News

POST TYPE

ARTICLE

နဂါးဗိုင်းရပ်စ်
01-Jul-2016

မန္တလေးမြို့ရှိ လူစည်ကားရာ ဈေးတစ်ခုအတွင်းတွင် ဖြစ်သည်။ သူတို့သည် ဈေးအတွင်းမြေပြင်တွင် ခင်းထားသော ဟင်းသီးဟင်းရွက်ဆိုင်ရှေ့တွင် ရပ်ကာ လိုချင်သော ဟင်းသီးဟင်းရွက်ကို ခြေထောက်ဖြင့် ထိုးပြကြသည်။ ဈေးသည်က မြန်မာဘာသာဖြင့် ပြန်လည်ပြောသောအခါ သူတို့ နားမလည်ကြ။ ထို့ကြောင့် နိုင်ငံတကာဘာသာစကား ဖြစ်သော လက်ဟန်ခြေဟန်သုံးကာ ဈေးပြောကြသည်။ ပြီးနောက် သူတို့က ကျသင့်ငွေကို ဈေးသည် ထိုင်နေရာမြေပြင်သို့ ပစ်ပေးကြသည်။

သူတို့ဟူသည်မှာကား မြန်မာနိုင်ငံသို့ နည်းလမ်းအမျိုးမျိုး ပုံစံအသွယ်သွယ်ဖြင့် ရောက်ရှိလာကြသော တရုတ်နိုင်ငံသား အချို့ပင်ဖြစ်သည်။

“မန္တလေးက ပျံကျဈေးတစ်ခုမှာ အဲ့ဒီလိုပုံစံမျိုးနဲ့ ဈေးဝယ်တာကို မကြာခဏ တွေ့ဖူးတယ်။ ပြီးတော့ စားသောက်ဆိုင်တွေ မှာဆိုလဲ စကားဟောင်ဖွာဟောင်ဖွာနဲ့ ဆေးလိပ်ကို အဆက်မပြတ် သောက်ကြတယ်။ No Smoking Area ဆိုလည်း နားမလည်ဘူးဗျ။ ဒါပေမယ့် သူတို့ဟာသူတို့တော့ သူတို့လုပ်ရပ်ဟာ ရိုင်းတယ်လို့ မထင်ကြဘူး ထင်တယ်” ဟု မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ကိုအောင်ခေတ်ထူးက ပြောပြသည်။ 
“သူတို့ကို ကျွန်တော်တို့ဆီက ဒေသခံဖြစ်နေတဲ့ မြန်မာနိုင်ငံသား တရုတ်အချို့ကတော့ သူတို့ကို ‘မေ့ရိုးလီမောက်’ လို့ခေါ်ကြတယ်” ဟု သူက ဆက်ပြောသည်။ 
‘မေ့ရိုးလိမောက်’ မှာ တရုတ်ဘာသာစကားဖြင့် ‘ယဉ်ကျေးမှုကို မသိသောသူ’ ဟု အဓိပ္ပာယ်ရသည်။

အချို့မန္တလေးသားများက လူမျိုးက အဓိကမဟုတ် မန္တလေးဓလေ့များ ပျောက်ဆုံးလာခြင်းသာ လိုရင်းဟု ဆိုကြသည်။

