News

POST TYPE

ARTICLE

တတိယကမ္ဘာက ဒုတိယ အရေပြား
17-Jun-2017 tagged as


မီးရထား တိုက်တန်းပေါ်က အလင်းရောင်များ တိုက်တန်းလေးရှေ့က လေဘေး အထည်ဆိုင်တန်းပေါ် ကွက်တိကွက်ကြား ဖြာကျနေသည်။ မီးစက်နှိုးပြီး ဖွင့်ထားသော မီးချောင်းမီးရောင်တွေကြား လေဘေးဟုခေါ်သည့် အဟောင်းထည်ဆိုင်လေးများက ညအမှောင်ကို အန်တုပြီး ဈေးဝယ်ခေါ်လို့ ကောင်းတုန်း။ ထိုဈေးလေးသည် မကြာသေးခင် သုံးနှစ်ခန့်ကမှ မန္တလေးမြို့ ၇၇ လမ်း ဘူတာကြီးအနီး ပေါ်ပေါက်လာသော အဟောင်းတန်းဈေးလေးဖြစ်သည်။

စားဝတ်နေရေး အခြေခံ လိုအပ်ချက်များအတွက် အခြေခံလူတန်းစား မန္တလေးသူ၊ မန္တလေးသားအချို့ အားကိုးစရာသည် လေဘေးထည်ဟုခေါ်သော ဘေထုပ်ထည်များပင်။ ၁၉၆၈ ခုနှစ်တွင် လူပေါင်း ၈၃၇ ဦးအထိ သေဆုံးခဲ့ရသည့် ရခိုင်ပြည်လေဘေးဖြစ်စဉ်က နိုင်ငံအသီးသီးမှ လှူဒါန်းလိုက်သော အဝတ်အထည်များမှ စတင်၍ဖြစ် လာသည့်ဈေးကွက်မို့ လေဘေးထည်ဟုလည်း ခေါ်ကြသည်။

အဝတ်ထုပ်ဟု အဓိပ္ပာယ်ရသည့် အင်္ဂလိပ်စာလုံး Bale မှ လာသောကြောင့် ဘေထုပ်ဟုလည်း ခေါ်ကြသည်။ တချို့ကလည်း ဖျာခင်းပြီး ဖျာပေါ်ပုံရောင်းသော  အထည်ဖြစ်သောကြောင့် ဖျာပုံထည်ဟု ခေါ်သည်။ လေဘေးဟုခေါ်ခေါ်၊ ဘေထုပ်ဟု ခေါ်ခေါ်၊ ဖျာပုံထည်ဟုခေါ်ခေါ် ထိုစကားလုံးများ၏ အဓိပ္ပာယ်သည် တစ်ပတ်ရစ် အဝတ်အထည်ဟောင်းများကိုသာ ခေါ်ခြင်းဖြစ်ကြောင်း အားလုံးက နားလည်ကြသည်။

မန္တလေးတွင် လေဘေးဈေးကွက် ပေါ်ပေါက်လာသည်မှာ ၁၉၆၈ ခုနှစ်ဝန်းကျင် နှစ်များကတည်းကဆိုတော့ ယခုဆိုလျှင် နှစ်ပေါင်း (၅၀) နီးပါးရှိခဲ့ပြီ။ “လေဘေးအစ အိမ်တော်ရာက”ဟူသည့်အတိုင်းပင် လေဘေးအထည်တို့၏ မူလဈေးကွက်အစသည် အိမ်တော်ရာ ဘုရားမှာ သန္ဓေတည်ခဲ့သည်။ အိမ်တော်ရာဘုရားဝင်းအတွင်းနှင့် ဘုရားဝင်း အပြင်ဘက်ဆိုင်တန်းများသည် ဘေထုပ်သည်တို့၏ ကျက်စားရာပင်။ ဆိုင်ခန်းနှင့် ဖွင့်ရောင်းသူများ၊ လှည်းနှင့် တင်ရောင်းသူများ၊ ဘေထုပ် ဝယ်သူများသည် အိမ်တော်ရာဘုရားတွင် ခြေရာချင်း ထပ်ခဲ့ကြသည်။

