News

POST TYPE

ARTICLE

ကသည်းသူပုန်ကိစ္စ ဗိုလ်ချုပ်မြင့်နွယ်၏ ဖြေကြားချက် မပြည့်စုံဟု လွှတ်တော်အမတ် ဝေဖန်
နေပြည်တော်၊ ဇူလိုင် ၃

တမူးမြို့နယ်အတွင်း ခိုလှုံလှုပ်ရှားနေသည့် ကသည်းသူပုန်များ ရှင်းလင်းဖယ်ရှားပေးရန် ကိစ္စကို ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၏ ဖြေကြားချက်သည် ပြည့်စုံမ မရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉) မှ ဦးမောင်မောင်လတ်က ဝေဖန်လိုက်သည်။

ဇူလိုင်လ ၃ ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဦးမောင်မောင်လတ်က တမူးမြို့နယ်အတွင်း ခိုလှုံလှုပ်ရှားနေသော ကသည်းသူပုန်များကို ရှင်းလင်းပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ပြီး ဒုတိယဝန်ကြီး ပြန်လည်ဖြေရှင်းမှု အပြီးတွင် အထက်ပါအတိုင်း ဝေဖန်လိုက်ခြင်း ဖြစ်သည်။ 
“ဒု-ဝန်ကြီးဖြေသွားတာက ဒါဟာ ပြည်ထဲရေးနဲ့ ဆိုင်တဲ့ပုံစံ ဖြေသွားတယ်။ တကယ်တော့ တပ်မတော်မှာလည်းပဲ တာဝန်ရှိတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

 မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်နိမိတ် ခွဲခြားထားသော်လည်း နယ်စပ်နေပြည်သူများ အနေနှင့် အပြန်အလှန် သွားလာသော စီးပွားရေးဆက်နွှယ်မှု၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှု တူညီမှု အပါအဝင် လူမျိုးဆက်နွှယ်မှုများ ရှိသောကြောင့် ပြည်သူနှင့် သောင်းကျန်းသူကို ခွဲခြားရန် ခက်ခဲကြောင်း၊ တစ်ဖက်နိုင်ငံ အခြေပြု ယင်းသောင်းကျန်းသူများ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု မရှိစေရေးအတွက် နယ်စပ်မြို့များတွင် တပ်မတော်အနေနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဆိုသည်။

ဦးမောင်မောင်လတ်၏ မေးမြန်းတင်ပြချက်တွင် နေအိမ် ၁၂ လုံးကိုပင် တိတိကျကျ တွေ့ရှိထားကြောင်း ပြောကြားခဲ့သော်လည်း ဒုတိယဝန်ကြီးက မည်သို့ ဆောင်ရွက်ပေးမည်ကို တုံ့ပြန်ဖြေကြားမှု မရှိခဲ့ပေ။ 

“ကျွန်တော့်ရဲ့မေးခွန်းကို တိုက်ရိုက်ဖြေမသွားဘူး။ အားမရဘူး။ ကသည်းသူပုန်တွေ ရှိနေတယ်ဆိုက တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့တွေ သိထားတယ်။ အဲဒီတော့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဆိုတာ တပ်မတော်ကို တိုက်ရိုက်အစီရင်ခံရမယ်ဆိုတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ တပ်မတော်ကလည်း သိနေရဲ့သားနဲ့ ပြည်သူတွေ သတင်းပေးမှ လုပ်မယ်ဆိုတာဟာ ကျွန်တော်တို့ရဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တပ်မတော်က၊ ပြည်သူ့ရဲတပ်ဖွဲ့က၊ အုပ်ချုပ်ရေးအဖွဲ့က အကာအကွယ်ပေးဖို့ ပျက်ကွက်နေတယ်လို့ ယူဆပါတယ်” ဟု ဦးမောင်မောင်လတ်က မီဒီယာများကို ရှင်းပြသည်။

ကသည်းသူပုန်များ နေထိုင်ရာ အိမ်များကို အတိအကျ သိရှိထားသောကြောင့် ဒေသခံပြည်သူများ၏ ထောက်ခံချက်လက်မှတ်ကိုယူ၍ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနှင့် ဆက်စပ်သော ဌာနများထံ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ယင်းဒေသတွင် ၂၀၀၈ ခုနှစ်မှ ယနေ့အချိန်အထိ တစ်ဖက်နိုင်ငံမှ လက်နက်ကိုင် ဝင်ရောက်လာမှု ၂၉ ကြိမ် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ကာကွယ်ရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၏ ပြောကြားချက်အရ သိရသည်။              

S-01