News

POST TYPE

ARTICLE

ဆွဲဆောင်စည်းရုံးရန် မလွယ်ကူသည့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်
ဒေါ်အောင်ဆန်းစုကြည်က အမွှမ်းတင် ပြောကြားနေသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဖြစ်စဉ်မှာ မြန်မာနိုင်ငံ၏ တောင်တန်းထူထပ်သော နယ်စပ်ဒေသများတွင် အားနည်းလာလျက် ရှိနေသည်။ ကုန်လွန်ခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သော ညီလာခံအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်အကြား ဆယ်စုနှစ်ချီ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ အမုန်းမီးပွားများကို အဆုံးသတ်ရန် အဖြေရှာရာတွင် တိုးတက်မှုအချို့ ရှိခဲ့သော်လည်း အဓိကကျသော ပြဿနာရပ်များ ကျန်ရှိနေပါသေးသည်။ ပြင်းထန်သည့် တိုက်ပွဲများမှာ နေရာတော်တော်များများတွင် ဆက်လက်ဖြစ်ပွားနေခဲ့ပြီး စစ်ပွဲအတွင်း ပါဝင်နေသော လက်နက်ကိုင်အဖွဲ့များအကြား ရေရှည်တည်တံ့သည့် ဘုံသဘောတူညီချက် ရရှိရန်မှာ ခက်ခဲလျက်ရှိကာ ယင်းသို့ ဖြစ်နေခြင်းကပင် ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေး ခေတ်ကာလအတွင်း ပဋိပက္ခများ ဆက်လက်သက်ဆိုးရှည်အောင် လုပ်ဆောင်နေသလို ဖြစ်စေပါသည်။  

မကြာမီက နေပြည်တော်သို့ ကိုယ်စားလှယ်များ စေလွှတ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့၏ လက်ရှိအခြေအနေမှာ ရှုပ်ထွေးလွန်းလှပြီး ပြဿနာကို ရှင်းရှင်းလင်းလင်း အဖြေရှာနိုင်ဖို့ ခက်ခဲနေသည်။ ၁၅ ဖွဲ့အနက်မှ ၈ ဖွဲ့မှာ အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးထားကြသည်။ ကျန်ရှိနေသေးသော ၇ ဖွဲ့မှာ အစိုးရ၏ ရည်ရွယ်ချက်များအပေါ် သံသယရှိသည် ဟူသော အကြောင်းပြချက်ဖြင့် လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် အာဏာစတင် ရယူစဉ်ကတည်းက တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေး ရရှိနိုင်ရန် ဦးစားပေး လုပ်ဆောင်ခဲ့သည်။ ညီလာခံတွင် မြန်မာနိုင်ငံအား ဖက်ဒရယ်နိုင်ငံ ဖြစ်ထွန်းလာအောင်ဆောင် ရွက်သွားမည်ဟူသောမူကို သဘောတူညီမှု ရရှိခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့၏ ပြည်နယ်များအတွက် နိုင်ငံရေးလွတ်လပ်ခွင့် ပိုမိုရရှိရန်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန်တို့ကို အဓိက တောင်းဆိုခဲ့ကြသည်။ လက်မှတ်ရေးထိုးထားခြင်း မရှိသော လက်နက်ကိုင် ၇ ဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တပ်မတော်အကြား အယူအဆရေးရာတွင် တစ်ထပ်တည်း ဖြစ်လာသည်ကို တွေ့မြင်လာကြသည်။ တပ်မတော်သည် ရာစုနှစ် တစ်ဝက်ကြာ ၎င်း၏ ဗဟိုဦးစီးစနစ် ကျင့်သုံးမှုအပေါ် ခြိမ်းခြောက်မည့် မည်သည့်နိုင်ငံရေးစနစ် ပြန်လည်ဖွဲ့စည်းမှုမျိုးကိုမဆို နက်နက်ရှိုင်းရှိုင်း ဆန့်ကျင်နေသည့်အချက်ကို သူတို့က သဘောပေါက် နားလည်လာခဲ့ကြသည်။ 

