News

POST TYPE

ARTICLE

အမြန်ကယ်ထုတ်ရမည့် လူသားအရင်းအမြစ်
08-Jul-2017 tagged as နိုင်ငံရေး

လူသားသမိုင်း၏ ဖွံ့ဖြိုးမှုခရီးကို ဂရပ်မျဉ်းတစ်ခုအဖြစ် ဆွဲကြည့်လျှင် ၁၆ ရာစု နှောင်းပိုင်းနှင့် ၁၇ ရာစု ခေတ်ဦးလောက်အထိ အတက်အကျ သိပ်မရှိလှသည်ကို တွေ့ရပေလိမ့်မည်။ သည်နောက် ရေနွေးငွေ့ စွမ်းအင်ကို ရှာဖွေတွေ့ရှိပြီး စက်မှုတော်လှန်ရေးများ တစ်ဆင့်ပြီး တစ်ဆင့် ပေါ်ထွန်းလာခဲ့သည်။ ထိုသည်နှင့်အမျှ စက်မှုတော်လှန်ရေးနှင့် လိုက်လျောညီထွေ ရှိသည့် အပြောင်းအလဲများလည်း ဖြစ်ထွန်းလာခဲ့ သည်။၂၁ ရာစု အရောက်တွင်မူ အပြောင်းအလဲများ ရှေးယခင်ကာလများထက် ပို၍မြန်ဆန်လာသည်။

လူ့အဖွဲ့အစည်း၏ ထောင့်တိုင်းနယ်ပယ်တိုင်း နေရာတိုင်း၌ အပြောင်းအလဲများက ရှောင်လွှဲ၍ မရလောက်အောင်ထိ ပြင်းထန်လာခဲ့ရသည်။ အပြောင်းအလဲများမှာလည်း အတိတ်က သုံးနှုန်းရေးသားခဲ့သလို မျဉ်းတန်းပုံစံ မဟုတ်တော့ဘဲ ခုန်ပျံကျော်လွှားကာ တော်လှန်ရေးဆန်ဆန် ဖြစ်လာသည်။

အပြောင်းအလဲများက ပြေးပုန်း၍ မရလောက်အောင် လူ့အဖွဲ့အစည်း၏ ချောင်ကျိုချောင်ကြားထိအောင် ပြေးဝင်လာခဲ့သည်။

ယင်းပြင်းထန်လှသည့် ပြောင်းလဲရေး လှိုင်းလုံးကြီးကြောင့် ရှေးအဆက်ဆက် လက်ခံယုံကြည်ထားခဲ့သည့် သိမှတ်ခံယူ မှတ်သားတွေးခေါ်ထားမှုများလည်း ပြိုလဲသွားခဲ့ရသည်။

ဥပမာ-အစဉ်အလာအရ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံး တွန်းအားစုများမှာ နယ်မြေပိုင်နက်၊ ပထဝီ၊ လူဦးရေ၊ တွင်းထွက်သယံဇာတ၊ ငွေကြေးအရင်းနှင့် စစ်အင်အားတို့ အားကောင်းရေးသာ ဖြစ်သည်ဟု ယူဆထားခဲ့ကြသည်။ ယင်းတို့ ခိုင်မာသန်စွမ်းခြင်း မရှိလျှင် တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးရေး ဆိုသည်မှာ အိပ်မက်ပင်မက်၍ မရဟု နားလည်ထားကြသည်။

ဆိုခဲ့ပါ အယူအဆများမှာ ရုတ်ခြည်းဆိုသလို အားလုံး၏ မျက်စိရှေ့မှောက်မှာပင် နေညိုသွားခဲ့သည်။ ဖွံ့ဖြိုးရေးအတွက် ဖက်တာအသစ်က အစဉ်အလာတွန်းအားများ နေရာတွင် ဝင်ရာက်အစားထိုးလာခဲ့သည်။ ယင်းဖက်တာအသစ်မှာ ပညာဖြစ်သည်။

ပညာသည် ပါဝါဖြစ်လာသည်။ ပညာသည် ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် ရေခံမြေခံ ဖြစ်လာသည်။ ပညာရေးသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် အရေးကြီးသောရင်းမြစ် ဖြစ်လာသည်နှင့်အမျှ လူတစ်ယောက်ချင်းစီ၏ ဘဝအတွက်လည်း အာမခံချက် ဖြစ်လာသည်။

