News

POST TYPE

ARTICLE

ဒုတိယနှစ် စာမျက်နှာသစ်အဖွင့်
12-Jun-2017 tagged as


အစိုးရသက်တမ်း ဒုတိယနှစ်ကာလအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို အဓိက လုပ်ဆောင်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုလိုက်သည်။

“အစိုးရရဲ့ ရည်မှန်းချက်တစ်ခုက ကျေးရွာတွေကို တတ်နိုင်သမျှ မီးလင်းအောင် လုပ်ပေးရမှာ။ ရခဲ့တဲ့ ရန်ပုံငွေတွေနဲ့ ကျေးရွာတွေ မီးလင်းရမယ်၊ လမ်းတွေ ဖောက်ပေးရပါမယ်။ ဒါတွေလုပ်ပေးရင် ကျေးလက်နေတဲ့ ပြည်သူတွေကိုယ်တိုင် အလုပ်အကိုင် ဖန်တီးရင်းနဲ့ ဝင်ငွေတွေ အခွင့်အရေးတွေရအောင် လုပ်နိုင်ကြမှာပါ”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

ယင်းကဲ့သို့ လုပ်ဆောင်မှုတွင် ကျေးလက်ဒေသများ မီးလင်းရေး၊ လမ်း တံတား ဆောက်လုပ်ရေးနှင့် သောက်သုံးရေ ဖူလုံရေးတို့ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အစိုးရ၏ ဆင်းရဲမွဲတေမှု လျှော့ချရေး ရန်ပုံငွေဟူ၍ရှိသော်လည်း ဆင်းရဲတွင်းက လွတ်ရန်အတွက်မူ အစိုးရကိုချည်း အားကိုး၍တော့ မရချေ။ 

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ကနဦး လိုအပ်သည်။ ထို့နောက် လျှပ်စစ်မီးဖြစ်သည်။ ယင်းနှစ်ချက် ပြည့်စုံလျှင် ဒေသတစ်ခု၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မျှော်မှန်းနိုင်ပြီဖြစ်သည်။ 

လျှပ်စစ်မီးကို အမှီပြု၍ စီးပွားရေး၊ ပညာရေး စသည့် လူမှုစီးပွားများကို ပြုလုပ်နိုင်ကြပြီး မြန်မာနိုင်ငံရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများကို အမှီပြုနေထိုင်နေကြသည်ဖြစ်ရာ အခြေခံ အကျဆုံးမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးပင် ဖြစ်သည်။ ယင်းဖွံ့ဖြိုးမှုကို တိုင်းတာရန်မှာ လျှပ်စစ်မီး ရခြင်း မရခြင်းနှင့် များစွာ သက်ဆိုင်လှသည်။ 

အစိုးရတစ်ရပ်သာ ချမ်းသာနေခြင်းသည် နိုင်ငံဖွံ့ဖြိုးသည်ဟု မခေါ်ဆိုနိုင်ဘဲ ပြည်သူလူထု ဖွံ့ဖြိုးမှ နိုင်ငံဖွံ့ဖြိုးသည်ဟု မှတ်ယူရမည်ဖြစ်သည်။ ထို့ကြောင့် အစိုးရအနေနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးစေရန်အတွက် အစီအမံများ မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်သည်။ ဖွံ့ဖြိုးရေးအတွက် ဆိုရလျှင် ပညာရေးသည် အဓိကကျပြီး ပညာတတ်များရှိမှ ဒေသကို ပြန်လည် စောင့်ရှောက်နိုင်မည်ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ကျေးလက်ဖွံ့ဖြိုးရေး အဘယ့်ကြောင့် လိုအပ်သည်ကို ရှင်းပြသည်။ 

“နိုင်ငံမှာ ပညာတတ်တွေ လိုနေသေးတယ်။ ပညာတတ်လာရင် ကိုယ့်ဒေသကို အကျိုးပြုနိုင်မယ်၊ ကိုယ့်တိုင်းပြည်ကို အကျိုးပြုနိုင်မယ်။ ဒါတွေက အခြေခံကောင်းတွေ။ တိုင်းပြည် ဖွံ့ဖြိုးဖို့ ပညာ မြင့်မားရမယ်၊ လမ်းပန်းဆက်သွယ်ရေး ကောင်းရမယ်၊ လျှပ်စစ်မီး ရရမယ်။ လျှပ်စစ်မီးရလို့ တစ်ရွာလုံးပျော်တာ ကျွန်တော်တို့ကိုလည်း ကူးစက်စေပါတယ်”ဟု လက်ရှိအစိုးရ၏ မျှော်မှန်းချက်ကို ဒေါက်တာဇော်မြင့်မောင်က ပြောပြသည်။

မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ် မီးမရရှိသေးသည့် ကျေးလက်မှာ ၅၀ ရာခိုင်နှုန်းရှိနေသေးသဖြင့် အလင်းမရသူ  ထက်ဝက်မျှ ရှိနေသေးခြင်းဖြစ်သည်။  မီးလင်းခဲ့ပြီးသော ကျေးလက်များမှာ လည်း အစိုးရ သက်သက်သာမဟုတ်ဘဲ  ပြည်သူတို့၏ မီးလင်းရေးကော်မတီတို့ဖြင့် အားထုတ်မှုများကြောင့်လည်း ဖြစ်သည်။ 

မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၄၈၀၆ ရွာရှိပြီး လူဦးရေ ခြောက်သိန်း တစ်သောင်းကျော် နေထိုင်သဖြင့် ကျေးရွာပေါင်း နှစ်ထောင့်ငါးရာခန့်နှင့် လူဦးရေ သုံးသိန်းခန့် လျှပ်စစ်မီးကို ကောင်းမွန်စွာ အသုံးမပြုကြရသေးဟု ကောက်ချက်ချရမည်ဖြစ်သည်။

ယင်းအပြင် ကျေးလက်ဒေသအတွက် မရှိမဖြစ်ဖြစ်သည့် ကျေးရွာချင်း ဆက်လမ်းများ၊ ကုန်ထုတ်လမ်းများကိုလည်း ထပ်မံ တည်ဆောင်ပေးရန် လိုအပ်နေသည်။ ယင်းအချက်တို့မှာ ဖွံ့ဖြိုးရေးအတွက် အခြေခံအုတ်မြစ်များ ဖြစ်ပါသည်။ 

“ကျွန်တော်တို့ USAID ကို အကူအညီတောင်းပြီး တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အလုပ်ရုံ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် လုပ်ပါတယ်။ ရေးနေတဲ့စာတမ်းကလည်း နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

တိုင်းဒေသကြီးနှင့် သက်ဆိုင်သည့် မူဝါဒများ ချမှတ်ရန် လိုအပ်ပြီး စိုက်ပျိုးရေး၊ နိုင်ငံခြားခရီးသွားနှင့် SME လုပ်ငန်းများအတွက် မူဝါဒများကို ရေးဆွဲနေကြောင်း၊ ယင်းလုပ်ငန်းသုံးခုသည် မန္တလေးတိုင်းဒေသကြီးအတွက် အချက်အချာကျသည့် လုပ်ငန်းများဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ သို့သော် မည်သည့်အချိန်တွင် ပြီးစီးမည်ကိုတော့ ပြောဆိုခြင်း မရှိသေးပေ။ 

ယခုဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် ကျပ်သန်း လေးထောင့်နှစ်ရာကျော် သုံးစွဲမည်ဟု  တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရှိရသည်။ 

မြို့နယ် ၁၃ ခု၏ ကျေးလက်ချင်းဆက် လမ်းများပေါ်တွင် ကွန်ကရစ်တံတားများ တည်ဆောင်ရန်အတွက် ကျပ် ၁၀၃၁ သန်း၊ မြို့နယ် ၁၇ ခု၏ ကျေးလက်ချင်းဆက် လမ်းများကို မြေသားလမ်း ဖောက်လုပ်ရန်တို့အတွက် ကျပ် ၂၄၁၄ သန်းနှင့် မြို့နယ် ၁၆ ခုအတွင်းမှ ကျေးရွာ ၆၉ ရွာတွင် စက်ရေတွင်းနှင့် ရေကန်များ တူးဖော်ခြင်း၊ ရေရရှိရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းတို့အတွက် ကျပ် ၇၆၅ သန်းကို အသုံးပြု လုပ်ဆောင်သွားမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းများကို တင်ဒါခေါ်ယူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးမင်းဟန်က ပြောဆိုထားသည်။ 

ပူပြင်းခြောက်သွေ့သည့် ရာသီဥတုကြောင့် နှစ်စဉ် ရေပြတ်လပ်မှုများ ကြုံတွေ့ရတတ်သည့် ကျေးလက်ဒေသများအတွက် မိုးရေ သိုလှောင်သည့်စနစ်ကို စတင်ရန်လည်း ပြင်ဆင်နေသည်ဟု တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ဆိုသည်။ 

တိုင်းဒေသကြီးအတွင်းရှိ မိုးနည်း ရေရှား ရပ်ဝန်းဒေသများဖြစ်သော မြင်းခြံ၊  ညောင်ဦး၊ ရမည်းသင်း၊ မိတ္ထီလာ၊  ကျောက်ဆည်ခရိုင်ငါးခုတွင် မိုးရေသို လှောင်ရေး အစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ 

ခရိုင်များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဆည်၊ မြောင်းတို့နှင့် ဝေးသည့်ဒေသများကို ဦးစားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“တောင်သာတို့၊ နွားထိုးကြီးတို့လို ဒေသမျိုးတွေကို ဦးစားပေး လုပ်သင့်တယ်။ ကျလာတဲ့မိုးရေကို အလဟဿ စီးဆင်းသွားတာမျိုး မဖြစ်အောင် ဒီလိုလုပ်လို့ရတယ် ဆိုတာကို အသိပညာ အရင်ပေးရမယ်”ဟု ဝန်ကြီး ဦးမျိုးသစ်က ပြောသည်။

