News

POST TYPE

ARTICLE

နောက်ထပ် အာဇာနည်နေ့တစ်နေ့ မလိုတော့ပါ
10-Jul-2016
နောက်ထပ် အာဇာနည်နေ့တစ်နေ့ မလိုတော့ပါ၊ ဇူလိုင် ၁၉ ဖြင့် တော်လောက်ပါပြီ။

လာမည့် ရက်အနည်းအငယ်တွင် အာဇာနည်နေ့သို့ ရောက်ရှိလာတော့မည်။ ယင်းနေ့အတွက် အစိုးရ အပါအဝင် လူမှုအဖွဲ့အစည်းများ၊ ပြည်သူများကလည်း ခမ်းနားစွာ ကျင်းပရန် စီစဉ်လျက်ရှိသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ကျဆုံးခဲ့သည့် မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းအပါ ခေါင်းဆောင်များအတွက် ရည်စူးဂါရဝါပြုသည့် အနေနှင့် ယင်းနေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်အခမ်းအနားများ ကျင်းပခဲ့သည်။ ယခုနှစ်ဆိုလျှင် (၆၉) ကြိမ် တိုင်ခဲ့ပြီ ဖြစ်သည်။

အာဇာနည်နေ့သည် မြန်မာတို့အတွက် ကြေကွဲခြင်းသရုပ်ကို ဆောင်သော်လည်း ယင်းနေ့အတွက် အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းကိုသာ လူအများက လိုလားခဲ့သည်။ ပြီးခဲ့သည့် အစိုးရများ လက်ထက်တွင် အာဇာနည်နေ့ အခမ်းအနားကို သိမ်နုပ်စွာ ပြုလုပ်ပေးခဲ့မှုအပေါ် ပြည်သူများက အားရကျေနပ်ခြင်း မရှိခဲ့ပေ။

သို့သော်။

တစ်ဖက်တွင် အာဇာနည်နေ့ကို ခမ်းနားစေလိုသော်လည်း တစ်ဖက်တွင် ယင်းအာဇာနည်နေ့မျိုး နောက်ထပ်ကြုံတွေ့လာမည်ကို စိုးရွံ့စွာ နေရသူများလည်း ရှိသည်။

နိုင်ငံ၏ ထူးမြတ်သည့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရခြင်းကြောင့် အာဇာနည်နေ့ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနည်းတူ မျက်မှောက်ခေတ်တွင် နိုင်ငံသူ နိုင်ငံသားတို့ အားကိုးယုံကြည်ခြင်းကို ခံယူထားသည့် ပုဂ္ဂိုလ်တစ်ဦး ရှိနေသည်။ ယင်းကား နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်လည်းဖြစ်၊ လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်။ ယင်းအပြင် သူသည် အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးရင်းလည်း ဖြစ်နေသေးသည်။

နောက်ထပ် အာဇာနည်နေ့ကို မလိုချင်သည့် သန်းပေါင်းများစွာသော ပြည်သူများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများနှင့် ၎င်း၏ လုံခြုံရေး တာဝန်ယူထားသူများက ရှေ့ဆုံးက ဖြစ်သည်။

“ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်။ လူထုထောက်ခံမှု အပြည့်အဝရှိတယ်” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဦးဂျင်မီက ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွန်းပြောဆိုသည်။

သူ့အနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို စိတ်ဝင်စားသလို စိုးရိမ်ကြောင့်ကြမှုလည်း ရှိသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့မှုနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အစိုးရ ဖြစ်လာပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း အစိုးရအဖွဲ့တွင် ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။ သမ္မတရုံး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီး ရာထူးနေရာ နှစ်ခုအပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ်လည်း တာဝန်ယူခဲ့သည်။

ယင်းမတိုင်မီက အစိုးရ အတိုက်အခံ အဖြစ်နှင့်သာ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ရပြီး တပ်မတော်အစိုးရ၏ ဖိနှိပ်ကန့်သတ်မှုများကို ဆိုးရွားစွာ ရင်ဆိုင်ခဲ့ရသည်။

၁၉၈၈ ခုနှစ် လူထုအရေးအခင်းမှ စတင်ကာ အစိုးရ အတိုက်အခံခေါင်းဆောင် အဖြစ် ရပ်တည်ခဲ့ပြီး ဒီမိုကရေစီအရေး အတွက် ဆောင်ရွက်ခဲ့ရာမှ သူ၏ လုံခြုံရေး ကဏ္ဍသည်လည်း ပြည်သူများအတွက် ထည့်သွင်းစဉ်းစားစရာ ဖြစ်လာခဲ့သည်။

