News

POST TYPE

ARTICLE

တစ္ဆေတစ်ကောင်ကို တိုက်ခိုက်ခြင်း
16-Jun-2017 tagged as သတင်းမီဒီယာ

၁။


ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အစိုးရလက်ထက်အတွင်း ပထမဆုံးအကြိမ်အဖြစ် သတင်းမီဒီယာသမားများ အုံနှင့်ကျင်းနှင့် လမ်းပေါ်သို့ ရောက်ရှိလာသည်။

မကြာသေးခင်လများမှစ၍ သတင်းလွတ်လပ်မှု ဆုံးရှုံးလာနေခြင်းအပေါ် ပြန်လည်တွန်းလှန်လိုသည့် အကြောင်းရင်းနှင့် ဖြစ်သည်။

“ဒီနေ့ကတော့ သတင်းသမားတွေ အများကြီး ပါဝင်တယ်။ တက်ညီလက်ညီ ဆေးခြယ်တာတွေရော၊ စာဝေတာတွေရော အရင်နေ့တွေထက်စာရင် ပိုပြီးတော့ လုပ်လာတယ်။ တက်တက်ကြွကြွ အားလုံးလည်းပါတယ်” ဟု မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီမှ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုဂျေပိုင်က ဆိုသည်။

ကိုဂျေပိုင်သည် DVB သတင်းဌာန၏ ရုပ်သံသတင်းထောက်တစ်ဦး ဖြစ်သည်။
“မိုးရွာနေတဲ့ကြားထဲက လာကြတယ်” ဟု ၎င်းက ဆိုသည်။

ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့လယ်တစ်ခွင်တွင် မိုးရွာနေသည်။

ရာဂဏန်းမျှရှိသော ပြည်တွင်းပြည်ပ သတင်းဌာနပေါင်းစုံမှ သတင်းသမားများက မိုးဖွဲများအောက်တွင် စုဝေးကာ ပုဒ်မ ၆၆ (ဃ) ကို ဖျက်သိမ်းရေးအတွက် လှုပ်ရှားကြခြင်း ဖြစ်သည်။

၂။

၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်တန်းခံရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသည့် The Voice Daily နှင့် Weekly တို့၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ အာမခံ လျှောက်ထားမှုကို တရားရုံးက ထပ်မံပယ်ချလိုက်ပြန်သည်။

ဇွန်လ ၁၆ ရက်နေ့ နံနက်က ဦးကျော်မင်းဆွေကို ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးစဉ် ပယ်ချခဲ့ခြင်ြး ဖစ်သည်။

တရားဝင် မှတ်ပုံတင်ထားသည့် သတင်းစာတွင် ပုံနှိပ်ဖော်ပြခဲ့သည့် သရော်စာတစ်ပုဒ်ကို အင်တာနက် စာမျက်နှာတွင် ထပ်မံဖြန့်ဝေမှုဖြင့် တပ်မတော်က အမှုဖွင့်တိုင်တန်းခဲ့မှုအတွက် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ဖမ်းဆီးချုပ်နှောင်ထားသည်မှာ ရက်သတ္တ နှစ်ပတ်တိုင်ပြီ ဖြစ်သည်။

အမှုကို စစ်ဆေးသည့် ဗဟန်းမြို့နယ် တရားရုံးသို့ သတင်းသမား ရာဂဏန်းဝန်းကျင် လာရောက်ခဲ့သော်လည်း တရားခွင် အတွင်းသို့ သတင်းသမားငါးဦးသာ ဝင်ရောက်ခွင့် ရခဲ့သည်။

ယင်းသို့ ဝင်ရောက်ခွင့်ပြုရန် တရားရုံး တာဝန်ရှိသူများထံ တောင်းဆိုခဲ့မှုကြောင့်သာ ဝင်ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း ဦးကျော်မင်းဆွေ၏ ဥပဒေအကြံပေးအဖြစ် လိုက်ပါဆောင်ရွက်နေသူ ဦးခင်မောင်မြင့်က ဆိုသည်။

အဆိုပါ သတင်းသမားထိုင်ရန်အတွက် ထိုင်ခုံများကိုပင် ပြင်ပမှ သွားရောက်ဝယ်ယူခဲ့ရကြောင်း ၎င်းက ဆိုသည်။