“တရုတ်လူမျိုး များတဲ့အပေါ် သဘောထားပြောရရင် လူမျိုးရေးထက် အဓိက မန္တလေးစိတ်ဓာတ် မရှိတဲ့သူ များလာတာကို ပြောချင်ပါတယ်။ ကိုယ့်တိုင်းရင်းသား လူမျိုးစု မဟုတ်တဲ့ အမျိုးအနွယ်တွေ များလာတာကို မကြိုက်ပါဘူး။ ပိုမကြိုက်တာက မန္တလေးရဲ့ အစဉ်အလာ၊ ဓလေ့ထုံးစံတွေ ပျောက်ဆုံးကုန်တာပါ” ဟု ဆိုလာသူက မင်းတုန်းမင်း၏ တီတော်စပ်သူ ဦးထိပ်တင်အောင်ဖြစ်သည်။ မန္တလေးမြို့တော်တွင် ယခင်ကတည်းက တရုတ်မျိုးနွယ်များ ရှိခဲ့ပြီး မန္တလေးအကျိုး၊ မန္တလေးဓလေ့ကို အလွန်လိုက်နာသူ အများအပြားရှိကြောင်း၊ ယခုနောက်ပိုင်း ဝင်ရောက်လာသူများမှာ ယင်းသို့မဟုတ်တော့ဘဲ ပုံစံပြောင်းလာကြပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။ 
မန္တလေးမြို့ကို မန္တလေးသားတို့က ပိုင်ဆိုင်ပြီး မန္တလေးတွင် မွေးဖွားသူ မဟုတ်သော်လည်း မန္တလေးကိုချစ်လျှင် မန္တလေးသားပင်ဖြစ်ကြောင်း၊ မန္တလေးနှင့် ဝေးသော်လည်း မန္တလေးကို ချစ်နေဆဲပင်ဖြစ်ကာ အရေးကြီးဆုံးအချက်မှာ မန္တလေးတွင် တရုတ်လူမျိုးများ များပြားလာသည် ဆိုခြင်းထက် မန္တလေးသားများ နည်းပါးလာသည်ကို ပိုမိုစိုးရိမ်မိပါကြောင်း ဦးထိပ်တင်အောင်က ပြောလေသည်။

ယခုအခါ ထိုမေ့ရိုးလိမောက်များကား မန္တလေးမြို့တစ်မြို့တည်း တွင်ပင် မဟုတ်တော့ဘဲ ၎င်းတို့၏နယ်စပ် မြန်မာပြည်မြောက်ဖျားမှ မြန်မာပြည်တောင်ဖျား တိုင်အောင် တတိတိဖြင် ဝင်ရောက်စိုးမိုးနေပြီဖြစ်သည်။

မန္တလေးမတိုင်မီ ပြည်မတရုတ်လူမျိုးများ၏ ခြေကုပ်ယူ စီးပွားရှာရာဒေသတစ်ခု ရပ်တည်ခဲ့သည်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လားရှိုးမြို့ ဖြစ်သည်။

“မြို့ထဲက အချက်အချာကျတဲ့နေရာ တော်တော်များများကို ပြည်မတရုတ်တွေ ဝယ်ထားကြတာ များတယ်။ တရားဝင် မဟုတ်ပေမယ့် ကုန်သွယ်မှု တော်တော်များများကို ယွမ်ငွေနဲ့ လုပ်ကြတာတွေရှိတယ်” ဟု ဆိုလာသူက လားရှိုးမြို့ အမှတ် (၁) ရပ်ကွက်နေ ကုန်သည်တစ်ဦးဖြစ်သူ ဦးစိုင်းရှန်ဝမ်း ဖြစ်သည်။ မြို့တွင်းရှိ အချက်အချာကျသည့် နေရာများတွင် နေရာယူ တိုက်ရိုက်ဝယ်ယူခြင်းမပြုဘဲ ဂရံအမည်ပေါက် ရစေရန် နိုင်ငံသားစိစစ်ရေးကတ်များ ရရှိပြီးသူများအား အမည်ခံ ဝယ်ယူစေခြင်းဖြစ်ကြောင်းလည်း ဦးစိုင်းရှမ်ဝမ်းက ဖြည့်စွက်သည်။

လားရှိုးမြို့တွင် ပြည်မတရုတ်များ စိမ့်ဝင်မှုကား မြို့တွင်းရှိ တရုတ်စာသင်ကျောင်းများ အနေအထားကို ကြည့်ရုံနှင့်ပင် သိသာလွန်းလှပေသည်။ အခြေခံပညာကို တရုတ်စာဖြင့် သင်သော ကျောင်းများပင် မနည်းမနော။

