူဝါဒကိုသာ ဇောင်းပေး စိတ်ဝင်စားနေမိကြသည်။

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အကြိမ်ရေ ဆယ်နှင့်ချီ ပြောင်းလဲခဲ့သော ကားမူဝါဒများက ထိုအစိုးရလက်ထက်၌ပင် ရပ်တန့်သွားခြင်း မရှိ။ NLD အစိုးရ တက်လာသည့် အချိန်ထိ ထိုမူဝါဒ အပြောင်းအလဲက ရှိနေဆဲ။ ဧပြီလတွင် ပါကင်ပါမစ်ပိတ်သည့် မူဝါဒ၊ မေလတွင် ကြိုတင်ဝင်ငွေခွန် ကောက်သည့် မူဝါဒ။ ထိုသို့ တစ်ရစ်ပြီးတစ်ရစ် တက်လာသော မူဝါဒများက ကားလောကသားများကို ကြပ်ပြီးရင်း ကြပ်၊ ခက်ပြီးရင်း ခက်စေလျက် ရှိသည်။

ကားဈေးကွက် အကြပ်အခက်အားလုံး အတွက် မတင်မကျ မူဝါဒကို ပြန်လည်သုံးသပ်ရန် လိုနေပြီလော။

“ဒီပါကင်စနစ် ဆက်လက်ကျင့်သုံးမလား၊ မကျင့်သုံးတော့ဘူးလား အခုထိ တိတိကျကျ အဖြေမရှိသေးဘူး။ တကယ်လို့ မကျင့်သုံးတော့ဘူးဆို တခြားဘယ်စနစ် ကျင့်သုံးမလဲ။ အဲဒါလေးတွေကိုတော့ အမြင်ရှင်းအောင် ကြေညာပေးသင့်ပြီ ထင်တယ်” ဟု ပြည်ပမှ မော်တော်ယာဉ်များ မှာယူပေးသော Distinct Trading ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွဋ်ထိပ်က ပြောဆိုသည်။

ထိုစနစ်သည် ရန်ကုန်ကားလောကကို အကြပ်ရိုက်စေခဲ့သည်။

ပါကင်ပါမစ် ဆိုင်းငံ့ခြင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရသစ် တက်လာပြီး နောက်ပိုင်း လူဦးရေ ခြောက်သန်းကျော် နေထိုင်သည့် ရန်ကုန်မြို့အတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အပြောင်းအလဲ အများအပြား ပြုလုပ်ခဲ့သည်။

အထူးသဖြင့် မော်တော်ကား တင်သွင်းမှုနှင့် ပတ်သက်၍ ဝက်အူတစ်ပတ်ရစ်လိုက်သည်။ နိစ္စဓူဝ ယာဉ်ကြောပိတ်ဆို့မှုများ ကိုင်တွယ်ရန် တစ်စတစ်စ တိုးပွားလာသည့် မော်တော်ကားများကို ကန့်သတ်ရန် ကားပါကင်ပါမစ် ထုတ်ပေးခြင်းကို ဆိုင်းငံ့ခဲ့သည်။

ပါကင်ပါမစ်သည် (YGN) ကားလိုင်စင် လျှောက်ရန်အတွက် အရေးကြီးဆုံး ထောက်ခံချက်ဖြစ်သည်။ ပါကင်ပါမစ် မရလျှင် ကားလိုင်စင်ရမည် မဟုတ်ပေ။

ပါကင်ပါမစ် စနစ်သည် ပြီးခဲ့သည့် အစိုးရ လက်ထက်တွင် စတင်ခဲ့သည်။ အချိန်အားဖြင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလပိုင်းက ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း Individual Permit ခေါ် လူပုဂ္ဂိုလ်တစ်ဦးချင်း (ဖရီးပါမစ်) ဖြင့် ကားတင်သွင်းရာတွင် ကားပါကင်ပါမစ် ထောက်ခံချက် ရှိမှသာ ရန်ကုန်လိုင်စင် (YGN) လျှောက်ထားနိုင်မည် ဖြစ်သည်။ ယင်းစနစ်မှာ မော်တော်ယာဉ် အစီးရေ တိုးပွားလာမှုကို ကန့်သတ်ရန် စီစဉ်ခြင်း ဖြစ်သည်။
သို့သော် ရည်ရွယ်ချက်အတိုင်း ဖြစ်မလာခဲ့ပေ။ ပါကင်နေရာအတွက် ဝယ်ယူရသည့် ကုန်ကျစရိတ်သာ ပိုတိုးခဲ့သည်။