သူ့ကို ယုံကြည်ကာ တန်ဖိုးထားသည့် လူငယ်သုံးလေးဆယ်က အချင်းချင်း စုစည်းကာ လုံခြုံရေးကို တာဝန်ယူခဲ့ကြသည်။ အဖွဲ့ကို သုံးရောင်ခြယ် လူငယ်အဖွဲ့ဟု အမည်ပေးခဲ့ကြသည်။ လုံခြုံရေးအဖွဲ့ ဆိုသော်လည်း လုံခြုံရေးဆိုင်ရာ သင်တန်းများ၊ ကိုယ်ခံပညာ၊ တိုက်ခိုက်ရေး ပညာများကို စနစ်တကျ သင်ယူထားသူများ မဟုတ်။ ယင်းအပြင် လုံခြုံရေးဆိုင်ရာ မည်သည့်လက်နက်ကိုမျှ ကိုင်ဆောင်ရခြင်းလည်း မရှိပေ။

အဆိုပါ သုံးရောင်ခြယ် လူငယ်အဖွဲ့ စတင်ချိန်မှ နှစ်ပေါင်းများစွာအထိ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတွင် ပါဝင်ခဲ့သည့် ဦးကျော်ဆန်းက ယခုလို ပြောဆိုသည်။
“လုံခြုံရေးယူတယ် ဆိုတာက ခန္ဓာကိုယ်နဲ့ အကာကွယ်ပေးတဲ့ သဘောပဲ ရှိတယ်” ဟု ဆိုသည်။ “အကုန်လုံးက စိတ်ဓာတ်နဲ့ သွားနေကြတာ”

ဒေါ်အောင်ဆန်းစုကြည် အနေနှင့် တပ်မတော်အစိုးရ လက်ထက်အတွင်း အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုများ ကြုံခဲ့ရသလို ကိုယ်ထိလက်ရောက် ရန်ပြုတိုက်ခိုက်ခြင်းလည်း မကြာခဏ ခံခဲ့ရသည်။

အထင်ရှားဆုံးမှာ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ဖြစ်သည်။ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် စည်းရုံးရေးခ ရီးစဉ်အတွင်း ဒီပဲယင်းမြို့နယ်၊ ကျည်ရွာအရောက်တွင် ထောင်နှင့်ချီသည့် လူအုပ်စုကြီးက ညအမှောင်တွင် စောင့်ကြိုနေကာ ယာဉ်တန်းကို ပိတ်ဆို့ပြီး အကြမ်းဖက် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

ယာဉ်မောင်းသူ၏ ကျွမ်းကျင်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အသက်သည် တိုင်းပြည်၏အသက် ဖြစ်သဖြင့် ဂရုတစိုက်ရှိရန် ဖခင်အပါအဝင် လူကြီးသူမများ၏ မှာကြားမှုကြောင့် လူအုပ်များ၊ မော်တော်ယာဉ်များ ဝိုင်းဝန်းပိတ်ဆို့ထားသည့်ကြားမှ အရဲစွန့်ကာ မောင်းထွက်ခဲ့ရကြောင်း ယာဉ်မောင်းဖြစ်သူ ဦးကျော်စိုးလင်းက ပြန်လည်ပြောပြသည်။

ထိုစဉ်က ၎င်းမှာ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားတစ်ဦး အဖြစ်သာ ရှိသေးသည်။ ယခုအခါတွင် ဦးကျော်စိုးလင်းသည် မန္တလေးတိုင်း ပြည်ကြီးတံခွန် မြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်နေခဲ့ပြီ။ 
“ကျည်ရွာကို ရောက်တဲ့အခါကျတော့ ကားကို ဘုန်းကြီးနှစ်ပါးက လာတားတယ်ပေါ့၊ ကျွန်တော်က မရပ်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ညကို အရောက်မခံချင်တဲ့ သဘော။ အဲဒီတုန်းက မှောင်ရီဖြိုးဖျ ရောက်လာတဲ့ အချိန်ပေါ့”

သို့သော် ဒေါ်အောင်ဆန်းစုကြည်က ရပ်တန့်ခိုင်းသဖြင့် ကားကို ရပ်ပေးခဲ့ချိန်တွင် လူအုပ်စုကြီးက စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးကျော်စိုးလင်းက ဆိုသည်။

အဆိုပါ အနေအထားတွင် သူရဦးတင်ဦး အပါအဝင် အခြားသူများက ယာဉ်ကို မောင်းထွက်သွားရန် တိုက်တွန်းခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ယင်းနေရာမှ ထွက်ခွာရန် အချက်မပြ။

“အန်တီကို ကြည့်လိုက်တဲ့အခါမှာ အန်တီက ဆုံးဖြတ်ရ ခက်နေတဲ့ အနေအထားမျိုးပေါ့” ဟု ၎င်းက ဆိုသည်။ 
“အန်တီက မောင်းလို့ပြောရင်လည်း သူ့မှာက နောက်က အရိုက်ခံနေရသူတွေကို ထားပြီး ပြေးတဲ့အနေအထားမျိုး ဖြစ်နေတယ်ပေါ့၊ မမောင်းနဲ့လို့ ပြောရင်လည်း အကုန်လုံးက သေကုန်တော့မှာ”