ယမန်နှစ် သြဂုတ်လအတွင်း ပထမအကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်စဉ် ကတည်းက မြန်မာနိုင်ငံမြောက်ပိုင်းတွင် တပ်မတော်၏ ထိုးစစ်များကြောင့် နေရပ်မှ စွန့်ခွာပြောင်းရွှေ့ခဲ့ရသည့် အရပ်သား အရေအတွက်မှာ များပြားလာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် ညီလာခံအပြီး နောက်တစ်ရက်တွင် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သော တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်နယ်တပ်မတော် (SSA) တို့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အရပ်သားရာနှင့်ချီ ၎င်းတို့၏ ရွာများကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၂၀၁၁ နောက်ပိုင်းကာလတွင် အာဏာရှင် အုပ်ချုပ်ရေးမှ တဖြည်းဖြည်းချင်း အသွင်ကူးပြောင်းလာခဲ့သော်လည်း နိုင်ငံအတွက် ငြိမ်းချမ်းရေးကိုတော့ ဆောင်ကြဉ်းမပေးနိုင်ခဲ့ပါ။ ယင်းအစား ဟောင်းနွမ်းဆွေးမြည့်နေပြီ ဖြစ်သော ယခင်ပဋိပက္ခများသာ ပြန်လည်စတင်လာခဲ့သည်။ တပ်မတော်က နယ်စပ်ဒေသများတွင် ထိုးစစ်များ ပြင်းထန်စွာ ဆင်နွှဲခဲ့သည်။ တစ်ချိန်က မဟာမိတ်များဖြစ်ခဲ့ဖူးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အချင်းချင်းလည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည် စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းနေသော လက်ရှိအခင်းအကျင်းမှာ စိန်ခေါ်မှု လွန်စွာကြီးမားပါသည်။ လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများတွင် မပါဝင်သော်လည်း တရုတ်ကျောထောက်နောက်ခံ ညီညွတ်သော ‘ဝ’ ပြည်တပ်မတော် (UWSA) သည် အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့အား မဟာမိတ်အဖြစ် ဖွဲ့စည်းနိုင်ရေးအတွက် အထောက်အပံ့များ ပေးခဲ့သည်။ ယင်းမဟာမိတ်အဖွဲ့သည် လက်ရှိ အပစ်ရပ်စာချုပ် မူဘောင်ကို ဆန့်ကျင်လျက်ရှိရာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုမိုရှုပ်ထွေးလာခဲ့ပြီး အစိုးရရော၊ တပ်မတော်ကိုပါ အကျပ်ရိုက်စေခဲ့သည့်အပြင် တရုတ်နိုင်ငံကိုလည်း စေ့စပ်ညှိနှိုင်းပွဲများတွင် အဓိက နေရာကနေ ပါဝင်ဖို့ ဖြစ်လာစေခဲ့သည်။ 

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြားရှိ ဆက်ဆံရေးမှာလည်း ပိုမိုရှုပ်ထွေးလာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ရှမ်းပြည်နယ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲ၌ လက်နက်ကိုင်နှစ်ဖွဲ့ ပါဝင်သည်။ တစ်ဖွဲ့မှာ မနှစ်က အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သောအဖွဲ့ ဖြစ်ပြီး ကျန်တစ်ဖွဲ့မှာ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပါ။ ယခင်ကဆိုလျှင် နှစ်ဖွဲ့စလုံးမှာ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အတွက် အားထုတ်ကြိုးပမ်းရာ၌ သုံးပွင့်ဆိုင် ပဋိပက္ခမျိုးကို ဖြေရှင်းရသော အလေ့အထ ရှိပါသည်။ ယနေ့ဖြစ်ပေါ်နေသည့် အခြေအနေများသည် အတိတ်က ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များကို နည်းလမ်းများစွာဖြင့် ထင်ဟပ်နေသည်။ တပ်မတော်အစိုးရသည် ၁၉၈၀ နှောင်းပိုင်းနှင့် ၁၉၉၀ အစောပိုင်း ကာလများတွင် လက်နက်ကိုင်အဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှု စတင်ရယူစဉ်က ရွေးချယ်ထားသော တပ်မတော်များကို ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့နောက် ၎င်းတို့အား မဟာမိတ်များအဖြစ် အသွင်ပြောင်းလဲခဲ့သည်။ ယခုအပစ်အခတ်ရပ်စဲရေး ကြိုးစားအားထုတ်မှုသည် တိုင်းရင်းသားများ၏ စည်းလုံးမှုကို ပိုမိုပျက်ပြားသွားစေခဲ့သည်။ ဆိုလိုသည်မှာ အစိုးရသည် လက်နက်ကိုင်အဖွဲ့များစွာကို စေ့စပ်ညှိနှိုင်းရန် ဖိအားပေးခဲ့ရာ အဖွဲ့အများစုသည် အစိုးရ၏ ရည်ရွယ်ချက်များအပေါ် နက်နက်ရှိုင်းရှိုင်း သံသယစိတ် ဖြစ်ပေါ်နေပြီး အဖွဲ့အားလုံးမှာ အကျိုးစီးပွားများအတွက် ယှဉ်ပြိုင်နေရကာ တစ်ဖွဲ့နှင့် တစ်ဖွဲ့လည်း သံသယ ဝင်နေကြသည်။ 

