News

POST TYPE

ARTICLE

သီပေါရဲစခန်းနှင့် ကျောက်မဲ ရထားလမ်း မိုင်းခွဲဖျက်ဆီးခံရ
02-Jul-2017 tagged as မီးရထား

လားရှိုး၊ ဇူလိုင် ၂ 

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းရှိ သီပေါမြို့မရဲစခန်းကို ဇူလိုင်လ ၂ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က ဒေသန္တရလုပ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီးနောက် နာရီပိုင်း အကြာတွင် ကျောက်မဲမြို့နယ်အတွင်းရှိ ရထားလမ်း မိုင်းထောင် ဖျက်ဆီးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းသို့ ရဲစခန်းကို ဒေသန္တရလုပ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခတ်ခံရမှုကြောင့် သက်သေခံအဖြစ် သိမ်းဆည်းထားသည့် မော်တော်ယာဉ်အချို့ ပျက်စီးခဲ့ပြီး ရဲတပ်သားတစ်ဦး ဒဏ်ရာ ရှိခဲ့ကြောင်း သီပေါမြို့ ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ စခန်းဘေးဘက်ခြမ်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် စီးနင်းလာသူတစ်ဦးက ဒေသန္တရလုပ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရကြောင်း၊ ယင်းဗုံးသည် ရဲစခန်းနှင့် အုတ်တံတိုင်းအကြား ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် သက်သေခံ ယာဉ်နှစ်စီး အနည်းငယ် ပျက်စီးခဲ့ကာ ပေါက်ကွဲမှုကြောင့် လွင့်စဉ်လာသည့် ကျောက်စရစ်စများ ထိမှန်ခဲ့သဖြင့် ရဲတပ်သားတစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ရာ ဒဏ်ရာမှာ စိုးရိမ်စရာမရှိဘဲ ဆေးကုသမှု ခံယူနေကြောင်း သီပေါမြို့မရဲစခန်းထံမှ သိရသည်။

ဒေသန္တရလုပ် လက်ပစ်ဗုံးကြောင့် ပျက်စီးခဲ့ရသည့် မော်တော်ယာဉ်များသည် အမှုနှင့်သက်ဆိုင်သော ပစ္စည်းများဖြစ်ပြီး ဒေသန္တရလုပ် လက်ပစ်ဗုံး ထိမှန်ခဲ့သော မော်တော်ယာဉ် တစ်စီးသည် နမ့်ဆန်မြို့မှ သီပေါမြို့သို့ အလာဖမ်းဆီးခံရသည့် DVB နှင့် ဧရာဝတီ သတင်းဌာနမှ သတင်းထောက်များ လိုက်ပါလာသည့် ယာဉ်ဖြစ်ကြောင်း အဆိုပါစခန်း တာဝန်ရှိသူများနှင့် နီးစပ်သူများထံမှ သိရသည်။

ယင်းသို့ သီပေါရဲစခန်း ဒေသန္တရလုပ် လက်ပစ်ဗုံးနှင့် ပစ်ခတ်ခံရပြီးနောက် နာရီပိုင်းအကြာ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ မန္တလေး-လားရှိုး၊ မီးရထားလမ်း နောင်ပိန်ဘူတာနှင့် စခန်းသာ ဘူတာအကြား မီးရထားလမ်း မိုင်းထောင် ဖျက်ဆီးခံရကြောင်း ဒေသခံများနှင့် မြန်မာ့မီးရထားထံမှ သိရသည်။

“နောင်ပိန်ဘူတာနဲ့ စခန်းသာ ဘူတာအကြား ရင်ကွဲတောင်အနီး မိုင်တိုင် အမှတ် ၄၇၆/၃ မှာ ပေါက်ကွဲတာပါ။ ရထားသံလမ်း ခြောက်လက်မလောက် ကြွတက်ပြီး သံလမ်းအောက်က ကွန်ကရစ်ဇလီဖားတုံးတစ်ခု ပျက်စီးခဲ့ပါတယ်။ ရထား အသွားအလာ မပျက်ပါဘူး”ဟု နောင်ပိန် ဘူတာရုံပိုင်ကြီး ဦးသန်းထိုက်လေးက ဆိုသည်။

ယင်းနေ့နံနက်က ရထားလမ်းဘက်အခြမ်းတွင် ပေါက်ကွဲသံကြားသည်ဟု သတင်းအရ မီးရထားလမ်းပိုင်းကို လိုက်လံစစ်ဆေးရာမှ သိရှိရသဖြင့် ချက်ချင်း အချိန်မီ ပြင်ဆင်နိုင်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။

ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်အကြားရှိ ဂုတ်တွင်းကားလမ်းပိုင်း မန်တန်ကျေးရွာ ရင်ကွဲတောင်သည် ယခင်က သွားလာနေသော မော်တော်ယာဉ်များနှင့် ခရီးသွားများကို ဓားပြတိုက်လေ့ရှိသည့်နေရာဖြစ်ပြီး အမည်ဆိုးဖြင့် ကျော်ကြားသော နေရာဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

“မန်တန်ရွာ ရင်ကွဲတောင်မှာ ဓားပြတိုက်တာ လုယက်တာမျိုး ဟိုးအရင်နှစ်တွေက မကြာမကြာ ဖြစ်တယ်။ သုံးနှစ်လောက်ကြာပြီ ဓားပြတိုက်တာ မရှိခဲ့ဘူး။ မန္တလေး-လားရှိုး ရထားလမ်းကို မိုင်းထောင် ဖောက်ခွဲတာမျိုး မရှိတာ ၁၀ နှစ်လောက် ရှိပါပြီ။ အေးချမ်းနေခဲ့တာ။ အခုပြန်လုပ် ကြပြန်ပြီ။ ဇွန်လ ၁၆ ရက်နေ့က ကားလမ်းမှာ ဓားပြတိုက်တာ ပြန်ဖြစ်တယ်”ဟု နောင်ပိန်ရွာဒေသခံ ဦးလှိုင်မြင့်က ပြောဆိုသည်။

R-07