“တရုတ် စာသင်ကျောင်းတွေ ရှိနေတာက နှစ်ကတော်တော်ကြာပြီ ဆိုတော့ မြို့ခံတွေအတွက် အထူးအဆန်းတော့ မဟုတ်တော့ဘူးဗျ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းက ဆယ်ကျောင်းလောက်ရှိတယ်။ ခုနောက်ပိုင်း ကောလိပ်အဆင့်ရှိတဲ့ ကျောင်းတစ်ကျောင်းတောင် ပေါ်လာသေးတယ်” ဟု လားရှိုးမြို့တွင် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူ ကိုချမ်းငြိမ်းမိုးက ဆိုသည်။ 
လွန်ခဲ့သည့် ၂ နှစ်ခန့်က ယူနန်အစိုးရက မြန်မာဘာသာဖြင့် ထုတ်ဝေသည့် မင်္ဂလာအမည်ရှိ မဂ္ဂဇင်းတစ်စောင်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်စာသင်ကျောင်းများ ကော်မတီ၏ လမ်းညွှန်ချက်များ ဆိုသည့် စာသားကို ဖတ်မိပြီးသည့်နောက် လားရှိုးမြို့တွင်းရှိ တရုတ်စာသင်ကျောင်းများနှင့် ပတ်သက်ပြီး သတိထားမိခဲ့ကြောင်း ကိုချမ်းငြိမ်းမိုးက ဖြည့်စွက်ပြောဆိုသည်။

လားရှိုးမြို့ပေါ်တွင် ပြည်မတရုတ်များ နေရာယူလာမှုနှင့်အတူ များပြားလာသည် များကတော့ ငါးမန်းဝိုင်းဟုခေါ်သည့် လောင်းကြေး ငါးပစ်ကစားနည်းဝိုင်းများ၊ တစ်နည်းအားဖြင့် ကာစီနိုဝိုင်းများပင် ဖြစ်ကြောင်း မြို့ခံများထံမှ သိရှိရသည်။

“ပြည်မက ဝင်လာတဲ့ တရုတ်တွေက တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့အချို့နဲ့ ချိတ်ဆက်ပြီးမြို့ပေါ်မှာ ကာစီနိုဝိုင်းတွေ လုပ်တယ်။ တချို့သက်ဆိုင်ရာက မသိတာရှိသလို သိပြီး လိုင်းကြေးယူတာလည်း ရှိတယ်။ တိုင်စာပို့ရင်တော့ ဝင်အဖမ်းပြလိုက်တာပဲ၊ ဒါပေမဲ့ ခဏပါပဲ” ဟု ဦးစိုင်းရှမ်ဝမ်းက ဆိုသည်။

လောင်းကစားလုပ်ငန်း ကြီးထွားလာသည်နှင့်အတူ မြို့လူငယ်ထု၏ မူးယစ်ဆေးသုံးစွဲမှုနှင့် HIV ကူးစက်နှုန်းမှာလည်း ကြောက်ခမန်းလိလိ မြင့်တက်လာကြောင်း လားရှိုးမြို့ခံ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူ ကိုချမ်းငြိမ်းမိုးက ဆိုလာသည်။ 
လားရှိုးမြို့သို့ ပြည်မမှ တရုတ်လူမျိုးများ လာရာလမ်းကြောင်းတစ်လျှောက် ဖြစ်သည့် မူဆယ် - ကျောက်မဲ - ကွတ်ခိုင် တစ်လျှောက်ရှိ ဒေသများတွင်လည်း တရုတ် နိုင်ငံသားများက ဒေသခံတိုင်းရင်းသူများအား လက်ထပ်ကာ တောင်ယာ၊ လယ်ယာ မြေများ၊ အိမ်၊ ခြံ၊ မြေများအား ဝယ်ယူနေမှုများ ရှိကြောင်းလည်း ၎င်းက ထပ်မံပြောပြသည်။

