News

POST TYPE

ARTICLE

အိပ်မက်ကို အသက်သွင်းသူ
17-Jun-2017 tagged as

အနုပညာပြေးလမ်းပေါ်တွင် သူ ကြိုးကြိုးစားစားဖြင့် မရပ်မနား ပြေးနေပြီ။ သူ့ရည်မှန်းချက်များကို ထုဆစ်ပုံဖော်နေမှုမှာလည်း တဖြည်းဖြည်း ရုပ်လုံး ပေါ်လာပြီဖြစ်သည်။

သီချင်းဆိုနေရလျှင် ထမင်းမေ့ ဟင်းမေ့ ပတ်ဝန်းကျင် တစ်ခုလုံးကိုတောင် သတိမမူမိလောက်အောင် သီချင်းသီဆိုခြင်းအပေါ် သူ ဝါသနာပါလွန်းလှသည်။ သီချင်းနှင့် ကင်းကွာချိန် မရှိအောင်ပင် ဂီတအပေါ် သူရူးသွပ်ခဲ့လေသည်။ ထို့ကြောင့်ပင် မန္တလေးသားသူ့အတွက် ဂီတလမ်းကြောင်းပေါ် လျှောက်ရန် တွန်းအားဖြစ်စေခဲ့သည်။

ထက်အိမ်။ အများက ချစ်စနိုးဖြင့် စည်ပိုင်းဟု ခေါ်ကြသည်။

ထက်အိမ်တွင် မိဘနှစ်ပါး၊ ညီမလေး၊ ညီလေးတို့ရှိပြီး မိဘနှစ်ပါးမှာ လက်ရှိတွင် မန္တလေးပြည်သူ့ ဆေးရုံကြီးက ဝန်ထမ်းများ ဖြစ်သည်။ 

ခြောက်တန်းနှစ်ကတည်းက ဂီတကို စတင် ဝါသနာပါခဲ့သည်ဟု ထက်အိမ်က ဆိုလေသည်။

ကျောင်းတွင် ကျင်းပသော စုံညီပွဲတော်တွင် စင်ပေါ်တက်ကာ မရဲတရဲဖြင့် သီချင်းဆိုရာမှ သူ့ဂီတ ဝါသနာပိုးသည် ထိုအချိန်ကတည်းက စတင်ခဲ့သည်ဟု ဆိုနိုင်သည်။ သီချင်းဆိုနေရလျှင် သူ ပျော်ရွှင်နေတတ်သည်။

အဆိုနှင့်မပြီး။ မိဘများ မသိအောင် ဂစ်တာ တီးခတ်ခြင်းကိုလည်း တိတ်တဆိတ် သင်ခဲ့သည်။ သီချင်းနှင့် ကင်းကွာချိန် မရှိအောင် ဂီတအပေါ် သူ ရူးသွပ်ခဲ့လေသည်။ သီချင်းများ သီဆိုနေရလျှင် လောကကြီးက ပြီးပြည့်စုံနေပြီဟု သူ မှတ်ယူထားသည်။

သို့သော်လည်း ဘဝအတွက် ရုန်းကန်ကြိုးစားရချိန်တွင် ထိုဝါသနာကို ဘေးချိတ်ထားခဲ့ရသည်။ မိသားစု စားဝတ်နေရေးအတွက် အလုပ်များ လုပ်ခဲ့ရသည်။ 
မိသားစုအတွက် ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ရင်း တစ်ဖက်ကလည်း ဝါသနာပါရာ သီချင်းဆိုခြင်းအပြင် သီချင်း ရေးသားခြင်းကိုလည်း ပြုလုပ်နေသော သူ့အတွက် “သီချင်း မဆိုရရင် ပျင်းလာတဲ့အကျင့်တောင် ဖြစ်နေတယ်”ဟု  ရယ်မောစွာ ပြောဆိုလေသည်။

နောက်ပိုင်းတွင် ကုမ္ပဏီအလုပ်ကိုထွက်ကာ သီချင်းဆိုသည့် အလုပ်ကို လုပ်ကိုင်ခဲ့လေသည်။ မန္တလေးမြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် သီချင်း သီဆိုခဲ့သည့်အပြင် ပြင်ဦးလွင်ရှိ စားသောက်ဆိုင်တစ်ခုတွင်လည်း သီချင်း သီဆိုခဲ့သည်။

ထိုအချိန်တွင် ဂီတကို ရူးသွပ်သူ ထက်အိမ်အတွက် ပထမဆုံး အခွင့်အလမ်းက ပေါ်လာလေသည်။ ယင်းမှာ တေးသံရှင် ကိုဝေလ သီချင်းဆိုပြိုင်ပွဲတွင် “မီးတောင်နဲ့ ပင်လယ်ရှိတဲ့အခန်း”သီချင်းဖြင့် ဝင်ပြိုင်ခဲ့ရာ Cover ဆု ရရှိခဲ့လေသည်။ ကိုဝေလ လက်မှတ်ထိုးထားသော ဂစ်တာ လက်ဆောင်ရရှိခဲ့ပြီး သူ့အတွက် ထိုဂစ်တာလေးက တန်ဖိုးမဖြတ်နိုင်သော ဆုဖြစ်ခဲ့သည်။