၁၅ ပေ x ပေ ၂၀ ဝန်းကျင် ကျယ်ဝန်းသည့် တရားခွင်သည် တရားစွဲခံရသူနှင့် မိသားစုဝင်များ၊ ရှေ့နေများ၊ တရားလိုရှေ့နေ၊ တရားသူကြီးနှင့် တရားရုံးစာရေးတို့ အပါအဝင် သတင်းမီဒီယာသမားများ စုစုပေါင်း လူ ၂၀ ခန့်နှင့်ပင် ပြည့်ကျပ်သွားသည်။

တရားလို၏ရှေ့နေက ကနဦးလျှောက်လဲသည်။ အဆိုပါ အမျိုးသမီးရှေ့နေ၏ လျှောက်လဲမှုသည် တိုးညှင်းလွန်းပြီး တရားခွင်တွင်း ရှိနေကြသူများ အနေနှင့် ကောင်းစွာမကြားရ။

ယခုအမှုသည် အာမခံပေး၍ မရသည့်အမှု ဖြစ်ကြောင်း တစ်စွန်းတစ်စသာ ကြားရသည်။ ယင်းနောက် တရားစွဲခံရသူဘက်မှ ရှေ့နေက အာမခံပေးရေးအတွက် လျှောက်လဲသည်။ 

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ တရားစွဲခံရသူသည် ထွက်ပြေးမည့်သူ မဟုတ်ခြင်း၊ ဂုဏ်သိက္ခာ ကြီးမားသူ ဖြစ်ခြင်း၊ လုပ်ငန်းတာဝန်များပြားခြင်း၊ အမှုနှင့် သက်ဆိုင်သည့် သက်သေများကို ဖျက်ဆီးမည့်သူ မဟုတ်ခြင်း၊ အမှုအပေါ် ဩဇာလွှမ်းမိုးနိုင်သူ မဟုတ်ခြင်း စသည့် အချက်များကြောင့် အချုပ်လွတ် တရားရင်ဆိုင်ခွင့်ပြုရန် (အာမခံပေးရန်) ရှေ့နေက လျှောက်လဲသည်။

သို့သော် တရားသူကြီးက ယင်း လျှောက်လဲချက်ကို ပယ်ချလိုက်သည်။ 

အမှုသည် အာမခံပေး၍ မရသည့် အမှုဖြစ်သည့်အပြင် တရားခံဘက်က တင်ပြသည့် ဆေးစာမပြည့်စုံဟူသည့် ခပ်တိုတို အကြောင်းပြချက်နှစ်ခုနှင့် ဖြစ်သည်။

တရားသူကြီး၏ အကြောင်းပြချက်သည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေကို မျက်ကွယ်ပြုရာ ရောက်ကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဆိုသည်။
“တရားစီရင်ရေးကို အလွဲသုံးလိုက်တယ်လို့ ကျွန်တော်တို့ ဒီအတိုင်းပဲ မြင်တယ်”

သရော်စာဖော်ပြမှုဖြင့် ကနဦးတွင် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေအပြင် သရော်စာ ရေးသားသူ ဗြိတိသျှကိုကိုမောင် (ကိုကျော်စွာနိုင်) ကိုပါ တပ်မတော်က ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခဲ့ပြီး ဗဟန်း ရဲစခန်းက ၎င်းတို့ နှစ်ဦးစလုံးကို ဇွန်လ ၂ ရက်နေ့မှစ၍ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

သို့သော် ယနေ့ရုံးထုတ်ချိန်တွင် ဗြိတိသျှကိုကိုမောင်မှာ ယင်းအမှုမှ တရားသေ လွတ်မြောက်ခဲ့သည်။

သရော်စာ ရေးသားသူအပေါ် ပုဒ်မ ၆၆(ဃ) နှင့် အရေးယူခွင့် မရှိဟု ဆက်သွယ်ရေး ဥပဒေနှင့် အဓိက သက်ဆိုင်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မှတ်ချက်ဖြင့် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်က ပုံနှိပ်မီဒီယာမှာ ရေးတဲ့သူဖြစ်တဲ့အတွက် ဒီဆက်သွယ်ရေး ဥပဒေအရ စွဲဆိုရန် မသင့်ပါဘူးဆိုပြီး သူက မှတ်ချက်ပြန်ကြားလာတယ်” ဟု  ဗြိတိသျှကိုကိုမောင်က ဆိုသည်။