သို့သော် သိသာထင်ရှားဆုံးသော ပြဿနာတစ်ရပ်မှာ အစိုးရကိုယ်တိုင်ပင် ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းဖြစ်စဉ်ကို ပြန်လည်အားကောင်းအောင် ဆောင်ရွက်နေစဉ်မှာပင် အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးရန် ငြင်းဆန်နေဆဲ ဖြစ်သည့် လက်နက်ကိုင်အဖွဲ့များကို ဆွဲဆောင်စည်းရုံး၍ မရဖြစ်နေသည်။ ယင်းအဖွဲ့များက အဓိက ငြင်းဆိုရသည့် အကြောင်းရင်းမှာ မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေးသည် သမိုင်းကြောင်းအရကို မည်သည့်အဓိပ္ပာယ်မှမရှိ ဆိုသည့် အချက်ပေါ်တွင် မူတည်နေသောကြောင့် ဖြစ်သည်။ ၁၉၈၀ နောက်ပိုင်းတွင် အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများသည် သဘာဝသယံဇာတ ပေါကြွယ်ဝသည့် နယ်စပ်ဒေသများကို ထိန်းချုပ်ဖို့ပင် ဖြစ်သည်။ လက်နက်ကိုင်အဖွဲ့များအား လက်နက်ချလျှင် ဖွံ့ဖြိုးရေး အာမခံချက် ပေးမည်ဟုဆိုခဲ့ကြသည်။ အခြားသော လက်နက်ကိုင်အဖွဲ့များအား အပစ်ရပ် သဘောတူညီချက်အတွက် လက်မှတ်ရေးထိုးရန် ဆွဲဆောင်စည်းရုံးသည့် အနေဖြင့် ပဋိပက္ခ အနည်းငယ်သာ ဖြစ်ပွားသော ဒေသများ ကို အထူးဒေသများအဖြစ် ပြောင်းလဲသတ်မှတ်ကာ ကျောင်း၊ ဆေးရုံကဲ့သို့သော ဖွံ့ဖြိုးရေး စီမံကိန်းများကို ဆောင်ရွက်ပေးခဲ့သည်။ ယင်းဒေသများတွင် ဖွံ့ဖြိုးလာသည့် သတ္တုတွင်းလုပ်ငန်း၊ ရေကာတာ တည်ဆောက်ရေးလုပ်ငန်းများ၊ သစ်ထုတ်လုပ်ရေး လုပ်ငန်းတို့ထံမှ ရရှိသော ဝင်ငွေများသည် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များ၏ အကျင့်ပျက် ခေါင်းဆောင်များထံသို့ ရောက်ရှိသွားခဲ့သည်။ ယင်းဒေသများတွင် နေထိုင်သော ပြည်သူများ၏ လူမှုဘဗဝများသည် ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် တဖြည်းဖြည်း ဆိုးရွားလာသည့်အပြင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများထံမှ ရရှိသော အကျိုးအမြတ်ကို အနည်းငယ်သာ ခံစားရသည်။  