သို့သော် မနေသာတော့သည့်အဆုံး ဦးကျော်စိုးလင်းက ယာဉ်ကို အတင်းမောင်းထွက်ခဲ့သည်ဟု ဆိုသည်။ သို့မဟုတ်လျှင် အဆိုပါ မေလ ၃၀ ရက်နေ့သည် သမိုင်းဝင် အာဇာနည်နေ့တစ်နေ့ ဖြစ်ကောင်း ဖြစ်သွားခဲ့နိုင်သည်။

အဆိုပါ အရေးအခင်းမှ လွတ်မြောက်လာသူများ၏ နောက်ပိုင်းတွင် ပြန်လည်ပြောဆိုကြသည်မှာ နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်မှန်းသိလျက်နှင့် အတင်းဝင် ရိုက်ခဲ့ကြသည်ဟု ဆိုသည်။

ထို့မတိုင်မီကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုများ ရှိခဲ့သေးသည်။

“၁၉၉၆ မှာ ကမ္ဘာအေး ဘုရားလမ်းပေါ်မှာ အစ်ကိုတို့ ကားတန်းကို အကြီးအကျယ် အရိုက်ခံရဖူးတယ်” ဟု ဦးကျော်ဆန်းက အတိတ်ကို ပြန်ပြောင်းသတိရလိုက်သည်။

ထိုစဉ်က စနေနှင့် တနင်္ဂနွေနေ့တိုင်းတွင် ပါတီခေါင်းဆောင်များဖြစ်သည့် ဦးတင်ဦး၊ ဦးကြည်မောင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ဒေါ်အောင်ဆန်းစုကြည်နေ အိမ်ရှေ့တွင် နိုင်ငံရေးတရားများ ဟောကြားလေ့ရှိသည်။ တစ်ရက်တွင်မူ နေအိမ်ခြံဝင်းရှေ့ကို အစိုးရက ပိတ်ပင်ခဲ့ရာ ပြည်သူများက နေအိမ်ရှေ့သို့ လာရောက်နိုင်ခြင်း မရှိခြင်းကြောင့် ပြည်သူများ ရှိရာသို့ သွားရောက်တွေ့ဆုံစဉ် ရာနှင့်ချီသည့် အရပ်ဝတ် လူအုပ်စုကြီးက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် သူရဦးတင်ဦး၏ မော်တော်ယာဉ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယာဉ် မှန်များလည်း ပျက်စီးခဲ့သည်။

ယင်းနေရာမှအလွန် နေအိမ်သို့ အပြန်လမ်းတွင် ယာဉ်တန်းကို ခဲဖြင့် ပစ်ပေါက်ခြင်းများ ထပ်မံဖြစ်ပွားခဲ့ပြီး ဦးတင်ဦးနှင့် ဦးကြည်မောင်တို့ကို လူတစ်ဦးက ဓားဖြင့် အနီးကပ် ဝင်ထိုးခဲ့သေးသည်။ သို့သော် ကံသီသဖြင့် ထိခိုက်ဒဏ်ရာ မရခဲ့။

ဒေါ်အောင်ဆန်းစုကြည် အနေနှင့် သူ၏ လုံခြုံရေးအဖွဲ့များကို အထူးသတိပေးချက် တစ်ခုကိုလည်း လိုက်နာရန် ညွှန်ကြားထားသေးသည်။ ယင်း

“ကားတန်းကို ဝိုင်းရိုက်တော့ အစ်ကိုတို့က ဘာလုပ်နိုင်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို အစ်ကိုတို့ ခန္ဓာကိုယ်တွေနဲ့ အုပ်ပေးထားတဲ့ဟာပဲ လုပ်နိုင်တယ်” ဟု ဦးကျော်ဆန်းက ဆိုသည်။

ယင်းဖြစ်ရပ် မတိုင်မီက စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့နယ်၊ လယ်ပြင်ကျေးရွာ မူလတန်းကျောင်းတွင် ပြည်ထောင်စုကြံ့ခိုင် ဖွံ့ဖြိုးရေးအသင်းက အခမ်းအနားတစ်ခု ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ အသင်းအတွင်းရေးမှူးလည်းဖြစ်၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီးလည်း ဖြစ်သည့် ဦးဝင်းစိန်က တက်ရောက်အမှာစကား ပြောကြားသည်။

ဝန်ကြီး၏ ပြောဆိုမှုများထဲတွင် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လူလူချင်း၊ တုတ်တုတ်ချင်း၊ ဓားဓားချင်း ရိုက်သင့်ရင် ရိုက်ရမယ်၊ ခုတ်သင့်ရင် ခုတ်ရမယ်” ဟု ပြောဆိုခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်မှ ဖယ်ရှားပစ်ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“အောင်ဆန်းစုကြည်ကို သတ်ရဲလား” ဟူ၍လည်း ပရိသတ်သို့ သုံးကြိမ်တိုင် တိုင်သံပေးခဲ့သေးသည်။

