News

POST TYPE

ARTICLE

ရီထွေး ဓမ္မာရုံ
17-Jun-2017 tagged as


အမည်ဆန်းသည့် ဓမ္မာရုံတစ်ခု မြင်းခြံမြို့တွင် တည်ရှိသည်။ အမည်ဆန်းသလို လှူဒါန်းခဲ့ပုံကလည်း ဆန်းပါသည်။ 

အလှူရှင်တို့က သာမန်တောသူ တောင်သားတို့ ဖြစ်ကြသည်။ မြင်းခြံမြို့တွင် နေထိုင်သည့် ဦးရီ၊ ဒေါ်တင်ထွေးတို့ ဇနီးမောင်နှံ၏ စိတ်တူကိုယ်တူ အလှူဒါနတစ်ခု ဖြစ်သည်။ 

ငွေကြေးချမ်းသာသဖြင့် လှူသည့် အလှူတော့မဟုတ်၊ လှူချင်စိတ် ပြင်းပြမှုကြောင့် ဖြစ်ပေါ်လာသည့် စိတ်ဖြင့်လှူသည့် အလှူတစ်ခုပင်ဖြစ်သည်။ ထိုအလှူက မြင်းခြံမြို့ ချောင်းဒေါင်းတောင်ရွာ (ယခုအမှတ် ၂၀ ရပ်ကွက်) တွင် ရှိသည်။ 

“လှူဖြစ်တဲ့အကြောင်းကတော့ ငယ်ငယ်ကျောင်းသားဘဝတုန်းကလည်း ဒီကျောင်းမှာ နေခဲ့ရတာကိုး။ နောက်ဘုန်းကြီးကလည်း အသက်ကြီးတော့ ကျောင်းရှိပေမယ့် ဓမ္မာရုံ မရှိသေးတော့ ဆောက်ချင်တယ်ကွာဆိုတာနဲ့ ကြိုးစားရတာပေါ့။ တောင်သူ လုပ်ရင်း ကြိုးစားရတာပေါ့။ ငွေစုတယ်။ မပြည့်နိုင်တော့ ကြာတယ်”ဟု အဆိုပါဓမ္မာရုံ၏ အလှူရှင် အသက် ၈၃ နှစ်အရွယ် အဘိုးဦးရီက ထန်းပလပ်ထိုင်ခုံပေါ်ထိုင်ရင်း သူ၏အလှူအကြောင်းကို အကျဉ်းချုံ့၍ ပြောပြသည်။
 
ချောင်းဒေါင်း ပရိယတ္တိ စာသင်တိုက်၏ နာယကဆရာတော်မှာ ဦးရီ၏အစ်ကို တော်စပ်ပြီး ဆရာတပည့်လည်း ဖြစ်ကြသဖြင့် အစ်ကိုဆရာတော်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုခြင်းလည်း ဖြစ်သည်။
 
“ဆောက်ပြီးတော့ စိတ်ချမ်းသာသွားတာပေါ့”

ထိုဓမ္မာရုံ ဖြစ်ပေါ်လာရေးသည် လွယ်ကူခဲ့သည်တော့ မဟုတ်။ မိရိုးဖလာ တောင်သူ အလုပ်အကိုင် လုပ်ကိုင်ကြသူများဖြစ်၍ မချမ်းသာ၊ ငွေကြေးအပိုမရှိ။ သူတို့တွင်ရှိသည်က လှူချင်စိတ်တစ်ခုသာ ဖြစ်သည်။ 

“ဒီဓမ္မာရုံ ဆောက်လုပ်ဖို့ ဆရာတော်ကြီးက ဆန္ဒရှိတယ်။ မူလဒကာက ဆောက်လုပ်ဖို့ ပျက်သွားခဲ့တယ်။ ဒီတော့ အမေကြီးတို့က ဆရာတော်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးချင်တယ်။ လှူနိုင်ရင် ကောင်းမှာပဲဆိုပြီး လှူပါရစေလို့ အမြဲဆုတောင်းတယ်။ အဲလိုနဲ့ ဆုတောင်းပြည့်ခဲ့တယ်ပေါ့”ဟု အသက် ၈၀ ရှိပြီဖြစ်သည့် အလှူရှင်အဘွား ဒေါ်တင်ထွေးက ဆိုသည်။