“ခုထိလည်း ဒီဂစ်တာကို အနှစ်သက်ဆုံး တီးခတ်နေဆဲပါပဲ”ဟု ထက်အိမ်က ဆိုသည်။

သီချင်းဆို ဝါသနာပါသူများအတွက်လည်း ထက်အိမ်က သီချင်းများများ နားထောင်ကာ လိုက်ဖက်သော သီချင်းများကို ခံစားသီဆိုကြရန် အကြုံပြုလေသည်။
ဖြစ်ချင်သည်ကို မဆုတ်မနစ် ကြိုးစားသူတို့အတွက် အခွင့်အရေးတို့သည် လက်တစ်ကမ်းတွင်သာ ရှိနေတတ်သည်။

ထက်အိမ်အတွက် အခွင့်အလမ်းကောင်းတစ်ခု ထပ်မံ ရောက်ရှိလာပြန်သည်။ ယင်းမှာ အိပ်မက်ဆုံရာ ရာသက်ပန် သီချင်းဆိုပြိုင်ပွဲ ဝင်ပြိုင်ရန် လမ်းစပေါ်လာခြင်းပင်။

ကင်မရာကြောက်သော ထက်အိမ်အတွက် ထိုပြိုင်ပွဲကို ဝင်ပြိုင်ရကောင်းနိုး မပြိုင်ရကောင်းနိုး ဝေခွဲမရဖြစ်နေခဲ့သည်။ သို့သော်လည်း ပြိုင်ပွဲကို ဝင်ပြိုင်ရန် မိဘများက တွန်းအားပေးခဲ့ရာမှ သူ ဝင်ပြိုင်ဖြစ်ခဲ့သည်။

“ပြိုင်ပွဲမှာ အမှတ်ရဆုံး အဖြစ်အပျက်က စပြိုင်တဲ့ Audition တုန်းက အဖေက အပြင်မှာ ရှိနေခဲ့တော့ အရွေးမခံရရင် အဖေ စိတ်မကောင်းမှာစိုးလို့ အဖေ့အပေါ် စိုးရိမ်နေတာ ပိုများခဲ့ပါတယ်}ဟု ပြိုင်ပွဲ အမှတ်တရကို ပြန်ပြောင်းပြောဆိုသည်။

ကင်မရာကြောက်သူ ထက်အိမ်တစ်ယောက် အရဲစွန့်ပြိုင်ပွဲဝင်ရကျိုးနပ်လေပြီ။ သို့သော်လည်း မန္တလေးသား သူ့အတွက် ရန်ကုန်မြို့တော်ကြီးသည်  သူစိမ်းဆန်လှသည်။

“ကျွန်တော်နဲ့တူတူ Top 10 ထဲဝင်ခဲ့တဲ့ ကိုဇာနည်ရဲ့ အဘွားအိမ်မှာ နေခဲ့ရတာပါ။ ဒီနေရာကနေ အဘွားကိုလည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေကတော့ အရမ်း ကူညီကြပါတယ်။ သူတို့ကြောင့်ပဲ အားတက်ခဲ့ရတာပါ”ဟု ထက်အိမ်က ဆိုသည်။

နေထိုင်စားသောက်ရေး အခက်အခဲများကို ကြိုးစားဖြေရှင်းရင်း အိပ်မက်ဆုံရာ ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ရာ ခက်ခဲသော အဆင့်ပေါင်း များစွာကို အသံအား ကောင်းကောင်းဖြင့် သီချင်းကောင်းများကို သီဆိုရင်း သူ အောင်မြင်စွာ ကျော်ဖြတ်ခဲ့သည်။

“အမျိုးလို ချစ်ရတဲ့ ပရိသတ်တွေ မျက်နှာငယ်မှာ စိုးမိပါတယ်။ သူတို့အတွက်လည်း ပိုကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်”ဟု ထက်အိမ်က ဆိုသည်။

ယခု ဇွန်လ ၁၇ ရက်နေ့တွင် ကျင်းပမည့် Grand Final  ပွဲကြီးသို့ တက်ရောက်ခွင့်ရသော ပြိုင်ပွဲဝင် လေးယောက်တွင် ပရိသတ်ပေးသော မဲအများဆုံးဖြင့်  သူ ဝင်ပြိုင်ရတော့မည်ဖြစ်သည်။

ပထမဆုသည် သူ့လက်တစ်ကမ်းသို့ ရောက်ရှိလာလေပြီ။ 

“ပြည်သူတွေနဲ့ တစ်သားထဲကျတဲ့ အနုပညာရှင် ဖြစ်ချင်ပါတယ်။ ကျွန်တော် ခဏခဏ ပြောခဲ့သလို ဒီအလုပ်ကိုချစ်လို့ ဆက်လုပ်သွားဦးမှာပါ”။

ဇွန်ပွင့်ဝေ

  • TAGS