၁၉၉၈ ခုနှစ်တွင်လည်း နေအိမ်ရှေ့တွင် စစ်ဘက်လုံခြုံရေးများ၏ ရိုက်နှက်မှုကိုလည်း ကြုံခဲ့ရသေးသည်။ ထိုစဉ်က သူရဦးတင်ဦးက အကာကွယ်ပြုခဲ့သဖြင့် ပုခုံးတွင်သာ ဒဏ်ရာရှိခဲ့သည်။

အကြမ်းဖက်သူများသည် စနစ်တကျ စီစဉ်ထားသကဲ့သို့ ရှိနေသည့်အပြင် တစ်ဦးတစ်ယောက်၏ အမိန့်အတိုင်း လိုက်နာဆောင်ရွက်ခဲ့သည်များကို မျက်မြင်တွေ့ရှိသူများ ရှိနေခဲ့ရာ အဆိုပါ အရေးအခင်း၏ နောက်ကွယ်တွင် အဖွဲ့အစည်း တစ်ခုခု ရှိနေမည်ဟု စွပ်စွဲခဲ့ကြသည်။ အဆိုပါ အကြမ်းဖက်မှုအတွက် လက်သည်ကို ဖော်ထုတ်အရေးယူခြင်း မပြုခဲ့ပေ။

အစိုးရအနေနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော်လည်း သူတို့အနေနှင့် အရိုက်ခံခဲ့ရသည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်လျှောက်လုံး အနီးကပ် ရှိနေခဲ့သည့် သူရဦးတင်ဦးက ပြန်လည်ပြောဆိုသည်။

ထိုအချိန်က တိုင်းပြည်ကို ဦးဆောင်နေသူများ ကိုယ်တိုင်က ကျူးလွန်ခဲ့လေသလောဟူ၍ သံသယပွားစရာ အနေအထား။

ပြည်သူအများစုနှင့် နောက်လိုက်များက သူ၏ လုံခြုံရေးအပေါ် စိုးရိမ်ကြောင့်ကြ ရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကမူ များစွာစိုးရိမ်ဟန် မပြ။

ပြီးခဲ့သည့်လက နောက်ဆုံးသွားထားခဲ့သည့် ထိုင်းနိုင်ငံ ခရီးစဉ်မှသည် ယခင် ပြည်တွင်းပြည်ပ ခရီးစဉ်များ အပါအဝင် သွားလေရာ ခရီးစဉ်များတွင် ယင်းအချက်ကို အထင်အရှား တွေ့နိုင်သည်။ အောက်ခြေလူထုနှင့် နီးနီးကပ်ကပ် ဆက်ဆံရန် မည်သည့်အခါမှ ဝန်မလေးခဲ့ပေ။ သူ့ကို တွေ့ဆုံနှုတ်ဆက်လိုသူများကို အလေးထားကာ ပြန်လည်နှုတ်ဆက်ရမှ ကျေနပ်တတ်သူ ဖြစ်သလို လူထုထံမှ သတင်းစကားများကိုလည်း စိတ်ပါဝင်စားစွာ နားထောင်တတ်သူ ဖြစ်သည်။

က မည်သည့် ရန်ပြုတိုက်ခိုက်မှုကိုမှ မတုံ့ပြန်ရန် ဖြစ်သည်။

ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း လမ်းမဘေးမှ ရပ်လျက် အော်ဟစ်နှုတ်ဆက်နေသူများကို မြင်သည့်အခါ ယာဉ်ကိုရပ်စေလျက် လူအုပ်ဆီသို့ ဆင်းတွေ့ခဲ့သည်ကို ရုပ်သံများမှ တစ်ဆင့် တွေ့လိုက်ရသည်။

ယင်းသို့သော အနေအထားက မသမာသူများအတွက် လွယ်လင့်တကူ လုပ်ကြံနိုင်မည့် အခွင့်အလမ်းဖြစ်သည်။

လူအုပ်စုမှသာ မဟုတ်၊ တစ်ဦး တစ်ယောက်တည်း ဆိုလျှင်ပင် အမိအရ နှုတ်ဆက်လေ့ရှိကြောင်း ခရီးစဉ်များတွင် အတူလိုက်ပါခဲ့သူ ဦးကျော်ဆန်းက ဆိုသည်။

