News

POST TYPE

ARTICLE

(၇၂) နှစ်ပြည့် မွေးနေ့မှသည်
18-Jun-2017 tagged as


အသက် ၂ နှစ်အရွယ်က ဖခင်ဆုံးပါးသွားသော ဒေါ်အောင်ဆန်းစုကြည်သည် နောင်နှစ် ၇၀ အကြာ အသက် ၇၂ နှစ် အရွယ်တွင် နိုင်ငံ၏ အထွတ်အထိပ်ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေနိုင်သည်မှာ မည်သည့်ပေတံဖြင့်တိုင်းတိုင်း အောင်မြင်မှု ဖြစ်သည်။ မိခင်ကျန်းမာရေးကြောင့် ၁၉၈၈ တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီး ၁၉၈၈ ဖြစ်ရပ်ကြီးနှင့်ကြုံကာ ၁၉၉၀ တွင် အာဏာရပါက ‘စိုင်ကော်၍ ချုံပေါ်ရောက်သည်’ ဟု အပြောခံရနိုင်သေးသည်။ အခက်အခဲများကို ကျော်ဖြတ်အပြီး ၂၈ နှစ်အကြာ  ၂၀၁၆ တွင်မှ အာဏာရသည့်အခါတွင်မူ သူ၏ ကြိုးစားအားထုတ်မှု၊ ဇွဲနပဲကြီးမှု၊ တစ်ချောင်းတည်းသော စိတ်ဓာတ်တို့ကို ပြိုင်ဘက်များကပင် အသိအမှတ်ပြုရမည်သာ။ 

၇၂ နှစ်အရွယ် အမျိုးသမီး အများစုသည် ဘဝ၏ နေဝင်ချိန်သို့ ရောက်ကြပြီး လုပ်ကိုင်သွားလာမှုအရှိန်ကို လျှော့နေကြချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဘဝ၏ အတောက်ပဆုံးအချိန်ကို ဖြတ်သန်းနေသည်။ အောင်မြင်မှုကို ထိုသူငယ်စဉ်ကစပြီး  ဘဝတစ်လျှောက်လုံး ကိန်းအောင်းခဲ့သော ရည်မှန်းချက် ပြီးမြောက်ခြင်းနှင့် တိုင်းတာလျှင် အတိကျဆုံး။ သို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝရည်မှန်းချက်သည် အဘယ်နည်း။ 

သေချာသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ဘဝရည်မှန်းချက်သည် သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုက်ရိုက်ချိတ်ဆက်နေသည်။ ဖခင်ဆုံးပါးစဉ်က ငယ်ရွယ်လွန်းသော်လည်း မိခင်ထံမှ လည်းကောင်း၊ ဖခင်ကို လေးစားသူများထံမှ လည်းကောင်း၊ စာအုပ်များအရ လည်းကောင်း ဖခင်နှင့် ရင်းနှီးခဲ့သည်။ ထိုမှတစ်ဆင့် ဖခင်၏ မပြီးဆုံးသေးသော တာဝန်ကို ထမ်းဆောင်ရန် ငယ်စဉ်ကတည်းက မသိစိတ်ရော သိစိတ်ထဲတွင်ပါ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ထားပုံရသည်။ သူ့ဘဝ တစ်လျှောက်လုံးတွင်လည်း ထိုအစွဲအလမ်းက တောက်လျှောက်လိုက်ပါနေသည်။ 

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ရခြင်းက သူ့ဘဝကို စေစားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သဘောပေါက်သည်ကို အသက် (၆၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သူရေးသားခဲ့သည့် ၂၆.၆.၂၀၁၃ ထုတ် ဒီလှိုင်းစာစောင်ပါ ဆောင်းပါးတွင် တွေ့ရသည်။