ကားပါကင်ပါမစ် တစ်စောင်လျှင် ကျပ်လေးသိန်းမှ ၁၃ သိန်းအထိ ဈေးဖြစ်ခဲ့သည်။ ထို့ကြောင့် ပါကင်ပါမစ် စနစ်ထက် ပိုမိုကောင်းမွန်သည့် စနစ်တစ်ခုကို အဖြေရှာနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပါကင်ပါမစ် ထုတ်ပေးခြင်းကို ခေတ္တဆိုင်းငံ့ထားခြင်း ဖြစ်သည်။

သို့သော် ယင်းဆိုင်းငံ့မှုသည် တစ်လခွဲနီးပါး အချိန်ကြာမြင့်လာခြင်းကြောင့် ရန်ကုန်ကားဈေးကွက်ကို ကသောင်းကနင်း ဖြစ်စေကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ပြောကြားသည်။

“ဇွန်လအလယ်ပိုင်း၊ ဇွန်လကုန်ပိုင်းလောက်မှ အဖြေထွက်လောက်မယ်လို့ ခန့်မှန်းရပါတယ်။ ဒီကြားထဲမှာတော့ ရန်ကုန်လိုင်စင် မလွယ်တာကြောင့် အရောင်းအဝယ်တွေ အေးနေတယ်” ဟု အွန်လိုင်း မော်တော်ကား ရောင်းဝယ်ရေးဝက်ဘ်ဆိုက် motors.com.mm မှ Assistant Director (Marketing & Comm-unication) ဦးညိုသွေးနိုင်က ဆိုသည်။

ဈေးကွက်ထဲတွင် အရောင်းအဝယ် ဖြစ်သည့် ကားများမှာလည်း လိုင်စင်နံပါတ် ထွက်ပြီးသား ကားဟောင်းများဖြစ်ပြီး နံပါတ်မယူရသေးသည့် ကားများ အရောင်းအဝယ် မရှိကြောင်း သူက ပြောသည်။

ကားအရောင်းအဝယ် အေးသွားသော်လည်း ကားဈေးမှာ တောက်လျှောက်မြင့်တက်နေသည်။

ပါကင်ပါမစ် မချပေးခြင်းကြောင့် (ရန်ကုန်လိုင်စင်အတွက်) ပြည်ပမှ ကားတင်သွင်းရန် ခက်ခဲသွား၍ ဖြစ်သည်။

ဈေးကွက်ထဲတွင် ယခင် ကျပ်သိန်း ၁၁၀ ပတ်လည်ရှိသည့် Colt Plus (1300 cc) ကားအမျိုးစားများသည် လက်ရှိတွင် ကျပ် ၁၃၅ သိန်းအထိ ဈေးခုန်တက်သွားသည်။ ယခင်ကျပ်သိန်း ၁၂၀ ခန့်ရှိသည့် Honda Fit 2011 (1300cc, Silver) မှာလည်း ကျပ် ၁၄၅ သိန်းမှ သိန်း ၁၅၀ အထိ ဈေးတက်ခဲ့သည်။

Toyota Crown ၂၀၀၂-၂၀၀၃ ကားဟောင်း၊ D/E/F နံပါတ်ကားများမှာ သိန်း ၁၃၀၊ ၁၄၀ မှ ကျပ်သိန်း ၁၈၀ ဝန်းကျင်ဈေး ဖြစ်သွားသည်။ ယင်းသို့ ကားဈေးနှုန်း တက်သွားခြင်းမှာ ပါကင်ပါမစ်ကိစ္စ တစ်ခုတည်းကြောင့် မဟုတ်။ ပါကင်ပါမစ်ကြောင့် အကျပ်ရိုက်သွားသော ကားဈေးကွက်ကို ဝင်ငွေခွန်က ထပ်ဆင့်အခက်တွေ့စေရန် ဖျစ်ညစ်လိုက်ပြန်သည်။