ပညာဟူသော စကားစုမှာ ပေါက်ကွဲသွားသလို ရေပန်းစားသွားခဲ့ပြီး နယ်ပယ်အသီးသီး၏ရှေ့တွင် မပါမဖြစ် ဦးစားပေးခြင်း ခံလာရသည်။

ပညာစီးပွားရေး၊ ပညာအလုပ်သမား၊ ပညာစီမံခန့်ခွဲမှု စသဖြင့် တွဲစပ်ခေါ်ဝေါ်လာခဲ့ကြသည်။ အပြောင်းအလဲများတွင် ပညာလူ့အဖွဲ့အစည်းက ထိပ်စီးမှ နေရာယူလာသည်နှင့် တစ်ပြိုင်နက် ဆက်သွယ်ရေး နယ်ပယ်တွင်လည်း ဖွံ့ဖြိုးလာမှုက အံ့မခန်း အနေအထားထိ ရောက်လာသည်။

မီးရထား၊ မော်တော်ကားနှင့် လေယာဉ်ပျံ စသည့် ယာဉ်များ ပေါများဈေးချိုလာသလို အဆင့်လည်း မြင့်လာသည်။ တစ်ဖက်တွင်လည်း တယ်လီဖုန်းမှသည် အင်တာနက်၊ ကွန်ပျူတာတို့ကလည်း မယုံနိုင်ဖွယ် တိုးတက်လာခဲ့သည်။

ထိုသတင်းနည်းပညာနှင့် ဆက်သွယ်ရေးတို့၏ အကျိုးကျေးဇူးကြောင့် တစ်ချိန်တစ်ခါက အလှမ်းဝေးလှသည့် နယ်ပယ်များ နီးကပ်လာသည်။ ပထဝီကြော၊ မြေကြော သိသိသာသာ ကျုံ့သွားသည်။ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံကြား ကူးလူးဆက်ဆံမှုများက ဘယ်ခေတ်ဘယ်ကာလနှင့်မျှ မတူအောင် တိုးတက်လာသည်။

ထိုသို့ ပညာလူ့အဖွဲ့အစည်းနှင့် ဂလိုဘယ်လိုက်ဇေးရှင်းတို့ ပေါင်းဆုံကြသောအခါ ကမ္ဘာကြီး၌ ရိုက်ချက်များစွာ ပေါ်လာသည်။

ထိုရိုက်ချက်များထဲတွင် ကမ္ဘာကြီး၌ ထူးချွန်ထက်မြက်သူများ ရှားပါးလွန်း၍ ယင်းတို့ ရရှိရေးအတွက် လုယက်ရှာဖွေသော ဖြစ်ရပ်ကြီးက အထင်ရှားဆုံး ဖြစ်သည်။ ထူးချွန်ထက်မြက်သူအတွက် စစ်ပွဲအထိဟူ၍ပါ ဝိဂြိုဟ်ပြုကြသည်။ 

မိမိအဖွဲ့အစည်း ရှင်သန်အောင်မြင်ရေး၊ တိုင်းပြည်တစ်ပြည် နိုင်ငံတကာ၌ ဝင့်ဝင့်ထည်ထည် ရပ်တည်ရန် ထူးချွန်ထက်မြက်သူများ ရှိဖို့လိုလာသည်။ ယင်းတို့ ရှာဖွေခြင်း၊ မွေးဖွားပေးနိုင်ခြင်း မရှိပါက အလိုလိုနေရင်း မိမိအဖွဲ့အစည်း၊ ကိုယ်စားပြုရာနိုင်ငံတို့မှာ မည်သူကမှ တိုက်ခိုက်ထိုးနှက်ခြင်း မရှိပါဘဲ အောက်ကျနောက်ကျဘဝသို့ ထိုးကျသွားနိုင်သည်။ ထို့ကြောင့် ကုမ္ပဏီတို့သည် လည်းကောင်း၊ နိုင်ငံတို့သည် လည်းကောင်း ထူးချွန်ထက်မြက်သူတို့ကို အပြိုင်အဆိုင် လုယက်ကြသည်။ ထူးချွန်ထက်မြက်သူသာ ဖြစ်ပါစေ၊ အခြားတစ်ပါးရပ်မှ ဖြစ်သော်လည်း မက်မက်စက်စက် ခေါ်ယူသည်။

ထိုသူတို့ကို အရောက်လာဖို့ ဆွဲဆောင်သည်။ မိမိတို့ကိုယ်တိုင်လည်း မွေးထုတ်ပေးနိုင်ဖို့ အပတ်တကုတ် ကြိုးပမ်းအားထုတ်သည်။