လားရှိုးကဲ့သို့သော တရုတ်ပြည်နယ်စပ်နှင့် နီးသည့် မြို့များသာမဟုတ်။ မြန်မာပြည်မရှိ လူများပင် သွားရောက်မှုနည်းသော ကယားပြည်နယ်ကဲ့သို့ နေရာမျိုးတွင်ပင် ပြည်မတရုတ်တို့၏ ဝင်ရောက်စိုးမိုးမှု ရှိနေပေသည်။

“မြို့ပေါ်မှာ ငြိမ်းချမ်းရေးအဖွဲ့တွေကို နာမည်ခံခိုင်းပြီး ကာစီနိုဆိုင် သုံးလေးဆိုင် လာဖွင့်တာ ရှိတယ်။ တကယ့်ပိုင်ရှင်တွေက ဗမာစကားမတတ်တဲ့ တရုတ်တွေများတယ်” ဟု လွိုင်ကော်မြို့ မင်းစုရပ်ကွက်တွင် နေထိုင်သည့် အလယ်တန်းပြ ကျောင်းဆရာဟောင်း ဦးပလျားရယ်က ဆိုသည်။

လွိုင်ကော်မြို့ပေါ် တွင်သာမက ကယားပြည်နယ် ဖရူဆိုမြို့နယ် ယူဆို၊ မိုဆို၊ ယာဧပရားဒေသရှိ သစ်တောများအတွင်း ခနောက်စိမ်းလုပ်ကွက်များတွင် ပြည်မမှ တရုတ်လူမျိုးများ နှစ်ရှည်လများစွာ လာရောက်အခြေချ နေထိုင်ကာ ငြိမ်းချမ်းရေးအဖွဲ့ တစ်ချို့နှင့် အကျိုးတူ ပူးပေါင်းပြီး ခနောက်စိမ်းထုတ်လုပ်မှုများ ရှိနေကြောင်းလည်း ဖရူဆိုမြို့နယ် ဒိုမိုဆောကျေးရွာတွင် နေထိုင်ခဲ့ဖူးသည့် အမည်မဖော်လိုသူ လွိုင်ကော်တက္ကသိုလ် ဒုတိယနှစ် ကျောင်းသားတစ်ဦးထံမှ သိရသည်။ 
“၂၀၁၃ လောက်ကစပြီး ယာဧပရား ချောင်းဘေးက ရွာတချို့မှာ ကလေးတွေ အသေအပျောက်များတယ်။ အဲဒီအချိန်မှာ ရွာကတော့ စုန်းကိုင်တာတို့၊ ရိုးရာနတ် ကိုင်တာတို့လို့ ယူဆကြတာပေါ့။ သေချာ လေ့လာလိုက်တော့ ချောင်းဖျားမှာ တရုတ်တွေနဲ့ ငြိမ်းချမ်းရေးအဖွဲ့တစ်ခုနဲ့ ပေါင်းပြီး သတ္တုသန့်စင် စက်ရုံငယ်တစ်ခု လုပ်ထားတာ သွားတွေ့တယ်။ အဲဒီကနေကျလာတဲ့ သတ္တုသန့်စင်ပြီးရေ တွေဟာ ချောင်းထဲကို ဆင်းသွားရာက ကလေးတွေ ဘေးသင့်တာလို့ ယူဆရတယ်” ဟု ယင်းကဆိုသည်။

အဆိုပါဒေသတွင် သတ္တုတူးဖော်ရေး လာရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများမှာ မြန်မာစကားလုံးဝ တတ်မြောက်ခြင်းမရှိဘဲ ပြောက်ကျားယူနီဖောင်းများ ဝတ်ဆင်ကာ 4 Wheel ယာဉ်များဖြင့် တခမ်းတနား သွားလာတတ်ကြောင်းလည်း ဒေသခံများမှ ဆိုသည်။