ယင်းမတိုင်မီက သတင်းမီဒီယာတွင် ဖော်ပြခြင်းအတွက် သက်ဆိုင်ရာ အယ်ဒီတာချုပ်တွင်ပင် တာဝန်ရှိသည်ဟု ဦးကျော်မင်းဆွေကလည်း ရဲစခန်းတွင် ထွက်ဆိုထားခဲ့သေးသည်။

သူ့အနေနှင့် မျှတသည့် တရားစီရင်ရေးအောက်တွင် ရောက်ရှိနေသည်ဟု မခံစားရကြောင်း အာမခံပယ်ချခံရပြီးနောက် ဦးကျော်မင်းဆွေက ပြောဆိုသည်။

“တရားစီရင်ရေးမဏ္ဍိုင်အောက်က ဝန်ထမ်းတစ်ဦး အနေနဲ့ ဥပဒေနဲ့အညီ  အာမခံ လျှောက်ထားမှုမှာ ဒီအမှုက အာမခံပေးသင့် မပေးသင့်ဆိုတာ တရားမျှတစွာ စီရင်ဆုံးဖြတ်နိုင်ရမယ်။ တရားသူကြီးက အာမခံ ပယ်ချလိုက်တာနဲ့ ပတ်သက်ပြီး ဘာမှမပြောလိုပါဘူး။ ဒါ  သူ့သမိုင်း သူရေးတာပါ။ နိုင်ငံ့ဝန်ထမ်း နိုင်ငံကထောက်ပံ့တဲ့ လစာစားနေတဲ့ ဝန်ထမ်း၊ အထူးသဖြင့် တရားစီရင်ရေးပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေက သာမန်ပြည်သူတွေထက် သူတို့တွေက မိမိလုပ်ဆောင်ချက်၊ မိမိပြောစကားတွေမှာပါ တရားဥပဒေကျကျ ရှိရမယ်၊ ပြောဆိုရမယ်။ သမာသမတ်ကျရမယ်။ ဒါပဲ ကျွန်တော် ပြောချင်ပါတယ်” ဟုလည်း သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။

၃။

၆၆ (ဃ) သည် ဆက်သွယ်ရေး ဥပဒေတွင် ပါဝင်သည့် ပုဒ်မတစ်ခုဖြစ်ပြီး  ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေတစ်ခု ဖြစ်သည်။

အဆိုပါပုဒ်မသည် သတင်းလွတ်လပ်ခွင့် အပါအဝင် ပြည်သူတို့၏ လွတ်လပ်စွာ ပြောရေးဆိုခွင့်များကိုပါ ရဲတင်းစွာ ခြိမ်းခြောက်နေပြီး အငြင်းပွားမှုများနှင့် ရှုပ်ထွေးမှုများ မကြာခဏ ပေါ်ပေါက်စေသည့်  ပြဋ္ဌာန်းချက်လည်းဖြစ်သည်။

၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရအဖြစ် တာဝန်ယူလိုက်ပြီးနောက်ပိုင်း ၆၆(ဃ) ဖြင့် တရားစွဲဆိုခံရသည့် ပြည်သူများ၊ သတင်းမီဒီယာသမားများ တစ်စစ များပြားလာသည်။ 

ယခုနှစ်ပိုင်းအတွင်း ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်တိုင်တန်းသည့် ဖြစ်ရပ်များ ဆက်တိုက်ပေါ်ပေါက်ခဲ့ပြီး စုစုပေါင်း အမှုပေါင်း ၇၀ နီးပါးအထိ ရှိလာနေပြီ ဖြစ်သည်။ 

အမှုအများအနက် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တပ်မတော် အသိုင်းအဝိုင်းနှင့် လက်ရှိ အာဏာရပါတီဝင်များက တိုင်တန်းမှုများ ပါဝင်ပြီး သတင်းမီဒီယာများအပေါ် တိုင်တန်းမှုများလည်း ပါဝင်သည်။

ယမန်နေ့ကပင် မကွေးတိုင်းဒေသကြီး အခြေစိုက် သတင်းသမားလေးဦး တစ်ပြိုင်နက်ထဲ အမှုဖွင့်ခံလိုက်ရသည်။

ပြည်တွင်းနိုင်ငံရေး သုတေသန ဂျာနယ်တစ်စောင်၏ စာရင်းအရ ၆၆ (ဃ) ဖြင့် တရားရင်ဆိုင်နေရသည့် သတင်းသမား ၁၄ ဦးရှိပြီး အထက်ပါလေးဦး အပါအဝင် ဆိုလျှင် ၁၈ ဦး ဖြစ်သည်။

