News

POST TYPE

ARTICLE

ကုမ္ပဏီ ၉၀ ရာခိုင်နှုန်းမှာ ပြည်ပချေးငွေ ရယူရန် အဆင့်မမီဟု ဗဟိုဘဏ်ဆို
07-Jul-2017 tagged as စီးပွားရေး

ရန်ကုန်၊ ဇူလိုင် ၆

ပြည်တွင်းရှိ ကုမ္ပဏီ ၉၀ ရာခိုင်နှုန်းမှာ စံနှုန်းသတ်မှတ်ချက် မပြည့်စုံသည့်အတွက် ပြည်ပရှိ နိုင်ငံခြားဘဏ်များထံမှ ချေးငွေရယူနိုင်ရန် အဆင့်မမီသေးကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။

ကုမ္ပဏီအများစု ချေးငွေမရရှိနိုင်သည့် အကြောင်းရင်းမှာ ကုမ္ပဏီ တည်ထောင်သည့် မတည်ငွေကို အနည်းငယ်သာ တင်ထားခြင်းနှင့် စာရင်းစစ် အစီရင်ခံစာ၊ ငွေရေးကြေးရေး ထုတ်ပြန်ချက်များကို စနစ်တကျ ဆောင်ရွက်ထားခြင်း မရှိခြင်းတို့ကြောင့် နိုင်ငံခြားဘဏ်များ၏  စံနှုန်းကိုက်ညီခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

“ကုမ္ပဏီတွေက အခွန်လျှော့ဆောင်ချင်တော့ မတည်ငွေကို (ကျပ်) သိန်း ၁၀၀ နဲ့ အဖြစ်တင်ထားတယ်။ ပြီးတော့ နိုင်ငံခြားဘဏ်ကနေ ဒေါ်လာငါးသန်း ချေးချင်တော့ မရဘူး ဖြစ်ကြတယ်။ ဘဏ်ချေးငွေက မတည်ငွေရဲ့သုံးဆ သို့မဟုတ် လေးဆပဲ ချေးလို့ရတယ်။ ကုမ္ပဏီတစ်ခုဟာ ငွေရေးကြေးရေးရှင်းတမ်းကို ပြနိုင်ပြီး အခွန်ဆောင်ထားနိုင်မှ တစ်ဖက်က ငွေထုတ်ချေးမှာပါ” ဟု ၎င်းက ရှင်းပြပြောဆိုသည်။

နိုင်ငံခြားမှ ချေးငွေရယူရန် ဗဟိုဘဏ် သတ်မှတ်ချက်ကို မပြည့်မီခြင်း မဟုတ်ဘဲ ၎င်းတို့၏ ကုမ္ပဏီမှာ နိုင်ငံတကာစံနှုန်းများနှင့် မညီသည့်အတွက် ချေးငွေမရရှိခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းရှိ နိုင်ငံခြားဘဏ်များကို ငွေချေးခွင့် ပြုပါကလည်း ယင်းဘဏ်များက ကုမ္ပဏီ၏ ပုံရိပ်ကို အဓိကကြည့်မည် ဖြစ်သောကြောင့် ကုမ္ပဏီများ အနေနှင့် ပြင်ဆင်ထားသင့်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

လက်ရှိအချိန်အထိ ပြည်ပမှ ချေးငွေရယူထားသည့် ကုမ္ပဏီပေါင်း ၁၆၀ ကျော်ရှိပြီး အများစုမှာ နိုင်ငံခြားကုမ္ပဏီများ၊ ပြည်တွင်းပြည်ပ ဖက်စပ်ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများဖြစ်ကာ ပြည်တွင်းလုပ်ငန်းရှင်ပိုင် ကုမ္ပဏီများ၏ ချေးငွေရယူမှု အနည်းငယ်သာ ရှိကြောင်း၊ မြန်မာနိုင်ငံ၌ ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်များထံမှ ပြည်တွင်းကုမ္ပဏီများကို တိုက်ရိုက်ငွေချေးယူခွင့် မပြုထားသေးကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

ကုမ္ပဏီအများစုမှာ နိုင်ငံခြားဘဏ်များထံမှ အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေရမည်ဟု ယူဆသော်လည်း ကုမ္ပဏီ၏ အဆင့်သတ်မှတ်ချက်နှင့် ငွေစာရင်းရှင်းတမ်းများ မပြနိုင်ပါက အတိုးကို မြှင့်ယူမည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ ဦးသန်းလွင်က ပြောကြားသည်။

“နိုင်ငံတကာမှာက နိုင်ငံအဆင့် သတ်မှတ်ချက်တို့၊ ကုမ္ပဏီအဆင့် သတ်မှတ်ချက်တို့ ရှိတယ်။ ဒီမှာက ကုမ္ပဏီ ဥပဒေတောင် မပြီးသေးတော့ အဆင့်သတ်မှတ်ချက်လည်း မရသေးဘူး။ ဒါကြောင့် ချေးငွေလိုချင်ရင် ကိုယ့်ဘက်က ခိုင်မာကြောင်းပြဖို့ လိုတယ်” ဟု ၎င်းက ဆိုသည်။                    

J-13