“ဖြတ်သန်းလာခဲ့တဲ့ ၆၈ နှစ်ကို ပြန်ကြည့်တဲ့အခါ အဓိကကျတဲ့ ဖြစ်စဉ်တွေက ဘာများပါလိမ့်လို့ ကျွန်မကို မေးမြန်းကြတာ ရှိပါတယ်။ ကျွန်မလည်း အဖြေရှာရ ခက်ပါတယ်။ အစက စရမယ်ဆိုရင် အဓိက ကျတာကတော့ ကျွန်မဟာ ဗိုလ်ချုပ်အောင်ဆန်းသမီး ဖြစ်ခြင်းပါပဲ။ ... ကျွန်မရဲ့  ဘဝအပေါ်မှာ ကျွန်မဟာ ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်တယ် ဆိုတဲ့ အချက်က အများကြီး လွှမ်းမိုးတာကို ပြောချင်တာပါ”

Oxford တက္ကသိုလ်ကျောင်းသူ ဘဝတွင်လည်း ဖခင်အကြောင်းသာ စိတ်ထဲတွင် စွဲမြဲနေပြီး စကားပြောသည့် အခါတွင် ဖခင်အကြောင်း မပါဘဲ ကြာကြာစကားပြော မရကြောင်း၊ တစ်နေ့ကျလျှင်  သူ့လူမျိုးများအတွက် အလုပ်လုပ်ရမည် ဖြစ်ကြောင်း ထိုအချိန်ကပင် တွေးနေခဲ့ကြောင်း ထိုစဉ်က သူနှင့် ကျောင်းနေဖက်၊ နောင်တွင် အိန္ဒိယအစိုးရ၏ စီးပွားရေး အကြံပေးချုပ် ဖြစ်လာသည့် Shankar Acharya က ပြောကြောင်း Justin Wintle ရေးသားသည့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း စာအုပ်တွင် ဖော်ပြထားသည်။   

... she seldom kept her father out of their conversations for long. ‘Even then, she thought she must one day do something for her people.’ 
(Shankar Acharya, Justin Wintle, Perfect Hostage Aung San Suu Kyi, Burma and the Generals.)

ဒေါ်အောင်ဆန်းစုကြည်သည် ပါရဂူဘွဲ့ရ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်လာရန် လမ်းကြောင်းပေါ်တွင် ရောက်ရှိသော်လည်း မိခင်ဒေါ်ခင်ကြည် ကျန်းမာရေးကြောင့် သူ၏ဘဝသည် တစ်ဆစ်ချိုး ပြောင်းလဲသွားသည်။ ပါရဂူဘွဲ့ကို အပြီးမသတ်နိုင်ခဲ့ဘဲ ဒီမိုကရေစီရေး လှုပ်ရှားသူ အတိုက်အခံခေါင်းဆောင် အဖြစ် ရာစုနှစ် လေးပုံတစ်ပုံ ကျင်လည်ခဲ့ကာ ၇၂ နှစ် မြောက်မွေးနေ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ကျင်းပရန် ဖြစ်လာသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ မြန်မာပြည်ပြန်ရောက်ပြီး မကြာခင်တွင်ပင် နိုင်ငံနှင့်ချီသည့် ခေါင်းဆောင်တစ်ယောက်အဖြစ် ရောက်ရှိသွားခဲ့သည်မှာ ယနေ့ထက်တိုင်။ ယနေ့ သူခေါင်းဆောင်ရသည့် အခြေအနေနှင့် လွန်ခဲ့သော နှစ် ၃၀ ခန့်က သူ ခေါင်းဆောင်ရသည့် အခြေအနေ မတူညီသော်လည်း သူသည် ခေါင်းဆောင်နေရာတွင် ဆယ်စုနှစ်သုံးခု ကျင်လည်ခဲ့ရသည်။ အိမ်ရှင်မဘဝ၊ စာသင်သားဘဝတွင် သူ၏ အားထုတ်မှုများသည် မိသားစုနှင့် အနီးပတ်ဝန်းကျင်ကို သက်ရောက်မည် ဖြစ်သော်လည်း ၁၉၈၈ နောက်ပိုင်းကာလ သူ၏လုပ်ရပ်များ၊ အတွေးအခေါ်များ၊ အရေးအသားများသည် မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးကို သက်ရောက်ခဲ့သည်။ ထို့ကြောင့် ၇၂ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်၏ဘဝတွင် ခေါင်းဆောင်မှု ဘဝသည် ကြီးမားစွာ ပါဝင်နေသည်။



ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှု

မိခင်၏ ကျန်းမာရေးကြောင့် ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်သို့ ပြန်လာချိန်တွင် မြန်မာပြည်တွင် သူ့ကိုသိသူ နည်းပါးလှသည်။ သမိုင်းဝင် ၈၈ ဖြစ်ရပ်ကြီးနှင့် ဆုံသည့်အခါတွင် ဗိုလ်ချုပ်သမီး၊ သူ၏အခန်းကဏ္ဍ ပိုမိုကြီးမားလာသည်။ အရွယ်ကောင်း အမျိုးသမီး၊ ဗိုလ်ချုပ်အောင်ဆန်း၏သွေး ဟူသော သူ၏ဂုဏ်ပုဒ်တို့ကြောင့် ရုပ်ပြခေါင်းဆောင်အဖြစ် တင်ကြသည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ သူ့ထက် အသက်၊ နိုင်ငံရေးဝါ၊ အလုပ်ဝါ ကြီးသူများစွာ ပါဝင်နေသည့်အတွက်  ယင်းသို့ သုံးသပ်ချက်များ ပေါ်ထွက်လာသည်မှာ တကယ်တမ်းလည်း မဆန်း။  နိုင်ငံရေး လှုပ်ရှားမှုများတွင် ပုံရိပ်ကောင်းသူ၊ လူထုထောက်ခံမှုရမည့်သူကို ရှေ့ကတင်ပြီး နောက်က ကြိုးကိုင်ရမည်ဟူသော သီအိုရီများလည်းရှိရာ ထိုသို့ ကြိုးစားမှု များလည်း ရှိကောင်းရှိခဲ့မည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုသည် အချိန်နှင့်အမျှ ပိုပြီး ကြီးမားထိရောက်လာသည်မှာ အမှန်ဖြစ်သည်။ ရုပ်ပြခေါင်းဆောင် မဟုတ်ဘဲ တကယ့်ခေါင်းဆောင် ဖြစ်ကြောင်း အချိန်က သက်သေပြသွားသည်။ 

အာဏာမရမီ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုသည် ကြီးမားသော်လည်း ဒေါ်အောင်ဆန်းစုကြည်သာ အာဏာမရခဲ့လျှင် သူ၏ခေါင်းဆောင်မှု ဘဝတွင် တစ်ခြမ်းလစ်ဟာနေမည်သာ။ ယခုမူ အာဏာရခဲ့ပြီ ဖြစ်သည့်အတွက် သူအာဏာရစဉ်ဘဝ၊ အာဏာရစဉ် ခေါင်းဆောင်မှုကိုပါ လေ့လာဆန်းစစ်နိုင်ပြီ ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ မီဒီယာများတွင် အဖော်ပြခံရဆုံးပုဂ္ဂိုလ်၊ ဆုပေါင်းများစွာ ရရှိထားသည့် ပုဂ္ဂိုလ်၊ စာအုပ်များစွာ ရေးသားထုတ်ဝေခံရသည့်ပုဂ္ဂိုလ် ဖြစ်သည့်အတွက် သူ့အကြောင်း အားလုံးသိကြပြီးဟု မှတ်ယူချင်စရာ။ သို့သော် ယင်းသို့ ရေးသားဖော်ပြမှုများ အားလုံးလိုလိုသည် အာဏာမရမီ ကာလကိုသာ အခြေခံသည့်အတွက် အာဏာရအပြီး ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို မဖော်ပြနိုင်။ ၂၀၁၆ ဇွန်လ ၁၉ ရက်နှင့် ၂၀၁၇ ဇွန်လ ၁၉ ရက်အကြား တစ်နှစ်တာကာလသည် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ကျွန်တော်တို့ မသိရသေးသည့် အခြမ်းကို လှစ်ဟပြသည်။ ၂၀၁၆ ဇွန်လ ၁၉ ရက်နေ့သည် အာဏာရအပြီး ပထမဆုံးမွေးနေ့ ဖြစ်သော်လည်း အာဏာလွှဲသည်မှာ လပိုင်းသာ ကြာသေးသဖြင့် ၂၀၁၇ ဇွန်လ ၁၉ ရက်နေ့သည် အာဏာရအပြီး ပထမဦးဆုံး မွေးနေ့ဟုပင် ခေါ်ရမည်။ 