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုမှုသည် ယင်းဒေသရှိ ပြည်သူများက အစိုးရအပေါ် နက်နက်ရှိုင်းရှိုင်း ယုံကြည်မှု မရှိခြင်းကို ထပ်ဟပ်လျက် ရှိနေသည်။ ပြည်သူတစ်ဦး၏ အခွင့်အရေးများ ဆုံးရှုံးခံနေပြီး အသစ်အသစ်သော မလုံခြုံမှုများ ကြုံတွေ့နေရသည့် ပဋိပက္ခ ဖြစ်ပွားရာ နေရာများတွင် နေထိုင်နေရသော တိုင်းရင်းသားပြည်သူအကြား နားလည်ထားသော မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေးသည် ဒေါ်အောင်ဆန်းစုကြည်၏ ရည်ရွယ်ချက်များအပေါ် သံသယ ဖြစ်နေမှု ဖြစ်သည်။ ၂၀၁၁ မတိုင်ခင်ထိ အစိုးရနှင့် အပစ်အခတ ရပ်စဲထားနိုင်ကာ ယခုအချိန်အခါတွင်တော့ စစ်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည့် ကချင်ပြည်နယ်သည် ယင်းကိစ္စကို ကောင်းစွာသဘောပေါက်သည်။ ၁၉၉၄ တွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီမှု ရရှိပြီးနောက် မကြာခင်မှာပင် တပ်မတော်က သဘာဝအရင်းအမြစ် လုပ်ကွက်များစွာကို ဦးစီးလုပ်ကိုင်ခဲ့ပြီး ယင်းလုပ်ကွက်နေရာများ အနီးရှိ တိုင်းရင်းသား ပြည်သူများအား အခြားနေရာများသို့ အတင်းအကျပ် ပြောင်းရွှေ့ခိုင်းခဲ့သည်။ မှောင်ခိုဈေးကွက်တွင် ကျောက်စိမ်းနှင့် ကျွန်းသစ်တို့ ရောင်းချမှုကြောင့် ရရှိလာသော ဝင်ငွေများသည် တပ်မတော်က လုပ်ဆောင်သည့် စီးပွားရေး လုပ်ငန်းအပေါ် အကျိုးအမြတ်များစွာ ရရှိလေရာ အပစ်အခတ်ရပ်စဲခြင်းကို အမြတ်များစွာ ရရှိနိုင်သည့် အခွင့်အလမ်းတစ်ရပ်အဖြစ် ရှုမြင်လာကြသည်။ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် လက်နက်ကိုင် ပဋိပက္ခ ကို နိုင်ငံရေး ရှုထောင့်ကနေ ချဉ်းကပ်ရာတွင် ဖက်ဒရယ်စနစ် ကျင့်သုံးရန်၊ ပြည်နယ်ရှိ သဘာဝသယံဇာတများနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို ထိန်းချုပ်ခွင့်ပေးရန်နှင့် မြန်မာစစ်တပ်များအား ၎င်းတို့နယ်မြေများမှ ဆုတ်ခွာရန် အစရှိသည်တို့ကို ၎င်းတို့လက်နက်မချခင် ဖြေရှင်းဆောင်ရွက်ပေးဖို့ပင် ဖြစ်သည်။ ယခင်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်များသည် ပြည်နယ်အကျိုးစီးပွားကို ပျက်သုဉ်းသွားစေခဲ့ကာ တိုင်းရင်းသား ပြည်သူများ၏ လုံခြုံမှုလည်း ထိခိုက်ပျက်စီးခဲ့ရပြီး လက်နက်ကိုင် ခေါင်းဆောင်များ၏ သြဇာအာဏာမှာလည်း လျော့နည်းခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး မူဘောင်၌ ယင်းအရာများကို အလေးထားထည့် သွင်းစဉ်းစားကြောင်းကို လက်နက်ကိုင်အဖွဲ့များအား ဆွဲဆောင်စည်းရုံးရဦးမည် ဖြစ်သည်။ 