“တစ်ခါတလေကျလို့ရှိရင် တွေ့တဲ့သူကို ကားပြတင်းပေါက်ကနေ တောက်လျှောက်နှုတ်ဆက်တာမျိုး ရှိတယ်၊ ဒါပေမဲ့ သူက နှုတ်ဆက်တဲ့လက်က ဒီတစ်လက်ထဲပဲ။ ဟိုဘက်က နှုတ်ဆက်တဲ့ သူတွေက အများကြီး။ ကားက ဒီလိုသွားနေတဲ့ အခါကျလို့ ရှိရင် ရေရှည်မှာကျလို့ ရှိရင် နှုတ်ဆက်သွားတဲ့ လက်အရှိန်နဲ့ ကားဘောင်နဲ့ လက်ဖျံနဲ့ ထိပါရိုက်ပါများတော့ တစ်ခါတလေကျတော့ အဲဒီလက်တွေက မခံနိုင်တော့ဘူး”

ယင်းအချိန်မျိုးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူများအကြား လုံခြုံရေး တာဝန်ယူရသူများအတွက် အခက်အခဲ ဖြစ်ရသည်။ အမှတ်မထင် ရန်ပြုလိုက်မည့် အရေးကိုလည်း စိုးရိမ်ရသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဟုမ္မလင်းဒေသ ခရီးစဉ်တွင် ဒေသခံတစ်ဦးက ဒေါ်အောင်ဆန်းစုကြည် အနီးတို့ ရုတ်တရက် တိုးကပ်လာစဉ် လုံခြုံရေးက ဟန့်တားရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ ယင်းသို့သော အပြုအမူမျိုးကို မနှစ်သက်ပေ။

“အန်တီအနေနဲ့ ပြောတာတော့ သူတို့ခမျာ လာတယ်၊ တွေ့ဖို့ကို ဘယ်အချိန်ထဲကနေ ဒီနေရာမှာ စောင့်နေရလဲ မသိဘူးပေါ့နော်။ ဘာပဲပြောပြော သူတို့တွေ့ချင်တဲ့ ဆန္ဒလေး ဖြည့်ဆည်းပေးလိုက်တဲ့ သဘောပါတဲ့” ဟု ဦးကျော်ဆန်းက ဆိုသည်။

၁၉၈၈ ခုနှစ်မှ စတင်ကာ ၂၇ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ လုံခြုံရေး အစောင့်အရှောက်များနှင့် ပြည်သူများအကြား မကြာခဏ ပြဿနာ တက်ခဲ့ရသည်ဟု ဦးဝင်းထိန်က ပြောဆိုသည်။

နိုင်ငံရေးသမားများ အနေနှင့် မည်မျှပင် လူထုထောက်ခံမှု ရရှိထားသည် ဖြစ်စေ မလိုသူအချို့က လုပ်ကြံသတ်ဖြတ်တတ်ကြောင်း မြန်မာသာမက နိုင်ငံတကာတွင်လည်း တွေ့နိုင်သည်။

၁၉၆၃ ခုနှစ်က အမေရိကန်ပြည်ထောင်စု၏ ၃၅ ဦးမြောက် သမ္မတဖြစ်သူ ဂျွန်အက်ဖ်ကနေဒီသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး လှုပ်ရှားမှုများ ဆောင်ရွက်နေစဉ် လုပ်ကြံခံခဲ့ရသည်။ သူလိုက်ပါလာသည့် မော်တော်ယာဉ်ကို နှုတ်ဆက်ရန် လူအုပ်ကြီးက စောင့်ဆိုင်းနေစဉ် လူအုပ်အတွင်းမှ သေနတ်သမားက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးခေါင်းနှင့် လည်ပင်းကို ကျည်ဆံထိမှန်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံကို လွတ်လပ်ရေး ရရှိရေးအတွက် အဓိက ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ်ကြီး ဖြစ်သည့်အပြင် ငြိမ်းချမ်းရေး တရားများ အမြဲဟောပြောခဲ့သူတစ်ဦး ဖြစ်သည့် မဟတ္တမဂန္ဓီသည် ၁၉၄၈ ခုနှစ် ဇန်ဝဝရီလ ၃၀ ရက်နေ့က ဟိန္ဒူအစွန်းရောက်တစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် ကွယ်လွန်ခဲ့သည်။

ကျွန်စနစ်ကို တော်လှန်ခဲ့သည့် အမေရိကန်သမ္မတ အေဗရာဟင်လင်ကွန်း၊ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ် ရွေးကောက်ခံရသူ ဘနာဇီယာဘူတို စသူတို့လည်း လူအုပ်ကြားတွင်ပင် လုပ်ကြံခံခဲ့ရသည်။

နိုင်ငံခေါင်းဆောင်များအတွက် လူအုပ်စုအတွင်း ရှိနေချိန်သည် ၎င်းတို့ကို လုပ်ကြံရန် အလွယ်ကူဆုံး အနေအထား ဖြစ်သောကြောင့် လုံခြုံရေး တာဝန်ယူထားသူများ အနေနှင့်လည်း အစိုးရိမ်ရဆုံးအချိန် ဖြစ်သည်။