ချမ်းသာ၍ လှူခြင်းမဟုတ်ဘဲ ကုသိုလ်ကံကြောင့်သာ လှူဒါန်းနိုင်ခဲ့သည့် အလှူရှင်တို့မှာ မြင်းခြံမြို့ ချောင်းတောင်းတောင်ရွာဇာတိဖြစ်ပြီး လက်ရှိတွင် မြင်းခြံ မြို့အဝင် ယာခင်းအနီးတွင် သားသမီးတို့နှင့်အတူ ထန်းလက်တဲဖြင့် နေထိုင်ကြရသူများဖြစ်သည်။ ထိုနေအိမ်ကို ပြန်လည် ပြုပြင်တည်ဆောက်ခြင်း မပြုဘဲ သံသရာ အကျိုးများစေမည့် အလှူကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ 

“လှူချင်လိုက်တာ၊ လှူချင်လိုက်တာဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမြဲအောက်မေ့ပြီးနေတယ်။ အိမ်ဝင်းမြေလေး ရောင်းလိုက်တာ (ကျပ်) သိန်းသုံးရာ ရတာနဲ့  သမီး စုထားတာနဲ့ တောင်သူက ရတာနဲ့ ဒီလိုပဲ ဆောက်ဖြစ်တာ။ အဲဒီငွေက အမေတို့ အိမ်ဆောက်ရင်ရတယ်။ မဆောက်ဘူး”ဟု အဘွားဒေါ်တင်ရီက ခေါင်းခါလျက် ပြောပြနေသည်။

ဓမ္မာရုံ ဆောက်လုပ် လှူဒါန်းလိုသော်လည်း လက်ထဲတွင် ငွေကြေးမရှိသဖြင့် အဘွားဒေါ်တင်ထွေးမှာ အိပ်ရာဝင် အိပ်ရာထအချိန်တွင် မန္တာန်ရွတ်ဖတ်သလို ညည်းညူခဲ့ရသည်က “ကျောင်းဆောက် ချင်လိုက်တာ”ဟူ၍ ဖြစ်သည်။

သမီးလတ်ဖြစ်သူ ဒေါ်မြမြဝေမှာ မူကြိုကလေးငယ်များကို စာသင်သည့် အလုပ်လုပ်ပြီး စုဆောင်းထားသည့်ငွေ အနည်းငယ်ဖြင့် ဇရပ်ဆောက်ပေးမည်ဟု  ပြောဆိုသော်လည်း ဇရပ်ဆောက်လျှင် ကိုရင်များ၊ ဦးဇင်းများ စာသင်စာချချိန်တွင် အဆင်မပြေ ဖြစ်မည်စိုးသဖြင့် လုံခြုံသည့် အဆောက်အအုံ (ကျောင်း) ကိုသာ  ဆောက်လုပ်ချင်ခဲ့ကြောင်း အဘိုး ဦးရီက ပြောသည်။ 

ထိုသို့ ကျောင်းဆောက်လုပ်လှူဒါန်းချင်သည့် စိတ်ဆန္ဒ ပြင်းပြနေချိန်တွင် အဘိုးကော အဘွားပါ နှစ်ဦးစလုံး အနေဆိုး (နေမကောင်း) ဖြစ်သွားကြသည်။ ရန်ကုန်မြို့အထိ ဆေးကုသမှုခံရသည်အထိ ဖြစ်ခဲ့သည်။ 

“နှစ်ယောက်စလုံး အဲလိုဖြစ်သွားကြတော့ မတော်တဆ ဆုံးပါးသွားခဲ့ရင် သူတို့ဖြစ်ချင်တဲ့ဆန္ဒကို မဖြည့်လိုက်ရမှာ ကြောက်တယ်။ မောင်နှမတွေ တိုင်ပင်ပြီး နေတဲ့အိမ်ကို ရောင်းကြတယ်။ တော်တော်နဲ့တော့ ရောင်းမထွက်ဘူး”ဟု ဒေါ်မြမြဝေက ကျောင်းဆောက်လုပ်ရန် မြန်မြန်ဖြစ်ပေါ်လာပုံကို ပြောပြသည်။

ကျောင်းဆောက်လုပ်ဖြစ်ရန်အတွက် ရည်စူးသည့်အချိန်မှ အကောင်အထည် ဖော်ဖြစ်သည့် အချိန်အထိ သုံးနှစ်ခန့် ကြာမြင့်ခဲ့သည်။ မိဘနှစ်ပါး၏ဆန္ဒကို ကြည်ညိုမိသော်လည်း ဆင်းရဲသော တောသူတောင်သားများဖြစ်ကြသဖြင့် မည်သို့လုပ်ဆောင်ပေးရမည်ကို မသိရှိသည့်အတွက် ပူလောင်မှုဝေဒနာ ခံစားခဲ့ရကြောင်း ဒေါ်မြမြဝေက ဆိုသည်။
 
