News

POST TYPE

ARTICLE

ဖမ်းဆီးခံ သတင်းထောက် သုံးဦးကို မတရားအသင်း ဆက်သွယ်မှုဖြင့် အမှုဖွင့်၊ သီပေါ အကျဉ်းထောင်ပို့
ရန်ကုန်၊ ဇွန် ၂၈

တအာင်း/ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ဆက်သွယ်သည်ဆိုကာ တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသည့် သတင်းထောက်သုံးဦးကို ဇွန်လ ၂၈ ရက်က သီပေါ ရဲစခန်းတွင် မတရားအသင်း ဆက်သွယ်မှု ဥပဒေ ၁၇ (၁) ဖြင့် အမှုဖွင့်ခဲ့ကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

ဇွန်လ ၂၆ ရက် မွန်းလွဲပိုင်းက နမ့်ဆန် - သီပေါ ကားလမ်းတွင် ဖမ်းဆီးခံခဲ့ရသော DVB အကြီးတန်း သတင်းထောက် ဦးအေးနိုင်နှင့် သတင်းထောက် ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီ သတင်းထောက် ဦးသိန်းဇော်တို့ကို တပ်မတော်က ဇွန်လ ၂၈ ရက် မွန်းလွဲပိုင်းတွင် သီပေါရဲစခန်းကို လွှဲပြောင်းပေး၍ အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သီပေါမြို့နယ် အကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း သီပေါမြို့နယ် ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

တပ်မတော်က ဖမ်းဆီး စစ်ဆေးလျက် ရှိသည့် သတင်းထောက်သုံးဦး အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးအတွက် ကူညီ ဆောင်ရွက်ပေးပါရန် မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဇွန်လ ၂၇ ရက်တွင် မေတ္တာရပ်ခံစာ ပေးပို့ပြီး တစ်ရက်အကြာတွင် မတရားအသင်း ဥပဒေဖြင့် အမှုဖွင့်ခံရပြီး အကျဉ်းထောင်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါ သတင်းထောက်များ၏ မိသားစုများ လိုက်သွား၍ တွေ့ခွင့်ရရန် ပြင်ဆင်နေပြီး အမှုကို ရင်ဆိုင်ရန်လည်း ရှေ့နေနှင့် တိုင်ပင်လျက်ရှိကြောင်း DVB မှ Planning Editor ကိုသန်းဝင်းထွဋ်က ပြောကြားသည်။

“သူတို့ မိသားစုတွေကတော့ မနက်ဖြန် လိုက်ဖို့ တိုင်ပင်နေတယ်။ သူတို့ရဲ့ ကျန်းမာရေး အခြေအနေတွေကိုလည်း စိုးရိမ်နေကြတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ သတင်းထောက်များ အမှုဖွင့်ခံရမှုနှင့် ပတ်သတ်၍ အပြုသဘောဆောင်၍ အကျိုးရှိမည့် နည်းလမ်းကို ရှာဖွေကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်လှထွန်းက ပြောကြားသည်။

“ကျွန်တော်တို့ လုပ်နိုင်သမျှကို ဘောင်အတွင်းကပဲ လုပ်သွားမယ်။ အပြုသဘော အကျိုးရှိတဲ့ နည်းလမ်းကနေ လုပ်သွားမယ်။ တကယ်လုပ်လို့ရမယ့် နည်းလမ်းကပဲ ရှာသွားမယ်။ ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ဖို့တော့ မရှိသေးဘူး။ လောလောဆယ်ကတော့ ဘာမှ မသိသေးဘူး။ နည်းလမ်း ရှာသွားမှာပါ”ဟု ၎င်းက ပြောကြားသည်။