၁၉၉၁ ခုနှစ်တွင်တော့ ၁၉ လမ်း ရွှေတချောင်းမြောင်းဘေးရှိ ညောင်ပင်ဈေးကို ၁၉ လမ်း မြောက်ဘက်အထိ တိုးချဲ့ပြီး ထိုဈေးသစ်နေရာတွင် အဟောင်းတန်း အထည်ဆိုင်များအတွက် နေရာပေးခဲ့သည်။ ထိုအချိန်မှစ၍ ညောင်ပင်ဈေးသည် အထည်ဟောင်းတန်းဟု နာမည်ကျော်လာခဲ့သလို မန္တလေးတစ်မြို့လုံး၏ အကြီးမားဆုံးသော အထည်ဟောင်း ဈေးကွက်ကြီး ဖြစ်လာခဲ့သည်။

အကျယ်အဝန်းအားဖြင့် မန္တလေးအခေါ် တစ်ပြပတ်လည်ရှိ အုတ်ခံသွပ်မိုး တစ်ထပ်ဈေးလေးသည် အဝတ်အထည်များကို ဈေးချိုချိုနှင့် လိုချင်သူများအတွက်  အားကိုးရာတစ်ခုပင်။ ရွှေတချောင်းမြောင်းဘေးရှိ ထိုဈေးကလေးသည် အမြင်အားဖြင့် မတင့်တယ်လှသော်လည်း အထဲတွင်တော့ အဝတ်အထည်မျိုးစုံ၊ အိတ်၊ စောင်၊ အိပ်ရာခင်း၊ ဦးထုပ်၊ မာဖလာအပြည့်နှင့် စိတ်ဝင်စားစရာ ဈေးကွက်ကြီးတစ်ခု ဖြစ်နေသည်။

ယခုအခါတော့ ညောင်ပင်ဈေး တင်သာမက မန္တလေးမြို့အနှံ့ ပျံကျဈေး တော်တော်များများမှာ လေဘေးထည် အသည်တွေ တွေ့နိုင်သည်။ တချို့ဈေးတွေမှာတော့ တစ်ဆိုင်စ နှစ်ဆိုင်စမို့ သိပ်ပြီး ရွေးချယ်စရာ မရှိလှ။ ဈေးကလည်း နေ့ခင်းပိုင်းတွင်မှ ဖွင့်သည်မို့ ရုံးတက်၊ ကျောင်းသွားသူတွေ လာရောက် လည်ပတ်ဖို့ သိပ်အဆင်မပြေတတ်။

ဘူတာကြီးတိုက်တန်း လေဘေး ဈေးလေးကတော့ ည ၁၀ နာရီခန့်ထိ ဖွင့်သည်မို့ ညခင်း အပန်းပြေလမ်းလျှောက်ရင်း အထည်ဝယ်ကြသော မိသားစုတွေ အခြေခံ လူတန်းစားတွေ ရှိသည်။ သည်ရပ်ကွက်၊ သည်ဈေးတန်း၊ သည်လူတွေချည်း ဘာမှ အားနာနေစရာ မျက်နှာပူနေစရာမရှိ။ ဒီတော့လည်း ဈေးကွက် လိုအပ်ချက်အရ ဘူတာ တိုက်တန်းအထည်ဟောင်း ဈေးလေး ပီပြင်စွာ ဖြစ်တည်လာသည်။