ထူးချွန်ထက်မြက်သူများအား ယေဘုယျအားဖြင့် အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်သည်။

ပထမအမျိုးအစားမှာ မွေးရာပါဗီဇအရ ထူးချွန်ခြင်းဖြစ်၍ နောက်တစ်မျိုးမှာ အထူးစပယ်ရှယ် သင်ကြားပေးခြင်းမှ ထူးချွန်လာခြင်းမျိုး ဖြစ်သည်။

အိုးဘိုအကျဉ်းထောင်နှင့် မရွှန်းလဲ့ဝေကျော်

ယင်းသို့ ကမ္ဘာကြီး၌ ရှားပါးလွန်းသည့် ထူးချွန်ထက်မြက်သူများ ရှာဖွေခြင်း စစ်ပွဲအသွင်ဆောင်နေစဉ် အိုးဘိုအကျဉ်းထောင်မှ ယခုနှစ် တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးသုံးဘာသာနှင့် ထူးချွန်စွာ အောင်မြင်သူ မရွှန်းလဲ့ဝေကျော် သတင်းက ပုံနှိပ်မီဒီယာများထက်တွင်မက လူမှုကွန်ရက် စာမျက်နှာများအထိပါ ပျံ့နှံ့လာသည်။ မြန်မာ့ပညာရေး အဆင့်နိမ့်သည်ဟု မည်မျှပင် ဝေဖန်နေကြပါစေ၊ ဒသမတန်းစာမေးပွဲမှာ ကျောင်းသူကျောင်းသားတို့ အနာဂတ်လမ်းအတွက် အဆုံးအဖြတ် နေရာမှာပင် ရှိနေဆဲဖြစ်ရာ ယင်းစာမေးပွဲ၌ အဆင့်မြင့်မြင့် အောင်မြင်ရန်အလို့ဌာ နိုင်ငံတစ်ဝန်းလုံး၏ ပညာရေးအကျိုးရှင် အသီးသီး အပြင်းအထန် အားစိုက်ကြရသည်။

မိဘအုပ်ထိန်းသူများမှာ မိမိတို့ရင်သွေး အနာဂတ်ခရီး၌ အလုပ်အကိုင် အဆင့်မီ ရရှိရေးအတွက် ကိုယ့်အထွာနှင့်ကိုယ် ရှိသမျှ ငွေကြေးပုံအော သုံးစွဲကြသည်။ ကောင်းပေ့တော်ပေ့ နာမည်ကျော်သည့် ဆရာများနှင့် ထိတွေ့သင်ကြားပေးကြသည်။

မူးယစ်ဆေးပြား ၁၅ ပြား တွေ့ရှိမှုဖြင့် ထောင်ဒဏ်ဆယ်နှစ် ကျခံခဲ့ရသည့် မရွှန်းလဲ့ဝေမှာ အထက်ပါ ပြုစုစောင့်ရှောက်မှုတို့ မကြုံခဲ့ရသည့်တိုင် အိုးဘိုအကျဉ်းထောင် တာဝန်ရှိသူများ၏ ပံ့ပိုးမှုများနှင့် တက္ကသိုလ်ဝင်တန်းကို ဂုဏ်ယူဖွယ်ရာ အောင်မြင်ခဲ့သည်။ ယင်းအောင်မြင်မှုကို အကဲဖြတ်ကြည့်ပါက မရွှန်းလဲ့ဝေကျော်မှာ ထူးချွန်ထက်မြက်သူ အမျိုးအစား နှစ်မျိုး၌ ပင်ကိုဗီဇအရ မွေးရာပါ ထူးချွန်သူဟု ကောက်ချက်ချနိုင်သည်။

လက်ရှိကာလ၌ မြန်မာလို ဖွံ့ဖြိုးဆဲနိုင်ငံများ မဆိုထားနှင့်၊ ကမ္ဘာ့ထိပ်တန်း နိုင်ငံများတွင်ပါ ထက်မြက်သူများ ရှားပါးနေသည်ဖြစ်ရာ ယင်းအခြေအနေမျိုးတွင် မရွှန်းလဲ့ဝေကျော်လို လူငယ်မျိုး ပေါ်ထွန်းလာခဲ့သည်မှာ နိုင်ငံအတွက် အကျိုးများလှသည်။ အခြားသော အကျိုးသက်ရောက်မှု အနေနှင့်လည်း သူမကို အားကျအတုယူလိုသူ လူငယ်လူရွယ်များ အများအပြား ပေါ်ထွက်လာနိုင်သည်။

