News

POST TYPE

ARTICLE

အခြေခံဥပဒေ ဖျက်သိမ်းပေးရေးအတွက် အစိုးရကို တရားစွဲဆိုမှု ဖြစ်နိုင်ခြေ နည်းပါး
06-Jul-2017 tagged as နိုင်ငံရေး

နေပြည်တော်၊ ဇူလိုင် ၅

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းပေးရေးအတွက် အစိုးရ ယန္တရားကို စီမံခန့်ခွဲနေသည့် (NLD) အစိုးရအပေါ် တရားစွဲဆိုရန် စီစဉ်နေမှုမှာ  ဖြစ်နိုင်ခြေ အလွန်နည်းပါးကြောင်း ဥပဒေပညာရှင်အချို့နှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့က ဝေဖန်လိုက်သည်။

စာချုပ်စာတမ်းနှင့် ပဋိညာဉ် အက်ဥပဒေအရ ဖွဲ့စည်းပုံ ဖျက်သိမ်းနိုင်ရေးအတွက် တရားစွဲရန် ပြင်ဆင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယခုအချိန်တွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို  သွားနေသည့်အချိန် ဖြစ်သဖြင့် တရားစွဲခြင်းသည် ဖြစ်နိုင်ခြေနည်းနိုင်ပြီ မမျှော်မှန်းနိုင်သော အန္တရာယ်ကို လက်ယပ်ခေါ်သကဲ့သို့ ဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

လက်ရှိတရားစီရင်ရေးစနစ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် တရားစီရင်ရေးစနစ် ဖြစ်သည့်အပြင် တရားရုံးချုပ် တရားသူကြီး အများစုမှာ ယခင်အစိုးရက ခန့်ထားသော  တရားသူကြီးများ ဖြစ်နေခြင်းကြောင့် ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးအတွက် NLD အစိုးရကို တရားစွဲမှုအပေါ် လုံးဝလက်ခံလိမ့်မည်ဟု မထင် မန္တလေးမြိုခံ တရားလွှတ်တော် ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောကြားသည်။

အခြေခံဥပဒေ ဖျက်သိမ်းရေးအတွက် NLD အစိုးရကို တရားစွဲမည့် အဖွဲ့ငါးဖွဲ့မှာ ၁၉၉၀ ပြည့်နှစ် အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့၊ ညီညွှတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့၊ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော်မတီနှင့် ကရင်အမျိုးသမီး အစည်းအရုံးတို့မှ တာဝန်ရှိသူ ၁၅ ဦးသည် နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် တရားစွဲမည် ဖြစ်ကြောင်း ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

ယခင်တပ်မတော်အစိုးရ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုရာတွင် မြန်မာနိုင်ငံ လူဦးရေမှာ ၅၇ သန်း ၅ သိန်းကျော်ဟု ဖော်ပြခဲ့သော်လည်း ၂၀၁၄ ခု သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းကျော်သာ ရှိပြီး ခြောက်သန်းကျော် ကွာခြားခဲ့ရာ ကြီးမားစွာ လွဲမှားခဲ့သဖြင့် စာချုပ်စာတမ်းများ ပဋိညာဉ် ဥပဒေအရ ပျက်ပြယ်သည်ဟု ယူဆသည့်အတွက် ဖျက်သိမ်းပေးရန် တာဝန်ရှိသော လက်ရှိအစိုးရကို တရားစွဲရခြင်း ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

“အခုက တရားစွဲဖို့ လာတာပါ။ စာချုပ်စာတမ်းကလည်း မပြည့်စုံ၊ ရှေ့နေက ရုတ်တရက် နေမကောင်းတဲ့အတွက် မစွဲဖြစ်သေးဘူး၊ ကာလသတ် စည်းကမ်းဥပဒေ သက်တမ်းမကုန်ခင် ထပ်စွဲမှာပါ” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရှိ ခေတ်အဆက်ဆက် စာရင်းဇယားများသည် မှန်ကန်မှု မရှိကြောင်း၊  ယခုထွက်ပေါ်နေသည့် ၂၀၁၄ သန်းခေါင်စာရင်းတွင် စာရင်းမကောက်နိုင်သည့် နေရာအများအပြား ရှိခဲ့သည့်အပြင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက်သာ  လုပ်ထုံးလုပ်နည်းများရှိပြီး ဖျက်သိမ်းရေးအတွက် မရှိကြောင်း ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်နန်းဝါနုက ဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တည်ဆဲအစိုးရက တရားစွဲဆိုခွင့်နှင့်  အစိုးရ တရားစွဲခံရခွင့်နှင့် ပတ်သက်ပြီး ၄၅၇ (က) နှင့် (ခ) တို့တွင် အတိအလင်း ပြဋ္ဌာန်းထားသည်။
 
T.L