ကယားပြည်နယ်ကဲ့သို့ လူအရောက် အပေါက်နည်းသော နိုင်ငံအစွန်ပိုင်း ဒေသများတွင်ပင် သူတို့ရှိနေသည့်အတွက် အချက်အချာကျသည့် မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့တော် မန္တလေးတွင်ရော မည်သို့ရှိမည်နည်း။

မန္တလေးမြို့တော်၏ မြို့လယ် ၇၁ လမ်း နှင့် ၂၈x၂၉ လမ်းကြားတွင် မြန်မာ့ရိုးရာ ထမင်းဆိုင်ကြီး တစ်ဆိုင်ရှိသည်။ အချိုပွဲများကအစ ပေါက်ပေါက်ဆုပ် စသည့် မြန်မာမုန့်များကိုသာ တည်ခင်းတတ် သည်။ အရသာလည်း ကောင်းမွန်သဖြင့် သရုပ်ဆောင်၊ အဆိုတော် စသည့်နာမည်ကျော်များ လာရောက်စားသောက်လေ့ ရှိသည်။ ပြောစရာရှိသည်က ယင်းဆိုင်ပိုင်ရှင်မှာ မြန်မာနိုင်ငံသား မဟုတ်ဘဲ တရုတ်ပြည်မသား ဖြစ်နေခြင်းပင်။

မြန်မာ့ရိုးရာစားစရာကား တရုတ်တို့အတွက် စီးပွားရှာစရာ အကြောင်းအရာ ကောင်းတစ်ခု ဖြစ်နေသည်။

လမ်း ၈၀ ပေါ်တွင်လည်း တရုတ်လူမျိုးတို့၏ ဘုံကျောင်းတစ်ခုရှိသည်။ ယင်းဘုံကျောင်းမှာ မန္တလေးရောက် တရုတ်လူမျိုးများ၏ အားကိုးရာနေရာတစ်ခု ဖြစ်ပြီး စီးပွားရေး အဆင်မပြေသူများကို ကူညီထောက်ပံ့မှုများလည်း ရှိကာ မန္တလေးမှ လက်ရှိ နာမည်ကြီးလုပ်ငန်းရှင် အချို့ကို ကူညီခဲ့ဖူးသည်ဟု စုံစမ်းသိရှိရသည်။

မန္တလေးမြို့ပေါ်ရှိ ဟိုတယ်လုပ်ငန်း၊ ရွှေဆိုင်လုပ်ငန်း၊ အိမ်၊ ခြံ၊ မြေလုပ်ငန်းများ အပါအဝင် စီးပွားရေးလုပ်ငန်း တော်တော်များများကို တရုတ်လူမျိုးများက အုပ်မိုးထားကြလေသည်။ မြို့ပေါ်ရှိ အချက်အချာကျသည့် မြေနေရာအများစုကို သူတို့ ပိုင်ဆိုင်ထားကြသည်။ မန္တလေးမြို့၏ အချက်အချာကျသော သိပ္ပံလမ်းမကြီးတစ်လျှောက်ရှိ ခြံဝင်းအမြင့်များ ခတ်ထားပြီး နန်းတော်တမျှ ခမ်းနားလှပသော အိမ်ကြီးအိမ်ကောင်းများမှာ ပြည်မတရုတ်တို့၏ ပိုင်ဆိုင်မှုအများစု ဖြစ်နေသည်။

မန္တလေးမြို့သို့ တရုတ်လူမျိုးများ လာရောက်နေထိုင်ကြခြင်းမှာ ယခုမှတော့ မဟုတ်။ အမရပူရမြို့တွင် အမရပူရခေတ် ကတည်းက ရှိခဲ့သည့် တရုတ်ဘုံကျောင်း တစ်ခုက တရုတ်-မြန်မာ ကူးလူးဆက်နွှယ်မှုများ ရှေးပဝေသဏီ ကတည်းက ရှိခဲ့ကြောင်း သက်သေခံနေသည်။