(Income Tax) ဝင်ငွေခွန် သို့မဟုတ် ငွေဖြူ၊ ငွေမဲ စိစစ်ခြင်း

ယင်းမှာ အသစ်ပြဋ္ဌာန်းလိုက်သည့် ပြည်တွင်းအခွန်အကောက် ဥပဒေ ဖြစ်သည်။

၂၀၁၆ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ ဇွန်လ ၁ ရက်နေ့မှ စတင်၍ ဖရီးပါမစ်ဖြင့် တင်သွင်းသည့် ကားများအနေနှင့် (Income Tax) ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ခြင်းကြောင့် ပြည်တွင်းကားဈေးကွက် ဈေးနှုန်းများ မြင့်တက်သွားခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဝယ်ယူမည့် ကားအနေအထားအပေါ် မူတည်ကာ ကျပ်ဆယ်သိန်းမှ ကျပ်သိန်းရာဂဏန်း အထိ မြင့်တက်သွားသည်။

ဝင်ငွေခွန် (Income Tax) ကောက်ရာတွင် တစ်ကျပ်မှ သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း ဖြစ်သည်။ ကျပ်သိန်း ၃၀၀ မှ သိန်းတစ်ထောင်အထိ ၂၀ ရာခိုင်နှုန်း ဖြစ်ပြီး ကျပ်သိန်းတစ်ထောင် အထက်ကို ၃၀ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်သည်။

မြန်မာကားဈေးကွက်တွင် ကျပ်သိန်းသုံးရာအောက် ကားများသာ အများဆုံး အရောင်းအဝယ်ဖြစ်၍ အခွန် ၁၅ ရာခိုင်နှုန်းကိုသာ ကားလုပ်ငန်းရှင်များက အဓိက ရည်ညွှန်းပြောဆိုကြသည်။ ယင်းဝင်ငွေခွန်ကြောင့် 1300cc ကားများ ဈေးနှုန်းပိုမိုမြင့်မားခဲ့သည်။

ဝင်ငွေခွန်သည် ကြိုတင်ပေးဆောင်ရမည် ဖြစ်ပြီး ငွေဖြူ သို့မဟုတ် ဝင်ငွေရလမ်း ဖော်ပြနိုင်ပါက ပြန်လည်ထုတ်ယူနိုင်မည် ဖြစ်သည်။

သို့သော်လည်း အစိုးရ၏ ငွေစာရင်းထဲ ရောက်ပြီးသား ပိုက်ဆံမှာ ပြန်လည်ထုတ်ယူရန် မလွယ်ကူကြောင်း ဥက္ကဋ္ဌ ဦးဇော်ထိုက်အေးက ပြောကြားသည်။
“(ငွေဖြူ) ဖော်ပြနိုင် မပြနိုင် အရင်ဆောင်ရမှာ။ ပြီးတော့မှ ဖြူပါတယ်၊ မဲပါတယ် လိုက်ပြပြီး ထုတ်ဖို့က တော်တော်ခက်တဲ့ ကိစ္စပဲ” ဟု ၎င်းက ဆိုသည်။

အခွန် ၁၅ ရာခိုင်နှုန်းသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကြုံးဝင်ခြင်ကြောင့် တစ်နိုင်ငံလုံး၏ ကားဈေးကွက်ကို သက်ရောက်မှု ရှိစေကြောင်း သူက ဆိုသည်။

အထူးသဖြင့် ပြောင်းလဲလိုက်သည့် အခွန် ၁၅ ရာခိုင်နှုန်းသည် ရန်ကုန်ကားဈေးကွက်ကို ပိုမိုခြောက်ကပ်သွားစေခဲ့သည်။ ပါကင်ပါမစ် ကိစ္စအပြင် အခွန် ၁၅ ရာခိုင်နှုန်းကိုပါ ရန်ကုန်ကား အသိုင်းအဝိုင်းက ရင်ဆိုင်နေရသည်။

ဒုတိယအကြီးဆုံး မန္တလေးကား ဈေးကွက်မှာ အပြောင်းအလဲ နည်းသည်။ မန္တလေး ကားဈေးကွက်အတွက် ပါကင်ပါမစ်အတွက် ဖိအားမရှိပေ။ သို့သော် အခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံချိန်တွင် မန္တလေး ကားဈေးကွက်မှာ အပြောင်းအလဲ အနည်းအငယ် ရှိကြောင်း ကားလုပ်ငန်းရှင်များက ပြောသည်။ ဈေးနှုန်းလည်း ပိုတက်လာသည်။

ရန်ကုန်လိုင်စင်၊ နယ်လိုင်စင်

တစ်နိုင်ငံလုံး ခြုံကြည့်လျှင် ကားဈေးကွက်က အေးစက်၍ ဈေးတက်နေကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ဆိုသည်။ လူကြိုက်များသည့် ရန်ကုန်လိုင်စင်မှာ အဆမတန် ဈေးမာနေပြီး ရောင်းချသူများက ဈေးပိုမိုဆွဲတင် ရောင်းချနေကြကြောင်း ၎င်းတို့က ဆိုသည်။