လူငယ်များ အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးသည့် စိတ်ဖြင့်သာ ဘေးအန္တရာယ်မှ ကာကွယ်ခဲ့ရသော်လည်း အမှန်တကယ်တွင် လုံခြုံရေးအဖွဲ့ဟုပင် မခေါ်ဆိုနိုင်ကြောင်း NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်လည်းဖြစ်၊ တပ်မတော်သားဟောင်းလည်း ဖြစ်သည့် ဦးဝင်းထိန်က ပြောဆိုသည်။

ဦးဝင်းထိန်သည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအဖွဲ့ ခေါင်းဆောင်တစ်ဦး အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ “တကယ်တမ်းဆိုရင် လုံခြုံရေးလို့တောင်မှ ခေါ်လို့မရဘူး၊ တကယ်တမ်း ပရော်ဖက်ရှင်နယ် လုပ်ကြံတဲ့သူဆိုရင် လွယ်လွယ်ကူကူနဲ့ လုပ်ကြံလို့ရတယ်”

သို့သော် “အသက်အန္တရာယ် ရှိပေမယ့် လူထုထဲ မဆင်းဘဲ မနေနိုင်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ဖောက်ကိုင်ဖက် ဖြစ်သည့် ကွယ်လွန်သူ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က သတင်းမီဒီယာ တစ်ခုသို့ ပြောဆိုခဲ့ဖူးသည်။

သူရဦးတင်ဦးကလည်း ယခုကဲ့သို့ ဆိုသည်။
“ခေါင်းဆောင်တိုင်းကတော့ ဒီလိုပါပဲ။ ကိုယ့်ကိုယ်ကိုယ် အင်မတန်မှ ယုံကြည်တယ်”

ဒေါ်အောင်ဆန်းစုကြည် အနေနှင့် သူ၏ လုံခြုံရေးထက် ယာဉ်တန်းနံဘေးက စုပြုံတိုးဝှေ့ကာ နှုတ်ဆက်သူများကို ကားဘီးဖြင့် ကြိတ်မိမည့် အရေးကိုသာ တွေးစဉ်းစားသူ ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည်ပင် သူ၏ လုံခြုံရေးကို အလေးအနက် မထားခဲ့ခြင်းကြောင့် လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။

ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်။ ရာထူးအဆင့် သတ်မှတ်ချက်အရ နိုင်ငံတော်သမ္မတ ပြီးလျှင် ဒုတိယမြောက် ဖြစ်သော်လည်း နိုင်ငံရေး အရှိန်အဝါနှင့် သြဇာအရ သမ္မတ၏ အထက်တွင် ရှိနေသည်။

ထို့အတွက် သူ၏ လုံခြုံရေးသည် ပို၍ပင် အရေးကြီးကြောင်း လူအများက ထောက်ပြပြောဆိုကြသည်။ ပြီးခဲ့သည် လပိုင်းအတွင်းက လူမှုကွန်ရက်တစ်ခုမှ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမည်ဟူ၍ ရေးသားခဲ့သေးသည်။

“တိုင်းပြည်ရဲ့ အပြောင်းအလဲကို ဦးဆောင်ပြီး လုပ်နိုင်တဲ့ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် သူ့ရဲ့ လုံခြုံရေးကတော့ အများကြီး ဦးစားပေးပြီးတော့ ဂရုစိုက်သင့်တယ်လို့ မြင်ပါတယ်” ဟု ဦးဂျင်မီက ဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အား ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတ်မှတ်ထားသည့် အဆင့်နှင့်အညီ လုံခြုံရေး အစောင့်အရှောက်များ ဒေါ်အောင်ဆန်းစုကြည် ရရှိထားသည်။

ဒေါ်အောင်ဆန်းစုကြည် သွားလေရာတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှ အထူးတပ်ဖွဲ့ဝင်များဖြင့် အနီးကပ်လုံခြုံမှု ပေးနေသည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဇော်ခင်အောင်က ဆိုသည်။
“ကျွန်တော်တို့က ဗဟိုစည်း၊ အတွင်းစည်း၊ အပြင်စည်း ဆိုပြီးတော့မှ စည်းသုံးစည်းနဲ့ လုံခြုံရေး လုပ်ထားတယ်၊ ပြီးလို့ရှိရင် သူ့ရဲ့အနီးကပ်အဖွဲ့က အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့ကနေ တာဝန်ယူထားတယ်” ဟု ၎င်းက ဆိုသည်။
ယင်းအနေအထားသည် ယခင်ထက်တော့ ပို၍ကောင်းမွန်သည့် အနေအထား ဖြစ်သည်။

အစိုးရ၏ စနစ်တကျ လေ့ကျင့်ထားသည့် အဖွဲ့အစည်း ဖြစ်သည့်အပြင် လက်နက်အပြည့်အစုံလည်း ပါရှိသည်ဖြစ်ရာ ကျေနပ်ရသည်ဟု ဦးကျော်ဆန်းက ဆိုသည်။
“ကျေနပ်တာပေါ့၊ ကြိုက်တာပေါ့။ ဒါမျိုးက အစောကြီးကတည်းက ဖြစ်သင့်တာပေါ့”