သည်ဈေးလေးသို့ ရောက်သော အထည်များသည် ကုန်းတစ်တန် ရေတစ်တန် ကျော်ဖြတ်ပြီးမှ ဈေးတန်းလေးထဲ ရောက်လာသည်ဆိုလျှင် အံ့ဩသွားမည် ထင်ပါသည်။ အမေရိကန်၊ ဖိလစ်ပိုင်၊ ကိုးရီးယား၊ ဂျပန်၊ တရုတ်စသော နိုင်ငံခြားမှ တစ်ပတ်ရစ် အဝတ်အထည်မျိုးစုံတို့သည် ကွန်တိန်နာကြီးများနှင့် ရေကြောင်းမှတစ်ဆင့် ဝင်ရောက်ပြီး ပြည်ကျော်ဈေး၊ ၁၆ လမ်းတို့ရှိ လေဘေးဒိုင်များသို့ ဦးစွာ ရောက်သည်။ ဒိုင်များက ရောက်လာသမျှ အဝတ်အထည်များကို ကျားဝတ်၊ မဝတ်၊ ကလေးဝတ်၊ ဘောင်းဘီ၊ စကတ်၊ ဦးထုပ်၊ အိတ်၊ စောင်၊ အိပ်ရာခင်း၊ စသဖြင့် အထုပ်များခွဲပြီး ကြေးနန်းကြိုးနှင့် ချည်ပြီးပိတ်သည်။

လူကြိုက်များသည့် အချို့သော နာမည်ကြီး၊ ဈေးကွက်ရ တံဆိပ်များ၊ အထည်အသန့်များကို “ခေါင်ထည်”ဟုဆိုကာ သီးသန့် ထုပ်သည်။ ထိုခေါင်ထုပ်သည် လေဘေးထုပ်များထဲတွင် ဈေးအကြီးဆုံးပင်။ ထိုခေါင်ထုပ်များကို လက်ကား ပြန်ရောင်းမည့် လေဘေးဈေးသည်တို့က သူ့ထက်ငါဦးအောင် လုပြီးဝယ်ရသည်။ ခေါင်ထုပ်ထဲမှ အထည်များသည် တစ်ထည်ကို တစ်သောင်းခန့်တော့ ရောင်းရသည်ချည်းမို့ တွက်ခြေကိုက်သည်။

လေဘေးဈေးကွက်၏ ထုံးစံအရ လက်ကားဈေးသည်တို့သည် ဒိုင်ထံမှ ဝယ်ယူသမျှ လေဘေး အထုပ်တိုင်းအတွက် ငွေလက်ငင်းရှင်းရန် မလိုအပ်သော်လည်း ခေါင်ထုပ်အတွက်ကိုတော့ လက်ငင်းရှင်းနိုင်မှ ဒိုင်က ချပေးတတ်သည်။ ပါကင်ပိတ်၊ ကြေးနန်းတုပ်ထားသော ဘေထုပ်များကို ဖွင့်ကြည့်ခွင့် မရှိဘဲ ကျားဝတ်၊ မဝတ်၊ ကလေးဝတ် စသဖြင့်သာ ပြောပြီးရသည့် အထုပ်ယူရသည်။ ထို့ကြောင့် ဒိုင်ထံမှ လက်ကားဝယ်သူတို့အတွက် ကံကလည်း ကောင်းမှ အထည်ကောင်းကို ရတတ်သည်။

ထိုရလာသော ဘေထုပ်များကို ဆိုင်တန်းထဲမှာခင်းပြီး မျိုးတူရာစုချိတ် ရောင်းရသည်။ တချို့သော အထည်များကို လိုအပ်လျှင် လျှော်ဖွတ်၊ မီးပူတိုက်ထားရသည်။ သို့မှသာ ဈေးကောင်းရတတ်သည်ကိုး။ တချို့ ဖောက်သည်များကလည်း တစ်ခါဝယ်လျှင် အထည်ဆယ်ချီ၊ ရာချီ ဝယ်ပြီး လိုအပ်သည့် နေရာများကို ပြန်လှူတတ်ကြသည်မို့ ထိုသို့ ဝယ်သူများအတွက်ဆို ဈေးလျှော့ပေးတတ်သည်က လေဘေးဈေး၏ ချစ်စရာဓလေ့ တစ်ခုပင်။ ၂၀၁၅ ရေဘေးတုန်းကဆိုလျှင် လေဘေးဒိုင်များမှ  အထည်ဟောင်းများ မြန်မာပြည် အရပ်ရပ်သို့ တင်ပို့ခဲ့ရသည်။