“ပါကင်ပါမစ် မရတော့တဲ့အတွက် နယ်လိပ်စာတွေနဲ့ ကပ်ကြတာ များတာပေါ့။ အဲတော့ ရန်ကုန်လိုင်စင်ကားက ဈေးထိုးတက်သွားတယ်” ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် ရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောသည်။

ရန်ကုန်လိုင်စင်လျှောက်ရန် မလွယ်ကူတော့ခြင်းကြောင့် ကားတင်သွင်းသူများသည် ပါကင်ပါမစ် ထောက်ခံချက် မလိုသော နယ်လိုင်စင်ကပ်၍ ဝယ်ယူမှုများ ပြုလုပ်လာကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်လိုင်စင် (YGN) သည် ကားဝယ်သူ အကြိုက်ဆုံးဖြစ်သည်။ ပြန်လည်ရောင်းချရာတွင် လွယ်ကူသည့်အပြင် အခြားအားသာချက်များ ရှိသည်။ လက်ရှိအနေအထားအရ ပါကင်ပါမစ် ထောက်ခံချက် မပေးတော့ခြင်းကြောင့် ရန်ကုန်လိုင်စင် ကားတင်သွင်းခွင့် သတ်မှတ်ချက် ပြည့်စုံသူများပင် ရန်ကုန်နံပါတ်ထွက်ရန် အခက်အခဲ ဖြစ်နေသည်။

ရန်ကုန်တွင် နေထိုင်ပြီး ကားပါကင် နေရာလည်းရှိ၊ ငွေဖြူပြနိုင်သည့် သူများမှာ ရန်ကုန်နံပါတ် ကားတင်သွင်းခွင့် ဆုံးရှုံးသွားသည်။

ဈေးတက်သွားသည့် ယာဉ်အို၊ ယာဉ်ဟောင်း

တစ်ချိန်ထဲတွင် ရန်ကုန်လိုင်စင် ဈေးမာခြင်းနှင့်အတူ ပါကစ်ပါမစ် ထောက်ခံချက် မလိုဘဲ မော်တော်ယာဉ် တင်သွင်းနိုင်သည့် ယာဉ်အိုယာဉ်ဟောင်း စလစ်များလည်း ဈေးတက်လာကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ဆိုသည်။

အို၊ ဟောင်းအပ်နှံမှု စလစ်ဖြင့် ကားတင်သွင်းပါက ပါကင်ပါမစ် ထောက်ခံချက် မလိုအပ်ဘဲ အမည်ပေါက်၊ ရန်ကုန်လိုင်စင် ရနိုင်မည် ဖြစ်သည်။

“လက်ရှိက အမည်ပေါက်ကို သိန်း ၉၀ လောက်ရှိတယ်။ စလစ်ဈေးက တက်သွားတယ်” ဟု ဦးအောင်သန်းဝင်းက ပြောသည်။

ယခင် (မေလ မတိုင်ခင်) စလစ်ဈေးမှာ ကျပ်သိန်း ၈၀ ဝန်းကျင် ရှိကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ဆိုသည်။

ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု ရှားပါးသွားခြင်းကြောင့်လည်း စလစ်ဈေးများ မြင့်တက်သွားခြင်း ဖြစ်ကြောင်း သူက ဆိုသည်။ စလစ်ဈေးမှာ ထက်မံတက်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

လက်ရှိမူဝါဒအရ နှစ် ၂၀ ဆယ်အောက် ယာဉ်များကို အိုဟောင်းအပ်နှံခွင့် ပြုထားပြီး စက်မှုဇုန်ကားများကို ၁၀ နှစ် သတ်မှတ်သည်။

ပါကင်ပါမစ် ပိတ်ပင်ထားခြင်း နောက်ဆက်တွဲရလဒ်သည် ကားလောကကို လှုပ်ခတ်စေပြီး ပြည်ပမှ ကားလေလံဆွဲသည့်နှုန်းပါ ကျဆင်းသွားကြောင်း ကားလုပ်ငန်းရှင်များက ဆိုသည်။

ဂျပန်ကားလေလံမှာ ယခင်ထက် ၄၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ၎င်းတို့က ဆိုသည်။

မြန်မာကားဈေးကွက်တွင် ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ် ကားများသာ အများဆုံး အသုံးပြုနေဆဲ ဖြစ်သည်။

