News

POST TYPE

AUTOMOBILE

သရုပ်ဆောင် အာကာဟိန်းနှင့် တွေ့ဆုံခြင်း
22-Aug-2016

ဒီတစ်ပတ်ရဲ့ Celebrities' Choice ကဏ္ဍမှာတော့ နီနီခင်ဇော်ရဲ့ ဂယ်ဘဲဂယ်ဘဲ သီချင်း MTV မှာ ပရိသတ် အားပေးမှု ရခဲ့တဲ့ သရုပ်ဆောင် အာကာဟိန်းရဲ့ သူစီးနေတဲ့ ကားလေးနဲ့ သူ့ရဲ့ အကြံပြု စကားလေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။ 

Voice : လက်ရှိ ဘာကားအမျိုးအစားကို စီးနေလဲ။
AKH : ဟုတ်ကဲ့။ ကျွန်တော်လက်ရှိ Honda Fit အမျိုးအစား စီးနေပါတယ်။ 

Voice : ဒီကားလေးကရော ဝယ်ထားတာ ဘယ်လောက် ကြာပြီလဲ မသိဘူး။ 
AKH : ၂ နှစ်လောက် ရှိသွားပါပြီ။

Voice : စီးနေတာလည်း ၂ နှစ်လောက်ရှိပြီ ဆိုတော့ ဒီကားရဲ့ အားသာချက်တွေကရော ဘာတွေရှိလဲ။
AKH : အဓိက အားသာချက်ကတော့ ဆီစား အတော်လေး သက်သာတယ်ဗျ။ တစ်ပတ်ကို နှစ်သောင်းလောက်ပဲ ကုန်တယ်။ တစ်လလုံးမှ ရှစ်သောင်း၊ ကိုးသောင်းလောက်ပဲ ကုန်တယ်ဗျ။ ကျန်တဲ့ ကားတွေဆို ဆီစားတာ များတော့ ဆီဖိုး အရမ်းကုန်တယ်။ အဲဒါကြောင့် ဒီကားရဲ့ အားသာချက်က ဆီစား သက်သာလို့ ကြိုက်ပါတယ်။ 

Voice : အားနည်းချက်ကရော ဘာတွေရှိလဲ။
AKH : အားနည်းချက်ကတော့ ကျွန်တော်တို့က လူငယ်ပီပီ ပြိုင်မောင်းချင်တာလေးတွေ ဆိုရင်တော့ ပြိုင်မောင်းလို့တော့ မရဘူးပေါ့။ ဒီကားလေးကျတော့ အငြိမ်လေးပေါ့နော်။ 

Voice : ဒီကားအပြင် တခြားဘာကား အမျိုးအစားလေးတွေ သဘောကျမိသေးလဲ။
AKH : ဒီကားအပြင် ကျွန်တော် နောက်ထပ် သဘော ကျမိတာက Mini Cooper လေးတွေ အရမ်း သဘောကျပါတယ်။ ဝယ်နိုင်အောင်လည်း ကြိုးစားနေပါတယ်။

Voice : သူများတွေဆို ကား Body ကြီးတဲ့ ကား အမျိုးအစားတွေ သဘောကျလေ့ ရှိတယ်။ မောင်လေးကျ ဘာလို့ မီနီကူးပါးလေးကို သဘောကျတာလဲ။
AKH : ကျွန်တော်က Body ကြီးတဲ့ ကားအမျိုးအစားတွေ သဘောမကျဘူး။ မီနီကူးပါးလို ကားမျိုးလေးတွေ ကျွန်တော် ကားမောင်းနေရင်း ကျော်သွားရင် သမင် လည်ပြန် ငေးမိတဲ့အထိ ကျွန်တော် သဘော ကျပါတယ်။ တစ်နေ့ ပိုက်ဆံ အရမ်းရှိလာလို့ ရှိရင်လည်း မီနီ ကူးပါးလေးပဲ စီးချင်ပါတယ်။

Voice : ကားမောင်းတဲ့ အခါကျရင်ရော တော်တော်များများက ခါးပတ် ပတ်ပြီးစီးဖို့ ဝန်လေးကြတယ်။ မောင်လေး အနေနဲ့ရော ကားမောင်းတဲ့အခါ  ခါးပတ်ကြိုးပတ်ပြီး စီးလေ့ရှိလား။
AKH : ပွင့်ပွင့်လင်းလင်း ပြောရရင် အရင်တုန်းက ကျွန်တော် ခါးပတ်ကြိုးပတ်ပြီး စီးတာမျိုး မလုပ်ဘူးဗျ။ ခုနောက်ပိုင်း ဒဏ်ငွေ ဆောင်ရမယ် ပြောတဲ့အတွက်တော့ ခါးပတ်ပတ်ပြီး စီးနေပါတယ်ဗျ။