တပ်မတော်၏ ဖိအားများကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှု  အခန်းကဏ္ဍမှာ အကန့်အသတ်နှင့်ပင် ဖြစ်နေသည်။ နိုင်ငံ၏ အရေးကြီးသော အင်စတီကျူးရှင်းကြီး အတွက်တော့ ပဋိပက္ခမှာ စီးပွားရေးအရာရော၊ နိုင်ငံရေးအရပါ အကျိုးအမြတ် ရှိနေသည်။ နယ်စပ်ဒေသများတွင် ကျောက်စိမ်း၊ သစ်နှင့် ရေအားလျှပ်စစ်လုပ်ငန်းများထံကနေ အကျိုးအမြတ်ကြီးစွာ ရရှိမှုသည် ငွေကြေးအထောက်အပံ့ ရရှိရန် မရှိမဖြစ်သော အရင်းအမြစ်များ ဖြစ်သည်။ ထို့ကြောင့် တပ်မတော်သည် အဓိက အရေးကြီးသည့် နေရာတွင် ရှိနေပြီး မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားနေရခြင်းသည် အာဏာကို အလုံးစုံ လက်လွှတ်ရန် ငြင်းပယ်နေရသည့် အကြောင်းအရင်း ဖြစ်လာစေခဲ့သည်။ ရာစုနှစ် တစ်ဝက်ကျော်ကြာ အုပ်ချုပ်ခဲ့သော တပ်မတော်သည် သူ့ကိုယ်သူ နိုင်ငံတော်ကို ကာကွယ်နေသော အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံအား အမျိုးသား စည်းလုံးညီညွတ်မှုကို ခြိမ်းခြောက်နေသည့် ပြည်တွင်းရန်သူများနှင့်    ရင်ဆိုင်တိုက်ခိုက်နေရသော နိုင်ငံအဖြစ် ပုံဖော်ခဲ့ကြသည်။ နယ်စပ်ဒေသများတွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် တိုက်ပွဲများက တပ်မတော်အား လက်ရှိငြိမ်းချမ်းရေး တွေ့ဆုံညှိနှိုင်းမှုများတွင် အသာစီး ရစေခဲ့ပါသည်။ တစ်စိတ်တစ်ပိုင်းအားဖြင့် မတည်ငြိမ်မှုများက မြန်မာနိုင်ငံအား အရပ်ဘက် အုပ်ချုပ်ရေးထက် အားကောင်းသည့် အာဏာပိုင်စနစ်ဖြင့် အုပ်ချုပ်ဖို့ လိုအပ်နေသည် ဆိုသည့် ပုံရိပ်မျိုး ဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးအပေါ် သူ၏ ချဉ်းကပ်မှုကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်ဖို့ ဖိအားပေးခံနေရသည်။ ပြီးခဲ့သည့် သီတင်းပတ်က နေပြည်တော်သို့ လက်နက်ကိုင်အဖွဲ့များစွာကို ဖိတ်ခေါ်ခြင်းဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံး ပါဝင်လာမှုကို ပြသနိုင်ခဲ့သည်။ သို့သော် လက်ရှိ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုများသည် ယခင်အရာများနှင့်တော့ ကွဲပြားခြားနားမှု ရှိသည်။ ယခုဖြစ်စဉ်တွင် အရပ်သားအစိုးရ၊ အင်အားကြီးမားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာနိုင်ငံ၏ ပဋိပက္ခ ဖြစ်ပွားရာ နေရာများရှိ သတ္တုတွင်းများ၊ မြစ်များနှင့် သစ်တောများတွင် စီးပွားရေး အကျိုးစီးပွား ရှိနေသော တရုတ်နိုင်ငံသည်ပင် ပါဝင်လာသည်။ အခက်အခဲများ ကြီးကြီးမားမား ကျန်ရှိနေသေးသော်လည်း ယခုအကြိမ် ကြိုးစားအားထုတ်နေသော ငြိမ်းချမ်းရေးသည် တကယ့်ငြိမ်းချမ်းရေးကို ဆိုလိုခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသူများအပေါ် ဆွဲဆောင်စည်းရုံးနိုင်ခြင်း မရှိပါက သဘောတူညီမှု ရရှိရန်မှာလည်း ခက်ခဲနေဦးမည်သာ ဖြစ်သည်။ 

Ref: Aung San Suu Kyi Had a Plan to Bring Peace to Myanmar. But Convincing Others Hasn't Been So Easy , Time  

ဆောင်းဦးကိုကို