မန္တလေးမြို့၏ အသည်းနှလုံးဖြစ်သည့် နန်းတွင်းကျုံးရိုးများကို နောက်ခံထား၍ တရုတ်ကလေးငယ်အချို့ တရုတ်ရိုးရာဖြင့် ကပြနေသည့် ဓာတ်ပုံက လွန်ခဲ့သည့်လ အနည်းငယ်အတွင်းက လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လာခဲ့ပြီး ဝေဖန်သံများစွာ ထွက်ပေါ်လာခဲ့သည်။

“ကျွန်တော်တို့မှာက ကိုယ့်ရိုးရာ ယဉ်ကျေးမှုကို ကိုယ်ပြန်ဖော်ထုတ်ဖို့၊ ထိန်းသိမ်းကြဖို့တွေ အများကြီးလိုပါတယ်။ ဒါမှ သူများယဉ်ကျေးမှုထဲ မျောပါနေတာကို ပြန်ဆယ်လို့ရမှာပါ” ဟု အမရပူရမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမိုးနိုင်ကျော်က ဆိုသည်။ လွန်ခဲ့သည့် ၁၅ နှစ်ခန့်က အမရပူရ မြို့နယ်အတွင်းရှိ ဥယျာဉ်ခြံမြေများကို ကာလပေါက်ဈေး၏ ငါးဆခန့်ပေး၍ ဝယ်ယူခဲ့ကြပြီး ရောင်းချသူ အများအပြားရှိခဲ့ကြောင်း ၎င်းကဆိုသည်။ 
“အဲဒီတုန်းက ၁၀ သိန်းလောက်တန်တဲ့ မြေတွေကို သူတို့က သိန်းငါးဆယ်လောက် ပေးဝယ်တော့ တော်တော်များများက ရောင်းခဲ့ကြတယ်။ သားစဉ်မြေးဆက် အကျိုးပြုနိုင်တဲ့ အရာကို ခဏတာရရှိမယ့် ငွေကိုမက်ပြီး ရောင်းလိုက်ကြတာပေါ့” ဟု ဦးမိုးနိုင်ကျော်က ပြောသည်။

မြန်မာပြည်အလယ်ပိုင်း မန္တလေးပြီးနောက် ထပ်သေမည့်မြို့ကား ရန်ကုန်။

ရန်ကုန်မြို့ရှိ လမ်းမကြီးအချို့နှင့် ဗိုလ်ချုပ်အောင်ဆန်းဈေး ကိုလည်း မြန်မာစကား မတတ်သည့် ပြည်မပေါက်ဖော်များက အပိုင် စီးထားကြပြန်သည်။

ရန်ကုန်မြို့တော်အတွင်းရှိ နာမည်ကျော် တရုတ်ဆံပင်ညှပ်ဆိုင်များ၊ လိင်ကိစ္စနှင့် အခြား ကူးစက်ရောဂါများအား အာမခံဖြင့် ကုပေးသည့် တရုတ်ဆေးခန်းများတွင် မြန်မာစကား မပီကလာပီကလာဖြင့် တစ်ဖုံ၊ တရုတ်စကားသီးသန့်သာ ပြောတတ်သူက တစ်မျိုးဖြင့် ပြည်ကြီးသားများစွာ ရှိနေသည်။ ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးဒေသများတွင် တရုတ်နိုင်ငံသားဟု ထင်ရသူများမှ လမ်းစရိတ်ပြတ်သည် ဟုဆိုကာ အိုင်ဖုန်းနှင့် အိုင်ပက်တံဆိပ်အတုများအား လိမ်လည် ရောင်းချသည့် သတင်းများကို လူမှုကွန်ရက်များတွင် တွေ့ခဲ့ရသည်။

ရန်ကုန်မြို့ကြီးသည်ကား မြန်မာနိုင်ငံတွင်း ပြည်မတရုတ်တို့ စီးပွားရေး အင်ပါယာ ချဲ့ရာ၏ နောက်ဆုံးနေရာ မဟုတ်သေး။ မြန်မာပြည်တောင်ဘက်စွန်း မြိတ်ကျွန်းစု အထိပင် အင်ပါယာကို ချဲ့ထွင်နေပြီဖြစ်သည်။