တော်လှန်ရေး ခေါင်းဆောင်များ အတွက် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ဘဝသို့ အကူးအပြောင်း Transition သည် အလွန်အရေးကြီးသည်။ တော်လှန်ရေး ခေါင်းဆောင်များသည် ဆန့်ကျင်ကြရသည်၊ တော်လှန်ကြရသည်။ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်မှာမူ တည်ဆောက်ရသည်။ ယင်းသဘောသဘာဝ နှစ်ခုသည် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည့်အတွက် ထိုအကူးအပြောင်းကို နိုင်နိုင်နင်းနင်း ကူးပြောင်းရန် စိတ်ပိုင်းဆိုင်ရာကိုပါ ပြင်ဆင်ကြရသည်။ ၂၀၁၂ ရွေးကောက်ပွဲ ဝင်အပြီး ပြောသော ဒေါ်အောင်ဆန်းစုကြည်၏ စကားများတွင် ထိုပြင်ဆင်မှုများကို မြင်ရသည်။

“မုန်တိုင်းငြိမ်သွားပြီး မိုးလေဝသက သာယာတဲ့ဘက်ကို ဦးတည်နိုင်မယ့် အချိန်ပါ။ ဒီလိုအခါမျိုးမှာ ကျွန်မတို့တွေ စောင့်ကြည့်လေ့လာရမှာကတော့ ဆင်းရဲဒဏ်ကို ခံနိုင်ခဲ့ကြသူတွေဟာ ချမ်းသာဒဏ်ကိုကော ခံနိုင်ကြပါ့မလား။ ... ကျွန်မတို့နဲ့အတူ နှစ်ရှည်လများစွာ ဆင်းရဲဒဏ် မခံကြရတဲ့ ယခုအဖွဲ့ဝင်သစ်များ၊ ဝန်းရံသူသစ်များကကော ချမ်းသာဒဏ် ခံနိုင်ကြပါ့မလား။ ရာသီဥတု ကောင်းမွန်မှ ရောက်လာလို့ အခွင့်အရေးသမားတွေ၊ သာရာစီးတွေ ယူဆလို့ မရပါဘူး။ ဒီလိုပိုပြီးကောင်းမွန်လာတဲ့ အချိန်မှာ တတ်အားသမျှ ကိုယ်ကျိုးမဖက်၊ ပါဝင်ကူညီချင်ကြတဲ့  ပုဂ္ဂိုလ်တွေကို ကျွန်မတို့ လေးစားတန်ဖိုးထားသင့်ပါတယ်။ အဓိကကတော့ ဆင်းရဲဒဏ် မခံခဲ့ကြပေမယ့် ချမ်းသာဒဏ်ခံနိုင်မှာလားဆိုတဲ့ အချက်ပါပဲ။”

(၂၈.၅.၂၀၁၂ ရက်ထုတ် ဒီလှိုင်း စာစောင်)

“ယခု ကျွန်မတို့တွေ ဒီမိုကရေစီစနစ် ထွန်းကားအောင် ကြိုးစားနေရတဲ့ အချိန်ပါ။ ဒီလိုအချိန်မျိုးမှာ လူကြိုက်များမှု စတားဖြစ်ရေးထက် အရေးကြီးတာက လုပ်သင့်လုပ်ထိုက်တာတွေကို လူမုန်းခံပြီး လုပ်နိုင်ဖို့ပါပဲ။”

(၂၉ .၁၀.၁၂ ရက်ထုတ် ဒီလှိုင်းစာစောင်)