ဒေါ်အောင်ဆန်းစုကြည်၏ရှေ့က မားမားရပ်ခဲ့သူ ရဲဘော်ရဲဘက်ကြီး သူရဦးတင်ဦးကလည်း ယခင်ထက် ပို၍လုံခြုံမည်ဟု ဆိုသည်။ သို့သော် သူ့အနေနှင့် လုံးလုံးလျားလျား စိတ်ချလှသည်တော့ မဟုတ်ပါ။

ယခင်အာဇာနည်များ ကျဆုံးခဲ့ချိန်ကို ကိုယ်တိုင်တွေ့မြင် သိမီလိုက်သူ တစ်ဦး အနေနှင့် ခေါင်းဆောင်တစ်ဦး ကျဆုံးရခြင်း တွက် တစ်တိုင်းပြည်လုံး ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရသည်ကိုလည်း အမှတ်ရနေသေးသည်။

ခေါင်းဆောင်များ ကျဆုံးခြင်းသည် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေးများ လှုပ်ခတ်ထိခိုက်ရကြောင်းလည်း အသေအချာ နားလည်ထားသူ ဖြစ်သည်နှင့်အညီ ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များ သာမက ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းစောင့်ရှောက် ပေးစေလိုသည့် ဆန္ဒက သူ့တွင် ရှိနေသည်။

မကြာမီ ဒေါ်အောင်ဆန်းစုကြည်သည် မလေးရှားနိုင်ငံသို့ သွားရောက်မည်ဟု သတင်းထွက်နေရာ သူမ၏ လုံခြုံရေးကို ပို၍ စိုးရိမ်လာသူများ ရှိသည်။

လတ်တလောတွင် ဗိုလ်ချုပ်အောင်ဆန်းနည်းတူ ဒုတိယမြောက် ပင်လုံညီလာခံ ဖြစ်မြောက်ရေးအတွက် လုံးပမ်းနေရချိန် ဖြစ်သည့်အတွက် ပို၍ပင် အရေးကြီးကြောင်း သူရဦးတင်ဦးက ဆိုသည်။

ဦးဂျင်မီကလည်း ထိုနည်းတူပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ဖခင်နည်းတူ ပြည်သူလူထုအပေါ် ယုံကြည်စိတ်ထားသလို ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိထားသော်လည်း မလိုသူများလည်း ရှိနေနိုင်သည်။ လက်ရှိအနေအထားသည် အယူအဆရေးရာများတွင် သဘောထားကွဲလွဲများက ယခင်ခေတ်ကာလများထက် ပို၍ များပြားရှုပ်ထွေးစွာ ရှိနေခြင်းကြောင့် သတိကြီးစွာ ထားသင့်ကြောင်း အကြံပြုသည်။

အထူးသဖြင့် ခရီးစဉ်များတွင် ပြည်သူလူထုနှင့် အကန့်အသတ်မဲ့ တွေ့ဆုံနှုတ်ဆက်ခြင်းအပေါ် ၎င်းက စိုးရိမ်ခြင်း ဖြစ်သည်။
“ပြည်သူလူထု အများကြီးက ကိုယ့်ကို ထောက်ခံတာတော့ မှန်တယ်၊ ဒါပေမဲ့ တချို့လူတွေကျတော့ ကိုယ်မသိနိုင်တဲ့ လူတချို့ ရှိနိုင်တာပေါ့” ဟု ဦးဂျင်မီက ဆိုသည်။
“အဲဒီအတိုင်းတော့ မသွားသင့်ဘူးလို့ ကျွန်တော့်အမြင်ကိုပဲ ပြောပါရစေ”

ထိုသူတို့သည် နောက်ထပ် အာဇာနည်နေ့တစ်နေ့ ထပ်ပေါ်လာမည်ကို အလိုမရှိသူများ ဖြစ်သည်။

အောင်မျိုးထက်

ထင်ရှားသည့် လုပ်ကြံမှုကြီးအချို့

၁။ မဟတ္တမဂန္ဒီ
အိန္ဒိယနိုင်ငံ အမျိုးသားခေါင်းဆောင်ကြီး အဖြစ် သတ်မှတ်ခံရသူ မဟတ္တမဂန္ဒီသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နယူးဒေလီမြို့၌ ညဘက် လမ်းလျှောက်ထွက်စဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ဂန္ဒီအား သတ်ဖြတ်သူမှာ ဟိန္ဒူဘာသာဝင် အစွန်းရောက်တစ်ဦး ဖြစ်သည်။