ယင်းသို့သော အကျိုးကျေးဇူးကြီးမားခြင်းကြောင့် ရှားပါးထူးချွန်လှသည့် လူသားအရင်းအမြစ်ကို အကျဉ်းထောင်ထဲတွင် အချည်းနှီး မကုန်ဆုံးစေဘဲ ဝါသနာပါရာ ပညာရပ်ကို အတားအဆီးမဲ့ လေ့လာဆည်းပူးခွင့်ပေးဖို့ အရေးကြီးလှသည်။ မရွှန်းလဲ့ဝေကျော်၏ ရည်မှန်းချက်ပန်းတိုင်  ရောက်ရှိရေးအတွက် ယခုအခါ အများပြည်သူတို့က လွတ်ငြိမ်းချမ်းသာ ခွင့်ပေးဖို့နှင့် ဆိုင်းငံ့ပြစ်ဒဏ်သို့ ပြောင်းလဲပေးရေးအား တောင်းဆိုနေကြသည်ကို တွေ့လာရသည်။

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (က) နှင့် (ခ) တွင်လည်း လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပတ်သက်ပြီး ပြဋ္ဌာန်းပေးထားပါသည်။ ထို့ထက် လွန်ခဲ့သော ရက်အနည်းငယ်က သတင်းတစ်ပုဒ် ဖတ်ခဲ့ရသည်။

ယင်းသတင်း၌ အကျဉ်းသားများကို စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း ပညာများ သင်ပေးမည်ဟု ဆိုထားသည်။

သာမန်အကျဉ်းသားများ အတွက်ပင် ဤမျှ စဉ်းစားပေးထားမည်ဆိုလျှင် မရွှန်းလဲ့ဝေကျော်လို ထူးချွန်သူများအဖို့ ပို၍ စဉ်းစားပေးသင့်သည်။

နိဂုံး

ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း ‘တိုနီဘလဲ’ ၏ ပေါ်လစီမိန့်ခွန်း တစ်ခုတွင် ဤသို့ပြောခဲ့ဖူးပါသည်။ “ကျွန်တော်တို့မှာ ထိပ်တန်းဦးစားပေး လုပ်ငန်းသုံးခု ရှိပါတယ်။ ဒါတွေကတော့ ပထမ ပညာရေး၊ ဒုတိယ ပညာရေး၊ တတိယ ပညာရေးပါပဲ” ဟူ၍ ဖြစ်သည်။

ဗြိတိန်နိုင်ငံလို ဖွံ့ဖြိုးပြီး နိုင်ငံတစ်နိုင်ငံတွင်ပင် ပညာရေးကို ဤမျှ အလေးထားသည်ဆိုလျှင် မြန်မာလို နိုင်ငံမျိုးအတွက် ဆိုဖွယ်ရာ မရှိတော့ပေ။ ယနေ့အချိန်တွင် မြန်မာနိုင်ငံသည် ခေတ်မီနိုင်ငံတော် ထူထောင်နိုင်ရေးအတွက် လမ်းမှန်ပေါ်ရောက်စ ပြုနေပြီဟု ဆိုနိုင်သော်လည်း အရှိန်အဟုန်ပြင်းပြင်း ချီတက်ရေး၌ အဟန့်အတားများနှင့် ရင်ဆိုင်နေရသည်။

ယင်းအဟန့်အတားကို ကျော်လွှားနိုင်ရေးအတွက် အထူးတလည် လိုနေသည်မှာ အခြားအရာ မဟုတ်ပေ။ ပညာ (သို့မဟုတ်) လူသားအရင်းအမြစ်သာ ဖြစ်ပါသည်။

မရွှန်းလဲ့ဝေကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် (သို့မဟုတ်) ဆိုင်းငံ့ပြစ်ဒဏ်သို့ ပြောင်းလဲစေရေး တောင်းဆိုနေကြသည်မှာ မရွှန်းလဲ့ဝေကျော် တစ်ဦးတည်းအကျိုးအား ရည်ရွယ်သည် မဟုတ်ပါ။

ခေတ်မီနိုင်ငံ တည်ဆောက်ရေးအတွက် လူသားအရင်းအမြစ်ကို ပြုစုပျိုးထောင်ပေးခြင်းဟု အဓိပ္ပာယ် ကောက်ယူနိုင်ပါလိမ့်မည်။

နိုင်စိုး