ဘေထုပ်တစ်ထုပ်လျှင် အထည် ၈၀-၁၀ဝ ခန့်သာ ပါတတ်ပြီး တစ်ထုပ်လျှင် ငွေရင်း သုံးသိန်းလောက် ရင်းရသည်။ အထည်ကောင်းပါလျှင်တော့ ဈေးတင် ရောင်းနိုင်ပြီး အထည်တွေ မကောင်းလျှင်တော့ အထည်တွေက ဆိုင်ပေါ်တင် အိပ်နေသဖြင့် အရောင်း ပါးလာတတ်သည်။ ထိုသို့ အရောင်းပါးလာလျှင် တွန်းလှည်းသည်ဟုခေါ်သော လက်တွန်းလှည်းနှင့် ရပ်ကွက်တကာ လေဘေးထည် လှည့်ရောင်းသူများကို တစ်ဆိုင်လုံး ပုတ်ပြတ်စနစ်၊ တစ်ထည်ကို ၂၀ဝကျပ် ဈေးဖြင့် ပြန်ချ ရောင်းပေးရသည်။

ထိုဈေးပေါပေါ အထည်လေးများကို လမ်းထဲ ရပ်ကွက်ထဲမှာ တစ်ထည် ၅၀ဝ နှင့် သူ့ထက်ငါ အလုအယက် ဝယ်တတ်ကြသည်။ လေဘေးထည်ဆို၍ ငွေကြေး မတတ်နိုင်သော သူများသာ ဝယ်သည့်ပစ္စည်းဟု ထင်လျှင် မှားသွားနိုင်သည်။ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ထားစဉ် ကာလများက လေဘေး အထည်ဈေးကွက်သည် ရုပ်ရှင်မင်းသား မင်းသမီးများပင် ဝယ်ယူရသော ဈေးကွက်ဖြစ်ခဲ့ဖူးသည်။ ရုပ်ရှင်သရုပ်ဆောင်များအဖို့ လိုချင်သော နာမည်ကြီးတံဆိပ် အဝတ်အထည်များကို ဈေးသက်သက်သာသာနှင့် ရနိုင်သည်မို့  လေဘေးထည်များက အလွန် အဆင်ပြေခဲ့သည်။ ယခုထက်ထိပင်လျှင် ရုပ်ရှင်လောက အသိုင်းအဝိုင်းမှ လူအချို့ လေဘေးထည်နှင့် မကင်းနိုင်သေးပေ။

နာမည်ကြီး တံဆိပ်အထည်များထဲမှ အကောင်းကို ကြိုက်နှစ်သက်ကြသော သူများအတွက် လေဘေးလက်ကား ဈေးသည်များသည် သူတို့ဖောက်သည်ကို  ဖုန်းနံပါတ်တွေ၊ ခါးနံပါတ်တွေ မှတ်သားထားပြီး အထည်ကောင်းများ ရောက်လာလျှင် ဖုန်းဆက်တတ်ကြသည်။ ထိုဝယ်သူများထဲမှာ ငွေကြေးတတ်နိုင်သောသူတွေလည်းပါသည်။ သို့သော် ပစ္စည်းကောင်း အရည်အသွေးကို သိနေသူအဖို့ လေဘေးထည်ဟူသော စကားလုံးသည် စိတ်ကသိကအောက်ဖြစ်စရာ မဟုတ်တော့။

လေဘေးထည်တို့သည် နိုင်ငံခြားမှ လူများ၏ တစ်ပတ်ရစ် အဝတ်အဟောင်းများပါသလို တချို့လည်း လုံးဝကို အစွန်းအထင်း အနာအဆာ မရှိသော အထည်သန့်များ ရှိတတ်သည်။ ယူတတ်မှရ၊ ဆင်တတ်မှ လှ ဆိုသလိုပင် လေဘေးထည်တို့သည် ရွေးနိုင်မှ၊ ကိုယ်လိုချင်သည့် အဆင်ဒီဇိုင်း ရတတ်သည်။ အထည်အသစ် အရောင်းဆိုင်များလို လိုချင်သည့်ဆိုဒ်၊ လိုချင်သည့် အရောင်ပြောပြီး ရှာခိုင်း၍ မရတတ်သောကြောင့် လေဘေးထည်ဆိုလျှင် ရှာနိုင်မှ  တော်ကာကျသည်။
 