၂။ ဘနာဇီယာဘူတို
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုမှာ ၂၀၀၇ ခုနှစ်က လူထုစည်းရုံးရေး ခရီးစဉ်တစ်ခုအတွင်း မိန့်ခွန်းပြောနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေနတ်သမားမှာ ဘူတို့ကို သေနတ်ဖြင့် ပစ်ခတ်အပြီး အသေခံဗုံးခွဲခဲ့သဖြင့် လူအုပ်အတွင်းရှိ အခြား ၂၂ ဦးလည်း ထိခိုက်သေဆုံးခဲ့သည်။ ဘနာဇီယာဘူတိုမှာ အာရှဒေသတွင်း ထင်ရှားသည့် အမျိုးသမီး ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

၃။ မာတင်လူသာကင်း
အမေရိကန်ပြည်ထောင်စု၏ ထင်ရှားသော လူထုခေါင်းဆောင်တစ်ဦးဖြစ်သူ မာတင်လူသာကင်းသည်လည်း ၁၉၆၈ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် အစွန်းရောက်တစ်ဦး၏ လုပ်ကြံခံရသဖြင့် သေဆုံးခဲ့သည်။ လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေးကို ဦးဆောင်လှုံ့ဆော်ခဲ့သူ မာတင်လူသာကင်းကို လူဖြူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်း ဖြစ်ပြီး မာတင်လူသာကင်း ဟိုတယ်ဝရန်တာ၌ ရပ်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

၄။ ဂျွန်အက်ဖ်ကနေဒီ
အမေရိကန်ပြည်ထောင်စု၏ ၃၅ ဦးမြောက် သမ္မတဖြစ်သူ ဂျွန်အက်ဖ်ကနေဒီမှာ သမ္မတအဖြစ် တာဝန်ယူနေစဉ် ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့၌ ဒဲလတ်စ်ပြည်နယ်အတွင်း အမိုးဖွင့်ကားဖြင့် ခရီးသွားနေစဉ် သေနတ်သမားတစ်ဦး၏ လုပ်ကြံပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။ သေနတ်သမားကို ဖမ်းဆီးမိခဲ့သော်လည်း နောက်ဆုံးအချိန်ထိ လုပ်ကြံမှုကို ဝန်မခံခဲ့ပေ။ သမ္မတ ကနေဒီ လုပ်ကြံမှုမှာ ယနေ့အချိန်ထိ ပဟေဠိအချို့ ရှိနေပြီး အမေရိကန် ထောက်လှမ်းရေး အဖွဲ့အစည်းများ ဖြစ်သည့် FBI နှင့် CIA တို့၏ လက်ချက်ဟု စွပ်စွဲမှုများ ရှိသလို ကျူးဘားနှင့် ဆိုဗီယက်ပြည်ထောင်စုက လုပ်ကြံသည်ဟုလည်း ပြောဆိုမှုများ ရှိသည်။

၅။ အင်ဒီရာဂန္ဒီ
အိန္ဒိယနိုင်ငံ၏ အမျိုးသမီး ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီမှာ ဆခ်လူမျိုး သက်တော်စောင့်၏ အနီးကပ် ပစ်ခတ်လုပ်ကြံမှုကြောင့် ၁၉၈၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် သေဆုံးခဲ့သည်။ အိန္ဒိယနိုင်ငံ ပထမဆုံး ဝန်ကြီးချုပ် ဂျဝါဟလာနေရူး၏ သမီးလည်းဖြစ်သူ အင်ဒီရာဂန္ဒီမှာ ဆခ်ခွဲထွက်ရေး လှုပ်ရှားမှုကို နှိမ်နင်းရန် ကြိုးပမ်းနေစဉ် သက်တော်စောင့် ဆခ်လူမျိုးက သေနတ်ဖြင့် အချက်ပေါင်းများစွာ အနီးကပ်ပစ်ခတ်ခံရပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့သည်။

၆။ ရာဂျစ်ဂန္ဒီ
အင်ဒီရာဂန္ဒီ၏ သားဖြစ်ပြီး ဝန်ကြီးချုပ် အဖြစ်လည်း တာဝန်ယူခဲ့သူ ရာဂျစ်ဂန္ဒီမှာ အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ် ချင်နိုင်းမြို့၌ အသေခံ ဗုံးဖောက်ခွဲ လုပ်ကြံမှုကြောင့် သေဆုံးခဲ့သည်။ ၁၉၉၁ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော လုပ်ကြံမှုကို သီရိလင်္ကာနိုင်ငံမှ ကျားသူပုန်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။ ရာဂျစ်ဂန္ဒီ လုပ်ကြံခံရမှုမှာ သီရိလင်္ကာနိုင်ငံ ပြည်တွင်းစစ်အတွင်း အိန္ဒိယ ငြိမ်းချမ်းရေးတပ်ဖွဲ့များ ဝင်ရောက်စွက်ဖက်မှုနှင့် သက်ဆိုင်ကြောင်းလည်း ပြောဆိုကြသည်။