သို့သော်လည်း မြေကွက်ရောင်းထွက်သွားပြီး သူမ စုဆောင်းထားသည့် ငွေတို့ဖြင့်စုပေါင်းကာ ကျောင်း (ဓမ္မာရုံ) ကို စတင် ဆောက်လုပ်ခဲ့သည်။ အသုံးပြုသည့် ပစ္စည်းများကိုလည်း ကိုယ့်အိမ် ဆောက်လုပ်သလိုပင် ကောင်းပေ့ဆိုသည့် ပစ္စည်းများကို ထည့်ခဲ့သည်။ အကုန်အကျ နည်းပါးစေရန် ဈေးသက်သာသည့် ပစ္စည်းများ မသုံး။ ဈေးသက်သာတာ သုံးလျှင် အဆောက်အအုံ ရေရှည်မခံမည်ကို အလှူရှင်မိသားစုက စိတ်ပူခဲ့သည်။

ပြီးစီးသွားသည့် အဆောက်အအုံကို ကြည့်ရသည်မှာ ဂိုဒေါင်ကြီး တစ်လုံးနှင့် တူနေသဖြင့် ဘုံပြဿာဒ်၊ ပန်းဆွဲ စသည်တို့ ထည့်ရန် စိတ်ကူးမိသည်။ ကျောင်းတစ်ဆောင်လုံးအတွက်ဆိုလျှင် အဆောက်အအုံ တစ်ခုစာ ကျပ်သိန်းတစ်ရာဝန်းကျင်ခန့် ကုန်ကျနိုင်သဖြင့် ထပ်မထည့်ရန် တိုက်တွန်းမှုများ ရှိသော်လည်း ကုန်မှာ ကြောက်လျှင် လှူမည်မဟုတ်ဟုဆိုကာ ပြုလုပ်ခဲ့ကြောင်း ဒေါ်မြမြဝေက ကျောင်းဆောင်ကို ကြည့်ရင်း ရှင်းပြသည်။ 

ကျောင်းဆောင် ဆောက်လုပ်ပေးသည့် ပန်းရံဆရာများ၊ ပန်းဆွဲပြုလုပ်တတ်သည့် ပညာရှင်တို့ဖြင့် ခဲပြားများကို ထုရိုက်ကာ ဆေးဆိုးပြီး ပြုလုပ်လိုက်သောအခါ  ကျပ် ၃၅ သိန်းခန့်သာ ကုန်ကျသွားတော့သည်။ စေတနာအလျောက် အကျိုးပေးသည်ဟုဆိုကာ ပျော်ရွှင်ခဲ့ရသည်။ ကျောင်းဆောင်ကို လာကြည့်သူတိုင်းက ကျေနပ်ကြသဖြင့်လည်း ပို၍ ပီတိဖြစ်ခဲ့ရပြန်သည်။ 

“ဖေဖေ၊ မေမေတို့ မအိပ်မနေ ဆုတောင်းခဲ့တဲ့ ဆုတောင်းပေါ့။ ဆုတောင်းပြီးတော့ စိတ်နဲ့ ဆောက်တဲ့ကျောင်းပါ။ ငွေနဲ့ မဟုတ်ဘူး။ စိတ်နဲ့ ဆောက်တာ။ ဆင်းရဲတဲ့ မိသားစု၊ ဆင်းရဲတဲ့ မိဘရဲ့ဆန္ဒကို ဖြည့်ဆည်းရတဲ့ ဆင်းရဲတဲ့ သားသမီးရဲ့ ဝန်ဆောင်မှုကလည်း နည်းနည်းတော့ ပင်ပန်းပါတယ်။ တကယ် ပင်ပန်းပါတယ်။  မရှိဘဲနဲ့ ဖြစ်ချင်နေတာကိုး”

အဘိုး ဦးရီမှာ ကျပ်သိန်းသုံးရာတန် ဓမ္မာရုံ တည်ဆောက်မည်ဟု ကနဦး ရည်မှန်းထားသော်လည်း လက်ရှိတွင် “ရီထွေး ဓမ္မဗိမ္မာန်”အတွက် ကျပ်သိန်းကိုးရာကျော်ခန့် ကုန်ကျနေပြီဟု ၎င်းတို့ကဆိုသည်။ သို့သော် မပြီးစီးသေး။ 