Voice : ရန်ကုန်မြို့ထဲမှာရော သွားရလာရတာ အဆင်ပြေရဲ့လား။
AKH : မြို့တွင်းမှာတော့ ကားလမ်းတွေက အတော်လေး ပိတ်တဲ့အတွက်  ဖြစ်နိုင်သမျှတော့ အပြင် မထွက်ဘဲ နေတယ်။ မဖြစ်မနေ ထွက်ရမယ်ဆိုရင်လည်း အတော်လေး စိတ်ညစ်ရပါတယ်။ အပြင်ထွက်ပြီဆို ကားတွေ အရမ်း ပိတ်တယ်။ နောက် ဘတ်စ် ကားသမားတွေက အတော်လေး ယာဉ်စည်းကမ်း လိုက်နာမှုပိုင်းမှာ အားနည်းတယ်။ သူတို့ပဲ မှားတယ်။ သူတို့ပဲ ရန်လိုတယ်ဆိုတော့ အတော်လေး စိတ်ညစ် ရပါတယ်။ သူတို့တွေ စည်းကမ်းတကျ မောင်းလာဖို့ကတော့ အတော်လေး ပြင်ဆင်ရမယ်နဲ့ တူပါတယ်။ 

Voice : တချို့တွေဆို မိန်းကလေးတွေဆို ဘယ်လို ကားမျိုးနဲ့ သင့်တော်တယ်၊ ယောက်ျားလေးတွေဆို ဘယ်လိုကားမျိုးစီးတာ သင့်တော်တယ်ဆိုပြီး အကြံ ပေးကြတာမျိုးတွေ ရှိတယ်ပေါ့နော်။ မောင်လေး အနေနဲ့ရော ဘယ်လို အကြံပေးချင်လဲ။
AKH : ကားဝယ်တဲ့အခါ ကိုယ်ကြိုက်တဲ့ ကားအမျိုး အစားကိုပဲ ရွေးဝယ်တာ အကောင်းဆုံးလို့ မြင်ပါတယ်။ သူများက ဘယ် ကားအမျိုးအစားက သင့်တော်တယ် ဆိုလို့ လိုက်ဝယ်တာထက် ကိုယ့်စိတ်ကြိုက်ပဲ ရွေးဝယ်ပါလို့ အကြံပေးချင်ပါတယ်။

Voice : မြို့တွင်းမှာ ကားမောင်းပြီး သွားနေတဲ့ သူတွေရယ်၊ မောင်လေး ပရိသတ်တွေကိုရော ကားနဲ့ ပတ်သက်ပြီး ဘယ်လို အကြံပေးချင်သေးလဲ မသိဘူး။
AKH : ကားမောင်းတဲ့အခါ ခါးပတ်ကြိုးကို ပတ်ပြီး စီးတာ အကောင်းဆုံးပါ။ ဘေးနားက သူငယ်ချင်း တစ်ယောက်က ခါးပတ် ပတ်ပြီး စီးပြမယ်ဆို တခြားသူတွေလည်း လိုက်ပတ် ပြီးစီးရာကနေ လူတိုင်း ကားမောင်းတဲ့အခါ ခါးပတ်ကြိုးကို ပတ်ပြီး စီးကြမယ်ဆို ကိုယ့်အတွက် အန္တရာယ် ကင်းမှာပါ။ နောက်တစ်ခုက စည်းကမ်းတကျ အမှိုက် ပစ်ကြပါလို့။ ကားမောင်းရင်းပဲဖြစ်ဖြစ်၊ ဘေးကနေ လိုက်စီးတဲ့ အခါမှာပဲဖြစ်ဖြစ် အပြင်ကို အလွယ်တကူ ပစ်ချလိုက်တာမျိုး မလုပ်ဘဲ ကားပေါ်မှာလည်း အမှိုက်ပစ်လို့ ရတဲ့ဘူးလေး ထားပြီး အိမ်ရောက်မှ သေချာ ပစ်စေချင်ပါတယ်။ အဲလိုလေးတွေ စည်းကမ်း ရှိလာရင် ပိုအဆင်ပြေမှာပါ။

ခိုင်ချယ်ရီထွန်း

  • VIA