အင်တာနက်စာမျက်နှာ တစ်ခုခု သို့မဟုတ် ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ခြိမ်းခြောက်ခြင်း၊ အသေရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်ဩဇာသုံးခြင်များမှ ကာကွယ်ရန် ပြဋ္ဌာန်းထားသော်လည်း လက်တွေ့တွင် ဥပဒေ၏ နောက်ဆက်တွဲအဖြစ် ပြဿနာများစွာ ရှိနေသည်။

ယင်းပုဒ်မကို ရဲအရေးပိုင်သည့်အမှုအဖြစ် သတ်မှတ်ထားရာ အမှုဖွင့်ခံရသူကို ဖမ်းဆီးထိန်းသိမ်းကာ အချုပ်အနှောင်အတွင်းမှ တရားရင်ဆိုင်စေခြင်းကို တရားသူကြီးများက ခွင့်ပြုနေခြင်းက ပြဿနာ၏  ပင်မအချက်တစ်ခု ဖြစ်သည်။

၎။

အာမခံလျှောက်ထားမှုကိုတရားရုံးက ပယ်ချလိုက်ပြီးနောက် သတင်းသမားသည် မြို့လယ်သို့ ပြောင်းရွှေ့စုဝေးကြသည်။

ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေးနှင့် ဖျက်သိမ်းရန် လိုအပ်သည့် အကြောင်းအချက်များကို ရှင်းလင်းထားသည့် စာရွက်များကို သတင်းသမားများက လမ်းသွားလမ်းလာများကို လိုက်လံဝေငှသည်။

လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်ကပင် သတင်းလွတ်လပ်ခွင့် ရရှိရေးအတွက် သတင်းသမားများက လှုပ်ရှားနေခဲ့ခြင်း ဖြစ်ပြီး ‘သတင်းလွတ်လပ်ခွင့် ရှိရမည်’ စာတန်းပါရှိသည့် အဖြူရောင် လက်ပတ်ဖြန့်ဝေကာ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ဦးဆောင်လှုပ်ရှားနေခြင်း ဖြစ်သည်။

လှုပ်ရှားမှုနှင့်အတူ အဆိုပါ ကော်မတီက အစိုးရကို အချက်သုံးချက် တောင်းဆိုထားသည်။ 

၆၆ (ဃ) အပါအဝင် တရားမျှတခြင်း မရှိသည့် ဥပဒေများ ဖျက်သိမ်းပြင်ဆင်ရေး၊ ၆၆(ဃ) နှင့် တရားစွဲဆိုထားမှုများကို ရုပ်သိမ်းပေးရေး၊ တောင်းဆိုချက်များ ရရှိရေးအတွက် ပြည်သူများနှင့် ပူးတွဲအကောင်အထည်ဖော်ရေးတို့ ဖြစ်သည်။

ယခုမူလှုပ်ရှားမှုကို အရှိန်မြှင့်တင်လိုက်ခြင်း ဖြစ်ပြီး လမ်းပေါ်သို့ ထွက်လာခြင်း ဖြစ်သည်ဟု ကိုဂျေပိုင်က ဆိုသည်။

သရော်စာရေးသားသူကို လွှတ်လိုက်ပြီး ဖော်ပြသူကို ဖမ်းဆီးထားမှုနှင့် ပတ်သက်၍ ဥပဒေအပေါ်တွင် စိတ်ရှုပ်ထွေးရပြီး နားမလည်ကြောင်း ၎င်းက ဆိုသည်။
“ဒီဥပဒေနဲ့ ပတ်သက်ပြီး တော်တော်ရှုပ်ထွေးနေတယ်၊ နားလည်ရခက်တယ်၊ ဥပဒေက လိုတစ်မျိုး မလိုတစ်မျိုးလုပ်လို့ ရသလား၊ ဒီဥပဒေတွေကို ကျွန်တော် နားလည်ရ ပိုခက်လာတယ်”
 
ယင်းနေ့လှုပ်ရှားမှုကို လားရှိုး၊ မန္တလေး၊ ပုသိမ်၊ နေပြည်တော်နှင့် ပြည်တို့မှ သတင်းသမားများလည်း ပူးပေါင်းပါဝင်ခဲ့သည်။