အခြား Brand New ကားအသစ်များ ဝယ်ယူရန် တစ်ဦးချင်းဝင်ငွေ အခြေအနေအရ လက်လှမ်းမမီနိုင်သကဲ့သို့ အခြေခံအဆောက်အဦများ နိမ့်ပါးမှုကြောင့်လည်း Brand New ဝယ်စီးရန် အခြေအနေ မပေးသေးချေ။

“တန်ဖိုးကြီးကားကြီး ဝယ်စီးပြီး နောက်နေ့ ရေမြုပ်နေရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့က ဝင်ငွေက အဲဒီလောက် မရှိသေးဘူး။ ဂျပန်ကားဟောင်းလေး ဝယ်စီးတယ်။ တစ်ချိန်ကျရင်တော့ အသစ်ကို သွားရမှာပါ” ဟု ဦးဇော်ထိုက်အေးက ပြောဆိုသည်။

ကားရောင်းမလား၊ ဝယ်မလား

မငြိမ်မသက် အခြေအနေကြောင့် လက်ရှိအချိန် ကားဝယ်ယူခြင်းသည် စွန့်စားခန်းတစ်ခုသဖွယ် ဖြစ်သည်။ ဈေးတက်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ တည်ငြိမ်သည့် မူဝါဒတစ်ခုကို စောင့်ကြည့်ရန်လိုသည်။

ကားရောင်းချသူသည် ပုံမှန်ထက် ဈေးနှုန်းအမြင့်ပိုင်းဖြင့် ရောင်းချနိုင်သော်လည်း ကားပြန်ဝယ်ယူချိန်တွင် မည်ကဲ့သို့ မူဝါဒများ ဆက်လက်ရှိနေမည်ကို မသိရှိနိုင်ပေ။ ဝယ်ယူသူလည်း ထိုနည်းတူ။

ယခုက ကားရောင်းဝယ်ရန် ခက်ခဲသော အခြေအနေ။ ရောင်းသူ၊ ဝယ်သူ နှစ်ဦးနှစ်ဖက်လုံးသည် မူဝါဒ အပြောင်းအလဲကြားတွင် အထိနာနိုင်သည်ပင်။

ထို့ကြောင့် ယခုအချိန်တွင် မလိုအပ်ဘဲ ကားဝယ်မှုကို ရှောင်ကြဉ်သင့်သည်ဟု ဦးအောင်သန်းဝင်းက သတိပေးလာသည်။
“ကိုယ်လိုအပ်ရင် ဝယ်စီးပါ။ မလိုအပ်ဘဲ ဝယ်စီးရင်တော့ ကားစီးရတဲ့ဒုက္ခက လမ်းမပေါ် ထွက်တာနဲ့ ခံစားရမှာပဲလေ။ အရောင်းသမား ဆိုတာကတော့ အရောင်းအဝယ် လုပ်ချင်တာပဲ” ဟု ၎င်းက ဆိုသည်။

ယာဉ်ကြောကျပ်တည်းမှုမှာ ရန်ကုန်မြို့အတွက် အကြီးမားဆုံး အခက်အခဲတစ်ခု ဖြစ်သည်။ ယင်းအခက်အခဲကို ဖြေရှင်းရန် အတွက်ပင် ပါကင်ပါမစ် ထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆိုင်ငံ့ထားခြင်း ဖြစ်သည်။

အသုံးပြုနေသည့် ယာဉ်အရေအတွက်နှင့် မြို့တွင်းလမ်းကွန်ရက်များ နိုင်နိုင်နင်းနင်း စီမံခန့်ခွဲရန် ထပ်မံဝင်ရောက်လာမည့် ကားအသစ်များကို တင်းကျပ်ထားခြင်း ဖြစ်သည်။ယင်းအခြေအနေတို့ကြောင့် ကားတင်သွင်းမူဆိုင်ရာ မူဝါဒတွေကိုလည်း ဖြေလျှော့ခြင်းနှင့် အခွန်နှုန်းများ ဖြေလျှော့ခြင်း ပြုလုပ်လိမ့်မည် မဟုတ်သေးကြောင်း Distinct Trading ကုမ္ပဏီမှ ဦးထွဋ်ထိပ်က သုံးသပ်သည်။
“ကားအသစ်တွေ လွယ်လွယ်နဲ့ ထပ်မဝင်လာနိုင်အောင် ပုံစံအမျိုးမျိုးနဲ့ ထိန်းချုပ်လိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ယဉ်ကြောကျပ်မှုအတွက် တိုးပွားလာသည့် မော်တော်ယာဉ်များ ကန့်သတ်ခြင်းသည် အတိုင်းအတာတစ်ခုအထိ မှန်သော်လည်း အရေးကြီးသည့် အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးစနစ် (Public Transporation) ကို ကောင်းစွာစီမံခန့်ခွဲရန် ဖြစ်ကြောင်း ပညာရှင်များက ထောက်ပြကြသည်။