“ယနေ့ ကျွန်မတို့နိုင်ငံရဲ့ အရေးကြီးဆုံး လိုအပ်ချက်က ဘာလဲဆိုရင် အမျိုးသားရင်ကြားစေ့ရေးလို့ ပြောရမှာပါပဲ။ ... ဒီတော့ ကျွန်မက ပြည်သူပြည်သားတိုင်းကို ဆော်သြချင်ပါတယ်။ ကိုယ့်ရဲ့အချိန်တွေ အလဟဿ ဖြစ်မသွားရအောင် နေ့တိုင်းနေ့တိုင်း ညမအိပ်မီ ငါးမိနစ်လောက် နက်နက်နဲနဲ သတ္တိရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် စမ်းသပ်မေးမြန်းပါ။ ပြီးခဲ့တဲ့  တစ်နေ့တာအတွင်း အမျိုးသားရင်ကြားစေ့မှုကို အထောက်အကူပြုစေရေးအတွက် လုပ်သင့်တာ ဘာလုပ်ခဲ့လဲ၊ ရှောင်သင့်တာ ဘာရှောင်ခဲ့လဲ။ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေမယ့် အပြုအမူတွေ ကျူးလွန်ခဲ့တာ ရှိလား။ ဒီမေးခွန်းတွေကို သတ္တိရှိရှိနဲ့  အမှန်အတိုင်း မေးဖြေတတ်မယ် မေးဖြေရဲမယ်ဆိုရင် အင်မတန်မှ တန်ဖိုးရှိတဲ့ ယခုအချိန်အခါကို နိုင်ငံအတွက် ကျွန်မတို့တွေ  ရင့်ကျက်စွာနဲ့ သုံးနိုင်သွားကြမှာပါ။”

(၁၀.၁၂.၁၂ ရက်ထုတ် ဒီလှိုင်း စာစောင်)

တစ်ဖန် ဦးဆောင်ခြင်းနှင့် စီမံခန့်ခွဲခြင်းသည် တူသလိုလိုနှင့် ကွဲပြားသည်။ တူသောအရာများ ရှိသလို ကွဲပြားသော အရာများလည်း ရှိသည်။ ဦးဆောင်သူသည် နေ့စဉ် စီမံခန့်ခွဲချင်မှ စီမံခန့်ခွဲမည်။ နေ့စဉ် စီမံခန့်ခွဲသူသည် ဦးဆောင်သူ ဟုတ်ချင်မှဟုတ်မည်။ အများအားဖြင့် ခေါင်းဆောင်များသည် ဦးဆောင်ခြင်းနှင့် စီမံခန့်ခွဲခြင်းကို အနည်းနှင့်အများ ပူးတွဲဆောင်ရွက်ကြရသည်။ ခေါင်းဆောင်တစ်ဦးတည်းသည် ဦးဆောင်ခြင်းရော စီမံခန့်ခွဲခြင်းပါ ထူးချွန်လျှင် အကောင်းဆုံး။ အများအားဖြင့် ခေါင်းဆောင်တစ်ဦးတည်းတွင် အထက်ပါ အရည်အချင်း နှစ်ခုလုံး မရှိသည့်အတွက် ဦးဆောင်ရာတွင် သန်သူနှင့် စီမံခန့်ခွဲရာတွင် သန်သူတို့ ပူးတွဲတာဝန်ထမ်းဆောင်ရလေ့ ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့အစည်းကြီးကြီးကို စီမံခန့်ခွဲသည့် အတွေ့အကြုံ နည်းပါးသည်။  မေးခွန်းက သူ့ဟာကွက်ကိုဖြည့်ရန် စီမခန့်ခွဲမှု အားကောင်းသူများ ရှိသလား။ 

ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သော ပညာရေး၊ နိုင်ငံခြား အတွေ့အကြုံ၊ လေ့လာနိုင်စွမ်းအားတို့သည် ပါတီတွင်း သူ၏ ထိပ်တန်းနောက်လိုက်များနှင့် များစွာကွာဟသည်။ ယင်းသည် ကျွန်တော် တစ်ယောက်တည်း၏ အမြင်မဟုတ်ဘဲ NLD ထိပ်တန်းအသိုင်းအဝိုင်းနှင့် နီးစပ်သူ၊ မျက်စိကြီးနားကြီး အချို့၏ အမြင်၊ ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရေးသားသူအချို့၏ အမြင်လည်း ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် နှစ်ပေါင်းငါးဆယ် ခြောက်ဆယ်အတွင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးတို့ကြောင့် ထိုအခြေအနေ ဖြစ်လာရာ အထူးတလည် ပြောစရာမရှိပါ။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း ဆုံးဖြတ်သလို ဖြစ်နေခြင်းကိုလည်း အထက်ပါ အခြေအနေက တစ်စိတ်တစ်ပိုင်း ရှင်းပြသည်။ မေးခွန်းက ဒေါ်အောင်ဆန်းစုကြည် ထိုကိစ္စကို မည်သို့ဖြေရှင်းပါသလဲ။ အစိုးရဖွဲ့သောအခါတွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို အတန်ငယ် မြင်ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့တွင် NLD နှင့် နီးစပ်သူရော မနီးစပ်သူကိုပါ ထည့်သွင်းဖွဲ့စည်းသည်။ NLD ထိပ်တန်းပုဂ္ဂိုလ်များမှာမူ အစိုးရအဖွဲ့တွင်း မပါဝင်ဘဲ ပါတီတွင်းတွင်သာ ကျန်ခဲ့သည်။

သို့သော် အစိုးရအဖွဲ့ လူစာရင်း ထွက်လာသောအချိန်နှင့် နောက်ပိုင်းလူအချို့ ထပ်ထည့်လိုက်ချိန်တွင် မေးခွန်းထုတ်စရာများ ထပ်ထွက်လာသည်။ အစိုးရအဖွဲ့ဝင်များ၏ နိုင်ငံချစ်စိတ်ကို မေးခွန်းထုတ်ရန် မလိုအပ်သော်လည်း အစိုးရအဖွဲ့ လူစာရင်းသည် ပိုတောင့်တင်းသင့်သည်။  မြန်မာနိုင်ငံသည် လူသားအရင်းအမြစ် ချို့တဲ့သည်မှာ မှန်သော်လည်း တကယ်ရှာနိုင်လျှင် နိုင်ငံကို ချစ်သလောက် ထက်မြက်သူများ ရှိသည်။ အဖိအနှိပ်ခံခဲ့ရသဖြင့် အသိုင်းအဝိုင်း အားနည်းခြင်း၊ သဘာဝကျစွာ သံသယ ကြီးမားခြင်းတို့ကြောင့် အစိုးရအဖွဲ့အတွက် လူရွေးချယ်ရာတွင် အားကောင်းသင့်သလောက် အားမကောင်းခဲ့ခြင်းဟု ယူဆရသည်။ သို့သော် ၂၀၁၂ လွှတ်တော်တွင်း ရောက်ချိန်မှ စရေတွက်လျှင်မူ ယင်းအချက်များကို ချေဖျက်ချိန် ရသင့်သလောက် ရသည်။ ဒေါ်အောင်ဆန်းစုကြည်၏  အနားတွင် လူတော်များ ကြာကြာမနေနိုင်ဟုလည်း အချို့က ဝေဖန်ကြသည်။ ယင်းတို့၏ ကောက်ချက်မှန်၊ မမှန် မသိသော်လည်း အစိုးရအဖွဲ့ လူစာရင်း ပိုတောင့်တင်းသင့်သည်က အမှန်ဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်ကကဲ့သို့ မဟုတ်ဘဲ ဒုဝန်ကြီးများ ထပ်မံခန့်ထားကာ အားဖြည့်ခဲ့သော်လည်း အစိုးရအဖွဲ့သည် ယခုထက် အားကောင်းရန် အခွင့်အလမ်းများစွာ ရှိနေဆဲ။ အစိုးရအဖွဲ့သည် ဒေါင်ဒေါင်မြည်ဖြစ်ခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည်၏ ပလ္လင်ထက်မှ တစ်နှစ်တာသည် ယခုထက်ပိုပြီး ရလဒ်ထွက်ပေလိမ့်မည်။ 