၆၆ (ဃ) သည် တော်တော်ကမောက်ကမနိုင်သည်ဟု NHK သတင်းဌာနမှ ဦးသီဟသွေးကလည်း ပြောဆိုသည်။
“ဒီဟာက တော်တော်ရယ်စရာဗျ။ ဆောင်းပါးမှာပါတဲ့ အကြောင်းအရာတွေက အဖွဲ့အစည်းတစ်ခုကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်လို့ ပြောပေမယ့် ဆောင်းပါးကို တကယ်ရေးတဲ့သူကျတော့ ဥပဒေနဲ့  မငြိဘဲ လွတ်သွားပြီးတော့ ဆောင်းပါးကို ပြန်လည်ဖော်ပြတဲ့၊ အွန်လိုင်းမှာ ပြန်လည်ဖော်ပြတယ် ဆိုပြီးတော့ ဒီအမှုကို ရင်ဆိုင်နေရတဲ့ကိစ္စက တော်တော်ကို အမြီးအမောက်မတည့်တဲ့ ကိစ္စပဲ”

၅။

တပ်မတော်အစိုးရများလက်ထက် သတင်းလွတ်လပ်ခွင့်များ နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင် အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာကာ စာပေစိစစ်ရေးဌာနကို ဖျက်သိမ်းခဲ့ပြီးနောက် သတင်းလွတ်လပ်ခွင့် ရောင်နီများ မြန်မာနိုင်ငံတွင် မြင်တွေ့လာရသည်။

ကမ္ဘာတစ်ဝန်းက သတင်းသမားများဖြင့် ဖွဲ့စည်းထားသည့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ပြုစုထုတ်ပြန်သည့် ကမ္ဘာတစ်လွှား သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းများတွင်လည်း  မြန်မာနိုင်ငံအနေနှင့် အဆင့်များ တိုးတက်လာခဲ့သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၄၄ တွင် ရှိနေခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၁၄၃ သို့ ရောက်ရှိခဲ့ပြီး တစ်ဆင့်တ က်လာခဲ့သည်။ ယခု ၂၀၁၇ ခုနှစ်အတွက် ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံ အနေနှင့် ယခင်နှစ်ထက် ၁၂ ဆင့် ခုန်ကျော်ကာ အဆင့် ၁၃၁ တွင် ရပ်တည်နိုင်ခဲ့သည်။

သို့သော် အဆိုပါ အညွှန်းကိန်း ထုတ်ပြန်ချိန်တွင် ယခုဖြစ်ရပ်များ ဖြစ်ပွားခြင်း မရှိသေးပေ။

ပြည်တွင်းမီဒီယာ အဖွဲ့အစည်းတစ်ခု ဖြစ်သည့်  PEN MYANMAR အပါအဝင် အဖွဲ့ ၁၄ ခုက ကောက်ယူထားသည့် စစ်တမ်းအရ NLD အစိုးရသစ်လက်ထက် တစ်နှစ်တာအတွင်း မြန်မာ့သတင်း လွတ်လပ်ခွင့် အခြေအနေသည် ပြီးခဲ့သည့် အစိုးရ လက်ထက်ထက်ပင် ဆုတ်ယုတ်လာနေသည်။

အစိုးရအနေနှင့် မီဒီယာကို တမင်ဖိနှိပ်နေသည်ဟု မဆိုနိုင်သော်လည်း လုပ်ဆောင်မှုများသည် မီဒီယာလောကအတွက် ကသောင်းကနင်းနိုင်သည်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ဆိုသည်။

မီဒီယာ ဖွံ့ဖြိုးရေး အပါအဝင် မီဒီယာကို ကန့်သတ်ဖိနှိပ်သည့် ဥပဒေများနှင့် ပတ်သက်၍လည်း အစိုးရက ပျက်ကွက်သည်ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ဥပဒေပိုင်းတွေ မြန်မြန်ဆန်ဆန် တိုးတက်လာဖို့၊ ဖြည့်စွက်ဖို့။ အဲဒီအပိုင်းတွေက တော်တော်လေး နှေးကွေးတယ်”

၆၆(ဃ) ကို ဖျက်သိမ်းခြင်းနှင့်အတူ ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်ရေး အပါအဝင် သတင်းမီဒီယာသမားများက ပြင်ဆင်ရန် လိုလားနေသည့် အခြားဥပဒေများလည်း ရှိနေသေးသည်။ 