“၂၀၁၂ လောက်စပြီး သူတို့ဝင်လာကြတယ်။ ရန်ကုန်၊ မန္တလေးဘက်က စကားပြန် တချို့လည်း ပါတယ်။ မြိတ်-ထားဝယ် ဘက်မှာ အခြေစိုက်ပြီး ဘုတ်ပြင်းတဝိုက်မှာ ဒေသခံဆလုံတွေကို ငှားပြီး ရေအောက် ငါးမိုင်းခွဲတာတွေလုပ်တယ်” ဟု မြိတ်ဒေသခံ ငါးလုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ကိုထူးအောင် ကျော်က မြိတ်ကျွန်းစုဘက်က အခြေအနေကို ရှင်းပြသည်။ ငါးမိုင်းခွဲရာတွင် စဥ့်အိုးများအတွင်း ယမ်းအပြည့်ထည့်ကာ ရေငုတ်ကျွမ်းကျင်သူ ဆလုံလူမျိုးများအား ရေအောက်သို့ငုပ်ခိုင်းပြီး ခွဲခြင်းဖြစ်ကြောင်း၊ ရေနက်ပိုင်းရှိ ရှားပါး ငါးမျိုးများအား ဖမ်းဆီးရန် ရည်ရွယ်သည့် အပြင် သန္တာကျောက်တန်းများများစွာ ပျက်စီးသဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက် နစ်နာရကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ မြန်မာပြည်မြောက်ဖျားမှ တောင်ဖျားတိုင်အောင် စီးပွားရေးအင်ပါယာ ချဲ့ထွင်လာကြသော နိုင်ငံခြားသားတရုတ် များကား မြန်မာနိုင်ငံတွင် မည်ကဲ့သို့ နေထိုင်ကြသနည်း။

“မှတ်ပုံတင်က နှစ်ခုရှိတယ်။ ဒါက ပြည်မကြီးထဲက မှတ်ပုံတင်။ ဒါက မြန်မာပြည်က မှတ်ပုံတင်” ဟု ရန်ကုန်မြို့ရှိ နာမည်ကျော် ဆံပင်ညှပ်ဆိုင်တစ်ခု၏ ဝန်ထမ်းဖြစ်သူ တရုတ်နိုင်ငံသား Xiao Yan က သူ့ထံမှ မှတ်ပုံတင်ကတ်များကို ပြရင်းဆိုလာသည်။

ပြည်မမှာ ဝင်ရောက်လာသော တရုတ်နိုင်ငံသားများ အနေနှင့် ဗီဇာသက်တမ်း ကျော်လွန်နေထိုင်မှု များအပြင် မှတ်ပုံတင် အတုများဖြင့် နေထိုင်မှုကား အများအပြားပင်။ သို့ပေသော်ငြား တရုတ်နိုင်ငံသား များအပေါ် ထိရောက်သော တရားစီရင်မှု အရေးယူမှုများ မပြုလုပ်နိုင်သဖြင့် မြန်မာနိုင်ငံတွင်း တရုတ်တို့ကား တံခါးမရှိ ဓါးမရှိ ဝင်ထွက်သွားလာဆဲပင်။

သာဓကနှစ်ခု ပြပါမည်။

ကချင်ပြည်နယ်တွင်း သစ်ခိုးခုတ်မှုနှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည့် တရုတ်နိုင်ငံသားများမှာ ရှစ်ရက်ခန့်အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သဖြင့် ပြည်သူများအကြား ဂယက်ရိုက်ခဲ့ရသည်။ 
တစ်နှစ်ကျော်ကြာ တရားစွဲဆို စစ်ဆေးခဲ့သည့် နာမည်ကျော် တော်ဝင်နှင်းဆီဆေးရုံ အမှုကိုလည်း မှားယွင်း တရားစွဲဆိုသည်ဟု ၂၀၁၆ ခုနှစ် ဇွန်လပထမပတ်တွင် ချမ်းအေးသာစံမြို့နယ် တရားရုံးက ဆုံးဖြတ်ခဲ့သဖြင့် ပြည်သူများ ‘ဟင်ခနဲ’ ဖြစ်ခဲ့ရသည်။