ခေါင်းဆောင်မှုရော စီမံခန့်ခွဲမှုရောသည် အရွယ်အစားပေါ် မူတည်ကွဲပြားသည်။ အဖွဲ့အစည်းကြီးကြီးကို ခေါင်းဆောင်ရခြင်း၊ စီမံခန့်ခွဲရခြင်းနှင့် အဖွဲ့အစည်းငယ်ငယ်ကို ခေါင်းဆောင်ရခြင်း၊ စီမံခန့်ခွဲရခြင်းသည် သဘောသဘာဝ ကွဲပြားသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ သြဇာသည် သူအာဏာမရမီကပင်လျှင် မြန်မာနိုင်ငံအတွက် ကြီးမားနေပြီးဖြစ်ရာ အာဏာရချိန်တွင် သြဇာနှင့် အာဏာ နှစ်ခုပေါင်းမိသွားသဖြင့် ပိုပြီးပင် ကြီးမားလာသည်။ အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်သည် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီး လည်ပတ်သလို ဖြစ်လာသည်။ အာဏာနှင့် လုပ်ပိုင်ခွင့်ကို ဖြန့်ဝေပေးရန် ကြိုးစားမှုအချို့ ရှိသော်လည်း ဆုံးဖြတ်ချက်ချရန် တာဝန်သည် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပြန်ပြန်ရောက်လာသည့် သဘော မြင်နေရသည်။ 

စင်စစ် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီတစ်ရပ်၏ ခေါင်းဆောင်သာ မဟုတ်။ မြန်မာနိုင်ငံ၏ ခေါင်းဆောင်လည်း ဖြစ်သည်။ သူအာဏာမရှိတော့လျှင်ပင် သူ့အခန်းကဏ္ဍသည် မြန်မာနိုင်ငံတွင် ကြီးမားနေဦးမည်။ သူ့နေရာတွင် မည်သို့ အစားထိုးမည်နည်း။ အစားမထိုးနိုင်လျှင် ဒေါ်အောင်ဆန်းစုကြည် မရှိသည်နှင့် ဒုံရင်းပြန်ဆိုက်မည်လား။ 

ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်၊ အစိုးရ စီမံခန့်ခွဲမှု ကောင်းကောင်းဖြင့် ပိုထိရောက်စွာ လည်ပတ်ရန်၊ ဒေါ်အောင်ဆန်းစုကြည် နေရာကို အစားထိုးရန်ဟူသော မေးခွန်းများ၏ အဖြေမှာ တစ်ခုတည်း။ Institutions။ လူပုဂ္ဂိုလ်ဖြင့် အစားထိုး မရနိုင်လျှင် Institutions များကိုသာ အားကိုးရမည်။ Institutions များ ခိုင်မာအောင် တည်ဆောက်ထားလျှင် မည်သူဆက်ခံသည် ဖြစ်စေ တိုင်းပြည်ကို မယိမ်းမယိုင် ရှေ့ဆက်သွားအောင် Institutions များက ပဲ့ကိုင်လိမ့်မည်။ Institutions ဆိုသည်မှာ အဖွဲ့အစည်းများကို လည်းကောင်း၊ အစဉ်အလာ ထုံးတမ်းယဉ်ကျေးမှု ဥပဒေများကို လည်းကောင်း ခြုံငုံသော ဝေါဟာရ ဖြစ်သည်။ အောင်မြင်သော နိုင်ငံများတွင် တိုင်းပြုပြည်ပြု Institutions များ ခိုင်မာတောင့်တင်းကြရာ နိုင်ငံ့အမြင့်ဆုံးထိုင်ခုံတွင် မည်သူတက်ထိုင်သည် ဖြစ်စေ နိုင်ငံသွက်လက်စွာ လည်ပတ်နိုင်သည်။ ဥပမာ - အမေရိကန်ပြည်ထောင်စုတွင် မည်သည့်သမ္မတတက်တက် အခြေအနေကောင်းမြဲ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အကောင်းဆုံးအမွေသည် နိုင်ငံအတွက် တောင့်တင်းခိုင်မာသော Institutions များ ဆောက်ပေးခြင်းသာ။

ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြားဂုဏ်ပုဒ်တစ်ရပ်မှာ ပြောင်းလွယ်ပြင်လွယ်ရှိခြင်း ဖြစ်သည်။ သူသည် အကြောင်းအရာတစ်ရပ်ကို ပိုသိလျှင် သိလာသလို လုပ်နည်းလုပ်ဟန်များကို ပြင်ဆင်ပြောင်းလဲသည်။ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစပြီး သူ၏ လုပ်နည်းလုပ်ဟန်တို့သည် များစွာပြောင်းလဲလာသည်။ လက်ပံတောင်းတောင် ကော်မရှင်တွင် သူပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ပုံသည် သက်သေတစ်ရပ် ဖြစ်သည်။ ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် အလုပ်သဘော ဆက်ဆံရေးများက သူသည် တိုင်းပြည်အတွက်ဟု ယူဆလျှင် မည်သူနှင့်မဆို အလုပ်လုပ်နိုင်စွမ်းကို ဖော်ပြသည်။ သူ၏ ဦးစားပေးဖြစ်သော ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်လည်း နဂိုက ရှိခဲ့သည့် အယူအဆများကို အတွေ့အကြုံ ရလာသည်နှင့်အမျှ ပြောင်းလဲလာသည်ကို မြင်ရသည်။ 

မေးစရာက ထိုလောက်ထိ အချိန်ရမည်လား။ စင်စစ် ယခုထက်ထိ အသက်ရှည်နေခြင်းကိုက သူ့အတွက် အောင်မြင်မှု ဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း ဆုလာဘ်ဖြစ်သည်။ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ စောစောစီးစီး ဆုံးပါးသွားလျှင် ယခုကဲ့သို့ နိုင်ငံ့အထွတ်အထိပ် ရောက်လာမည် မဟုတ်။

သက်တမ်းအရဆိုလျှင်မူ မည်သည့်နှုန်းစံနှင့်ကြည့်ကြည့် ဒေါ်အောင်ဆန်းစုကြည်သည် သက်ကြီးပိုင်းရောက်ပြီ ဖြစ်သည်။ သို့သော် နိုင်ငံရေးသမားများ ထိပ်ဆုံးရောက်ချိန်သည် အားကစားသမားများနှင့် မတူဘဲ အသက်ကြီးပိုင်းမှ ဖြစ်သည့်အတွက် ရွေးချယ်သောလမ်းကြောင်း၏ သဘာဝဟုလည်း ဆိုနိုင်သည်။ ကျန်းမာရေးမှာမူ ဒေါင်ဒေါင်မြည်နေပြီး သူ၏ ထိပ်တန်းလက်ထောက်များထက်ပင် ကျန်းမာရေးကောင်းပုံ ရသည်။ အနောက်တိုင်း သံတမန်တစ်ဦးကမူ “She might be active until 85 who knows?” ဟု ပြောဖူးသည်။ ကျန်းမာရေးကောင်းသည်မှာလည်း မဆန်း။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သူဖြစ်ပြီး နေ့စဉ် တရားထိုင်ခြင်း၊ လမ်းလျှောက်ခြင်းဟူသော အကျင့်ကောင်းတို့သည်လည်း သူ့တွင် စွဲမြဲနေသည်။  

ဒေါ်အောင်ဆန်းစုကြည် အနေနှင့်  မြန်မာပြည်အတွက် မည်သည့်အရာကို ထားရစ်ခဲ့သည်ဖြစ်စေ ယင်းသည် သူ၏  ရွေးချယ်မှုသာဖြစ်ကြောင်း သူ၏ နာမည်ကျော် စကားတစ်ခွန်းက သက်သေခံပေလိမ့်မည်။ 
“လူတွေက ကျွန်မရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို မေးကြတယ်။ ကျွန်မ ဒီလိုပဲဖြေတယ်။ ကျွန်မ ဘာမှ စွန့်လွှတ်အနစ်နာခံခဲ့တာ မဟုတ်ဘူး။ ကျွန်မ ရွေးချယ်ခဲ့တာပါ” 

ဇေယျသူ
ဓာတ်ပုံ - မိုးကျော်လွင်

  • TAGS