မည်သို့ပင်ဖြစ်စေ ရှုထောင့်ပေါင်းစုံ ကြည့်၍ ချိန်ညှိနိုင်မှသာ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာမည် မဟုတ်ပါလော။

ဇွန် ၁၅ စကားတစ်ခွန်း

မူဝါဒများကြား အကျပ်ရိုက်သွားသော ကားဈေးကွက် တစ်ကျော့ ပြန်တည့်မတ်လာနိုင်စေရေးအတွက် ကားလောကသားများကတော့ ပါကင်ပါမစ်ကိစ္စ ပြန်လည်သုံးသပ်ရန် ဆန္ဒရှိနေကြသည်။ ထို့ကြောင့် မော်တော်ယာဉ် လုပ်ငန်းရှင် အသိုင်းအဝိုင်းက ယင်းမူဝါဒကို ပြန်လည်သုံးသပ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုထားသည်။

မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် တင်သွင်းဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက “ဒီလ ၁၅ ရက်နေ့မှာ အဖြေတောင်းထားတာ။ ကားပါကင်ကိစ္စကို ဖြေရှင်းပေးဖို့။ ၁၅ ရက်နေ့ Dead Line ပေးထားတာပါ။ အဲဒီနေ့ အဖြေရမယ်။ လောလောဆယ်တော့ မသိရသေးဘူး” ဟု ဆိုသည်။

ရန်ကုန်ကားဈေးကွက် အပြောင်းအလဲသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လက်မှတ်တစ်ချက်၊ နှုတ်မိန့်တစ်ခုနှင့် လုံလောက်သည်။ ဈေးတက်ခြင်း၊ ကျခြင်းသည် ၎င်း၏ အဖြေတွင် မူတည်သည်။

ဇွန်လ ၁၅ ရက်နေ့တွင် မည်သို့မည်ပုံ အဖြေပေးမည်ကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တစ်စွန်းတစ်စမျှ ထုတ်ဖော်မပြော။ နှုတ်ဆိတ်၍သာ နေသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင်ပင် ကားမူဝါဒနှင့် ပတ်သက်လျင် ခပ်ဆိတ်ဆိတ်ပင်။ ယင်းနှင့် ဆက်နွယ်သည့် အင်တာဗျူးများကို မဖြေလိုခဲ့။ ၎င်း၏ ကိုယ်ရေးအရာရှိဖြစ်သူ ဦးတင်ထွန်းက “ကျွန်တော်တို့ဘက်က ဘာမှမဖြေနိုင်သေးပါဘူး။ ဖြေလို့မရသေးလို့ပါ။ အလုပ်ကိုပဲ အရင်လုပ်တာပါ” ဟု ငြင်းဆိုလာသည်။

၂၀၁၆ ရန်ကုန်ကားဈေးကွက် အကျပ်အတည်းက ဇွန်လ ၁၅ ရက် တစ်ရက်တည်းဖြင့် အဖြေထုတ် ဖြေလျှော့ပေးနိုင်ပါမည်လော။ သို့သော် ကားနှင့် ဆက်နွှယ်သူ အားလုံးကတော့ ဦးဖြိုးမင်းသိန်း၏ လက်မှတ်တစ်ချက်၊ နှုတ်မိန့်တစ်ခုကို ပင့်သက်မောများဖြင့် စောင့်မျှော်လျှက်။

“ကားတင်သွင်းသူတွေက Contract တစ်ခုနဲ့ ဝယ်ထားရတာ ရှိတယ်။ ဒီကားတွေကို ဒီနှစ်အတွင်း ရောင်းမယ်ပေါ့။ ခုလို အရောင်းအဝယ် မဖြစ်တော့ လုပ်ငန်းရှင်တွေ နစ်နာမှာပေါ့” ဟု ဦးဇော်ထိုက်အေးက ဖွင့်ဆိုလာချေပြီ။

နိုင်လင်းအောင်