POST TYPE
ARTICLE
လက်ဝှေ့လောကသို့ မေဝယ်သာ တစ်ကျော့ပြန်လည် ဝင်ရောက်၊ မက်ဂရီဂေါ်နှင့် သြဂုတ်လ ၂၆ ရက်နေ့တွင် ထိုးသတ်မည်
လတ်စ်ဗီးဂတ်စ်၊ ဇွန် ၁၅

အသက် ၄၀ အရွယ်ရှိ မေဝယ်သာသည် ၎င်း၏ ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ဆူပါဖယ်သာဝိတ်တန်း၊ လိုက်ဝိတ်တန်း၊ လိုက်ဝယ်လ်တာဝိတ်တန်း၊ ဝယ်လ်တာဝိတ်တန်း၊ လိုက်မစ်ဒယ် ဝိတ်တန်းတို့တွင် စိန်ခေါ်ပွဲများ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကာ မက်ဂရီဂေါ်နှင့် ပွဲစဉ်ကို လိုက်မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲစဉ်အဖြစ် ထိုးသတ်သွားမည် ဖြစ်ကြောင်း မေဝယ်သာ၏ ပွဲစီစဉ်သူများကလည်း အသိပေး ပြောကြားထားပြီ ဖြစ်သည်။
အသက် ၂၈ နှစ် အရွယ်ရှိ မက်ဂရီဂေါ်သည် UFC ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးပြိုင်ပွဲတွင် ဖယ်သာဝိတ်တန်း၊ လိုက်ဝိတ်တန်းနှင့် ၀ယ်လ်တာဝိတ်တန်းတို့၌် စိန်ခေါ်ပွဲများ ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးပြီး ယင်းဝိတ်တန်းသုံးခုလုံးတွင် မက်ဂရီဂေါ်က ချန်ပီယံ ရွှေခါးပတ်ဆုများကို ဆွတ်ခူးရယူနိုင်ခဲ့ဖူးသည်။
မေဝယ်သာသည် လက်ဝှေ့ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ပွဲစဉ်ပေါင်း ၄၉ ပွဲကို ရှုံးပွဲမရှိ ထိုးသတ်ကာ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်၌ ကစားသမားဘဝက အနားယူသွားခဲ့ခြင်းဖြစ်ပြီး ယင်းပွဲစဉ် ၄၉ ပွဲတွင် မေဝယ်သာက ပြိုင်ဘက်များကို အလဲထိုးဖြင့် ၂၆ ပွဲ၊ အမှတ်ဆုံးဖြတ်ချက်ဖြင့် ၂၃ ပွဲ အနိုင်ရရှိခဲ့သည်။
ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား မက်ဂရီဂေါ်သည် ၎င်း၏ ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း UFC ပွဲစဉ်ပေါင်း ၂၄ ပွဲ ယှဉ်ပြိုင်ခဲ့ရာတွင် ၂၁ ပွဲနိုင်၊ သုံးပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပြီး မေဝယ်သာနှင့် မက်ဂရီဂေါ်တို့၏ စိန်ခေါ်ပွဲစဉ်ကို လက်ဝှေ့စည်းမျဉ်းများဖြင့် ၁၂ ချီ စိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်သွားစေမည် ဖြစ်ကြောင်း တာဝန်ရှိသူများကလည်း ထုတ်ပြန်ကြေညာထားပြီဖြစ်သည်။
ကမ္ဘာ့ထိုးသတ်ကြေး အမြင့်ဆုံး လက်ဝှေ့ပွဲစဉ်အဖြစ် စံချိန်သစ်စိုက်ထူမည့် မေဝယ်သာနှင့် မက်ဂရီဂေါ်တို့၏ ပွဲစဉ်ကို ငွေတိုက်ပွဲ (The Money Fight) ဟု သတင်းမီဒီယာများက အမည်ပေးအပ် မှည့်ခေါ်ထားပြီး ယင်းစိန်ခေါ်ပွဲစဉ်အတွက် မေဝယ်သာက ထိုးသတ်ကြေး အမေရိကန်ဒေါ်လာ သန်း ၁၀၀၊ မက်ဂရီဂေါ်က ထိုးသတ်ကြေး အမေရိကန်ဒေါ်လာ သန်း ၈၀ ရရှိလိမ့်မည် ဖြစ်သည်။
မေဝယ်သာသည် ၎င်းကို လက်ဝှေ့လောကအတွင်းသို့ တစ်ကျော့ပြန်လည် ဝင်ရောက်ရန် ဆွဲဆောင်နိုင်စွမ်းရှိသူမှာ မက်ဂရီဂေါ် တစ်ဦးတည်းသာ ရှိကြောင်း လွန်ခဲ့သည့် လအနည်းငယ်ခန့်ကပင် ဖွင့်ဟဝန်ခံခဲ့ပြီး ၎င်းတို့နှစ်ဦး၏ ပွဲစဉ်ကို ပွဲစီစဉ်သူများက အမေရိကန်ပြည်ထောင်စု လတ်စ်ဗီးဂတ်မြို့ရှိ T-Mobile Arena တွင် ထိုးသတ်သွားစေလိမ့်မည် ဖြစ်သည်။
-
27-Apr-2018
-
27-Apr-2018
-
27-Apr-2018
-
27-Apr-2018
-
27-Apr-2018
-
27-Apr-2018
-
22-Apr-2018