အဆိုပါ ချောင်းဒေါင်း ပရိယတ္တိ စာသင်တိုက်တွင် စာချဆရာတော် ရှစ်ပါးနှင့် စာသင်သား တစ်ရာကျော်တို့ သီတင်း သုံးကြသည်။ ထိုသံဃာတော်များအတွက်  စားပွဲ၊ ဗီရို၊ ကွန်ပျူတာ၊ စာချရာတွင် လိုအပ်သည့်ပစ္စည်း စသည်တို့ကို ထပ်မံ ဖြည့်ဆည်းပေးရန်အတွက် စိတ်ကူးနေကြဆဲ ဖြစ်သည်။ 

“ဆရာမ ခံယူချက်က မေမေတို့ ဖေဖေတို့မရှိမှ သူတို့ပိုင်ဆိုင်မှုကို သူတို့ဆန္ဒအတိုင်း ကျောင်းဆောက်ပြီးတော့ အမေရေ အမျှအမျှ၊ အဖေရေ အမျှအမျှဆိုလို့ ဘယ်နားနေမှန်း မသိဘူး။ ရချင်မှ ရမှာ။ အခုကျတော့ သူတို့ကိုယ်တိုင် ရေစက်ချပြီး လှူခဲ့တော့ ပါသွားပြီ။ အဲဒါလေးကိုပဲ စိတ်ချမ်းသာတယ်”ဟု အသက် ၅၆ နှစ်အရွယ် ရှိနေပြီဖြစ်သည့် ဒေါ်မြမြဝေက သူ့ဆန္ဒတစ်ခုကို ပြောပြနေသည်။

တောင်သူဘဝမှ သိန်းရာချီတန်သည့် အလှူဒါနတစ်ခု ပြုခဲ့နိုင်မှုအပေါ် အဘွားဒေါ်တင်ထွေးက ယခုကဲ့သို့ ပီတိစကားဆိုသည်။ 

“ပြောမပြနိုင်လောက်အောင် ဝမ်းသာတာပေါ့ သားရယ်။ ကိုယ့်ဘဝနဲ့ မမျှော်လင့်ခဲ့တာ အောင်မြင်သွားတော့ ဝမ်းသာတာပေါ့။ ဒါပါပဲ”

ချမ်းသာသူ အချို့မှာ မစွန့်လွှတ်နိုင်ကြကြောင်း၊ မိမိတို့အနေနှင့် ဝိပဿနာ သဘောကို နှလုံးသွင်းကာ သေရာပါမည့် အလှူဒါနကိုသာ အာရုံပြုခဲ့ကြောင်း အဘွား ဒေါ်တင်ထွေးက ဆိုနေသည်။ 

လက်ရှိတွင်မူ ကျန်းမာရေး အခြေအနေအရ မူလနေထိုင်ရာ မြေစိုက်ထန်းလက်တဲမှ ခေတ္တ ပြောင်းရွှေ့ကာ လှူဒါန်းထားသည့် ကျောင်းဆောင်ကြီးအတွင်း  လာရောက် နေထိုင်နေသည်။ ကျန်းမာရေး ကောင်းမွန်လျှင် မူလနေရာသို့ ပြန်မည်ဟု ဆိုသည်။

ရီထွေး ဓမ္မဗိမ္မာန်ကို ၁၃၇၇ ခုနှစ်ခန့်က စတင်တည်ဆောက်ခဲ့ပြီး လက်ရှိတွင် အဆောက်အအုံ တစ်ခုလုံး ပြီးစီးနေပြီ ဖြစ်သော်လည်း ရေစက်မချရသေးပေ။စာသင်သားတို့အတွက် လိုအပ်သည့် ပရိဘောဂတို့ကိုလည်း လုပ်ဆောင်ပေးချင်နေသေးသည်။ 

လှူဒါန်းထားသည့် အလှူဒါနကို ပြီးပြတ်စေလိုသည့်ဆန္ဒဖြင့် အဘွား ဒေါ်တင်ထွေးက ယခုလို ပြောလိုက်သည်။

“တောင်သူအလုပ်အတွက် လယ်မြေ ငါးဧကခန့် ရှိသေးတယ်။ ကိုယ်တိုင်တော့ မလုပ်နိုင်တော့ဘူး။ သားသမီးတွေ လုပ်ကြမယ်။ အလှူက ရေစက်လည်း မချရသေးဘူး။ ကျန်တဲ့မြေလေးတွေ ထုခွဲရဦးမှာလေ။ ဈေးလည်း တည့်တဲ့အခါကျမှ ရေစက်ချရမှာ”

မြတ် (ကလေး)

  • TAGS