တရားမဝင် ဆေးကုသမှု ပြုနေကြသည့် တရုတ်နိုင်ငံသားများ၊ ဆေးရုံပိုင်ရှင် ဂရိတ်ဝေါလ်ဦးတင်မောင်နှင့် ဇနီးဖြစ်သူ ဒေါ်နန်းလှစိန်တို့ကို တရားစွဲဆိုခဲ့သော်လည်း တရုတ်နိုင်ငံသားများမှာ တရားမစွဲမီ ထွက်ပြေးသွားပြီး ဦးတင်မောင်မှာလည်း အမှုနှင့် မသက်ဆိုင်ဟုဆိုကာ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့သဖြင့် ယခုတရားစီရင်မှုသည် တရုတ် လက်အောက်သို့ ကျရောက်သွားသည်ဟု မန္တလေးမြို့ခံများက လူမှုကွန်ရက်စာမျက်နှာ များတွင် ဝေဖန်ရေးသားခဲ့ကြသည်။

မန္တလေးမြို့တွင် တရုတ်လူမျိုးအများစု ကြီးစိုးနေသည် ဆိုသည့်အပေါ် ရေရှည် ဆက်ဆံရေးဗျူဟာဖြင့် ဆက်ဆံရမည်ဖြစ်ပြီး ယင်းကဲ့သို့ ဆက်ဆံနိုင်ရန်အတွက် မိမိတို့အနေနှင့် ကိုယ့်တာကိုယ်လုံသည့် စနစ်မျိုးကို ပြုလုပ်ထားရမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုထားလေသည်။

“ပွင့်ပွင့်လင်းလင်း ပြောမယ်နော်၊ တရုတ်ပြည်၊ အိန္ဒိယပြည် မဆက်ဆံလို့ မရဘူး။ သည်နှစ်ခုကြားမှာ ကျွန်တော်တို့ ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့ဆိုရင်တစ်ခုပဲ ရှိတယ်။ ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံ ဖြစ်ရမယ်။ ပြည်သူ့အစိုးရ၊ သိက္ခာရှိတဲ့ အစိုးရဖြစ်ရမယ်။ အဲလိုဆိုလို့ရှိရင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ပြီး တရုတ်ကိုလည်း ရင်ဘောင်တန်းပြီး ဆက်ဆံလို့ရတယ်။ အိန္ဒိယကိုလည်း ဆက်ဆံလို့ ရတယ်” ဟု ဝန်ကြီးချုပ်အဖြစ် ကတိသစ္စာ မခံယူခင် The Voice နှင့် တွေ့ဆုံစဉ်က သူ့ခံယူချက်ကို ပြတ်သားစွာ ပြောထားသည်။

မည်သို့ပင်ဆိုစေ တရုတ်နဂါးတို့၏ စီးပွားရေး အင်ပါယာ၊ ယဉ်ကျေးမှု အင်ပါယာ၊ လူဦးရေအင်ပါယာ နယ်မြေချဲ့ထွင်မှု ဗိုင်းရပ်စ်ကား မြန်မာ့မြောက်ဖျားမှ တောင်ဖျားအထိ တဖြည်းဖြည်း ကူးစက်နှုန်း မြင့်မားလာချေပြီတည်း။

“ဒီမိုကရေစီ စစ်စစ်မှန်မှန် မဖြစ်သေးဘဲနဲ့ သည်နှစ်နိုင်ငံကြားမှာ ပြဿနာရှိတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ဆက်ပြောလေသည်။

ခက်ဇော်၊ မြတ်(ကလေး)