ထို့ကြောင့်ပင် လေဘေးထုပ် တစ်ထုပ် ဖွင့်ချပြီဆိုလျှင် သူ့ထက်ငါ အလုအယက် ရှာဖွေကြရသည်။ ကြိုက်တာတွေ့လျှင် လက်တစ်ဖက်နှင့်ပိုက် ရင်ခွင်ထဲ ထည့်ပြီး နောက်လက်တစ်ဖက်က အလျင်မီအောင် မွှေနှောက် လှန်လှောရသည်။ ပြီးလျှင်တော့ ဘယ်နှထည်ဟုဆိုကာ ဆိုင်ရှင်ထံ စာရင်းရှင်းရုံပင်။ ဈေးကလည်း ဆစ်တတ်ရသေးသည်။ ပြီးလျှင်တော့ အဝတ်ထုပ်တွေ ဆွဲပြီး တပျော်တပါး အိမ်ပြန်၊ လျှော်ဖွပ်၊ နေလှန်းပြီး ပြန်ဝတ်ကြမည်။ လေဘေးထည်မှန်းလည်း ဘယ်သူမှ သိမည်မဟုတ်တော့။

သာမန် လက်လုပ်လက်စားများအတွက် လေဘေးဈေးတန်းဝင်ရသည့် အရသာကို မစားရ ဝခမန်း ငေးရသည့် ရှောပင်းမောကြီးများ လည်ပတ်ရသည့်  အရသာနှင့် မလဲနိုင်။ လက်ထဲမှာ ငွေလေး တစ်သောင်းခန့်ရှိရုံနှင့် တစ်မိသားစုလုံး လောက်ငအောင် ဝယ်နိုင်သည်။ တစ်ခါ ဝယ်ပြီးလျှင်လည်း မောင်နှမများထဲမှ အကြီးဖြစ်သူ၏ အကျကို အငယ်များအတွက် ပေးလိုက်ရုံပင်။ ဈေးကလည်း ကြီးကြီးမားမား မဟုတ်သည်မို့ ဝတ်ပျော်သည်။ ဈေးချိုချိုနှင့် ကလေးတွေလည်း ကျေနပ်သည်မို့ စနေ၊ တနင်္ဂနွေ၊ ဥပုသ်နေ့များတွင် လေဘေးတန်းသည် ပိုမိုစည်ကားတတ်သည်။

တစ်ထည်မှ ၅၀ဝ-၁၀ဝ၀-၂၀ဝ၀ စသဖြင့်။ ဈေးသည်တို့၏ အသံကလည်း တညံညံ၊ မိဘများကို လက်ညှိုးထိုးပူဆာနေသော ကလေးတို့၏ အသံကလည်း  တဆာဆာ။ 

အခြေခံလူတန်းစားတို့အတွက် ဖက်ရှင်ဆိုသည်က ပဓာနမဟုတ် ဝတ်ရတာ စိတ်တိုင်းကျဖို့သာ အဓိကဖြစ်သည်။ နိုင်ငံခြားတွင် ဖက်ရှင်အဟောင်းဟု သတ်မှတ်ပြီး ပို့လိုက်သမျှ အထည်များကို ဒီနိုင်ငံတွင်တော့ အကောင်း လုပ်နေရသည်။ စက်ပစ္စည်းတွေကို ကြည့်မလား၊ ဆိပ်ကမ်းက တင်သွင်းလာသော ကားတွေကိုကြည့်ဦးမလား ... အဟောင်းတွေ တစ်စစပုံလာသည့် နိုင်ငံကြီးသည်လည်း အဟောင်းတန်းလို ခပ်ယဲ့ယဲ့ပင်။ ဖွံ့ဖြိုးဆဲနိုင်ငံ၏ အဟောင်းဈေးကွက်သည် ဆက်လက် ဖွံ့ဖြိုးနေလိမ့်ဦးမည် ထင်ပါသည်။

ယဉ်ယဉ်နှောင်း

  • TAGS