သတင်းမီဒီယာဥပဒေ၊ ရုပ်သံဥပဒေ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)၊ ပုံနှိပ်နှင့် ထုတ်ဝေရေးဆိုင်ရာ ဥပဒေ၊ အင်တာနက် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေ စသည့် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ကန့်သတ်သော ဥပဒေများ ဖြစ်သည်။

ယင်းဥပဒေများ ပြင်ဆင်ရန်အတွက် နိုင်ငံတကာ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ကလည်း တိုက်တွန်းထားသည်။

အစိုးရအဖွဲ့ တာဝန်ရှိသူအချို့နှင့် သူရဦးရွှေမန်း ခေါင်းဆောင်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကမူ ၆၆ (ဃ) ကို ပြင်ဆင်ရန် ပြောဆိုမှုများ ပြုလုပ်ထားသည်။

၆။

သတင်းသမားများစုဝေးကာ လမ်းပေါ်ထွက်လာခြင်းသည် အစိုးရသစ်လက်ထက်အတွင်း ပထမဆုံး ဖြစ်သည်။

ယခင်အစိုးရ လက်ထက်ကမူ ၂၀၁၂ ခုနှစ်က The Voiceနှင့် Envoy ဂျာနယ်တို့ ထုတ်ဝေခွင့် ယာယီပိတ်ပင်ခံရတုန်းက တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် မီဒီယာလောကနှင့် အစိုးရအကြား မကျေလည်မှုကြောင့် တစ်ကြိမ်၊ Unity ဂျာနယ်မှ သတင်းထောက်များ ဖမ်းဆီးထောင်ချခံရခြင်း၊ Eleven သတင်းဂျာနယ်မှ နယ်သတင်းထောက် ထောင်ချခံရခြင်း၊ လက်ပံတန်း ကျောင်းသားအရေးအခင်းတွင် သတင်းထောက်နှစ်ဦး ထိန်းသိမ်းခံရခြင်း စသည့် ဖြစ်စဉ်များနှင့်  ပတ်သက်၍ လမ်းပေါ်ထွက်ခဲ့ကြဖူးသည်။

အဓိကအားဖြင့် သတင်းသမားများ မတရားပြုကျင့်ခံရပြီဟု ရှုမြင်လာကြချိန်တွင် ၎င်းတို့၏ လမ်းပေါ်ထွက် လှုပ်ရှားမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဦးမြင့်ကျော်က သုံးသပ်သည်။

“တစ်ခုကတော့ မီဒီယာဘက်က တကယ်ကို ကျင့်ဝတ်နဲ့အညီ ရေးတယ်၊ အဲဒါကို အစိုးရကသော် လည်းကောင်း၊ အာဏာပိုင် အဖွဲ့အစည်း တစ်ခုခုကသော် လည်းကောင်း အရေးယူတယ်၊ မတရားသဖြင့်ပေါ့၊ မလိုအပ်ဘဲနဲ့ ပြင်းထန်တဲ့ ဟာတွေနဲ့ အရေးယူတဲ့ အခါမျိုးတွေမှာ ဒီလိုလှုပ်ရှားမှုတွေ ပေါ်ထွက်လာတာပါ”

ယခုလှုပ်ရှားမှုသည် ဇွန်လ ၈ ရက်နေ့ ကတည်းက စတင်ခဲ့ပြီး လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများအရ အရှိန်မြှင့်တင်ရန်သာ ရှိတော့သည်ဟု ကိုဂျေပိုင်က ဆိုသည်။ ယင်းအတွက် အစည်းအဝေးများ ထပ်ခေါ်ဦးမည်ဟု ဆိုသည်။

ဂျပန်နိုင်ငံ အခြေစိုက် NHK သတင်းဌာန၏ သတင်းထောက်လည်းဖြစ်၊ နိုင်ငံခြား သတင်းထောက်များအသင်း၏ အဖွဲ့ဝင်လည်း ဖြစ်သည့် ဦးသီဟသွေးက ၆၆(ဃ) ကို တစ္ဆေတစ်ကောင်နှင့် ခိုင်းနှိုင်းသည်။

“၆၆(ဃ)က ဝန်ထုပ်ဝန်ပိုးပဲ။ ဆင်ဆာမရှိတော့ဘူး ဆိုပေမယ့် နောက်ထပ် သရဲ၊  သဘက်တစ်မျိုးနဲ့ တွေ့ရသလိုပဲလေ”

အောင်မျိုးထက်