စတင် လုပ်ဆောင်မည့်အချိန်နှင့် မည်သည့်နေရာတွင် စတင် လုပ်ဆောင်မည်ဆိုသည်ကို ဆက်စပ်ဌာနများနှင့်လည်း ပြန်လည် ဆွေးနွေးရဦးမည်ဖြစ်သည်။ 

ယင်းအစီအစဉ်မှာ မန္တလေးတိုင်းဒေသကြီးအတွင်း မြေအောက်ရေကို ၉၀ ရာခိုင်နှုန်းခန့် သုံးစွဲလျက်ရှိပြီး မြေအောက်ရေ ရှားပါးမှုကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် မိုးရေသိုလှောင်ကန်များ ပြုလုပ်ခြင်းဖြစ်ပြီး အထူးသဖြင့် ကျေးလက်ဒေသများအတွက် ထိရောက်သည့် အထောက်အပံ့ ဖြစ်စေနိုင်မည်ဖြစ်သည်။ 

ကုန်လွန်ခဲ့သည့် တစ်နှစ်တာ ကာလသည် “ပြောင်းလဲချိန်တန်ပြီ” ဆောင်ပုဒ်ဖြင့် ပြည်သူများ၊ ဌာနဆိုင်ရာ၊ အုပ်ချုပ်ရေးပိုင်းအတွင်း အပြောင်းအလဲတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လာမည့် ဒုတိယနှစ်အတွက် “ပြည်သူနှင့်အတူ”ဟူသော ဆောင်ပုဒ်ဖြင့် ဆက်လက်ချီတက်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ကပင် ပြောဆိုထားပြီး အပြောင်းအလဲကို ဆက်လက် လုပ်ဆောင်ရန်အတွက် အစိုးရကို ပြည်သူတို့က ကူညီရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် ဘတ်ဂျက်သည် ယခင်အစိုးရချမှတ်ခဲ့သည့် ဘတ်ဂျက်နှင့် စီမံကိန်းများကို လုပ်ဆောင်ရခြင်းဖြစ်သဖြင့် ထင်သလောက် မလုပ်နိုင်ဘဲ ယခုလာမည့်  ဘတ်ဂျက်သည် မိမိတို့အစိုးရ၏ စေတနာကို ထင်ဟပ်စေမည့် ဘတ်ဂျက်နှင့် စီမံကိန်းများဖြစ်သည်ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။ 

“၂၀၁၇-၂၀၁၈ ဘတ်ဂျက်က ကျွန်တော်တို့ အစိုးရ ရေးဆွဲတာပါ။ ကိုယ့်ခြေကိုယ့်လက်နဲ့လုပ်ရတဲ့ ဘတ်ဂျက်ဖြစ်ပါတယ်။ ဘတ်ဂျက် သုံးစွဲတဲ့အခါမှာလည်း မူတစ်ခု ချမှတ်ခဲ့ပါတယ်။ ကျွန်တော်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ဇောင်းပေးပါတယ်”ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။ 

သို့သော်လည်း ပြီးခဲ့သည့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မိမိတို့လုပ်ဆောင်ခဲ့သည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်သည်ဟု ယူဆခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောဆိုသည်။ 

ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် တင်ဒါ လုပ်ငန်းများကို ဖိဖိစီးစီး လုပ်ဆောင်ခဲ့သဖြင့် ကျပ်သိန်းငါးထောင်ခန့် ပိုလျှံလာခဲ့ကြောင်း၊ အဆိုပါ တင်ဒါပိုငွေများကို  ပြန်အပ်ရမည်ဖြစ်သဖြင့် သုံးစွဲရန် အခက်အခဲရှိခဲ့ကြောင်း၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းအရ တိုင်းဒေသကြီးကို ချပေးထားခြင်းဖြစ်၍ ပညာရေးအတွက် ချထားလျှင် ပညာရေးအတွက်ပင် သုံးစွဲလိုက်သည့်နည်းဖြင့် အဆိုပါငွေများကို ပြန်လည် သုံးစွဲခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။ 

“အရင်တုန်းကဆို ဒီလို တင်ဒါပိုငွေတွေ မရှိဘူး”ဟု ဝန်ကြီးချုပ်က ပြောသည်။ 

မေလ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့၏ တစ်နှစ်တာသက်တမ်းအတွင်း လုပ်ဆောင်မှုများကို ရှင်းလင်းပွဲတွင် ထိုတစ်နှစ်အတွင်း စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့ရကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဖွင့်ဟခဲ့သည်။ အချို့မှာ ပြင်းထန်ပြီး အချို့မှာ ချီးမွမ်းသည့်အကြောင်းတို့လည်း ပါသည်ဟု ဆိုသည်။ 

“ကျွန်တော်တို့ အစိုးရအနေနဲ့ ဒီမိုကရေစီကို ရုန်းကန်ခဲ့တဲ့ နှစ်ကာလတွေနဲ့ယှဉ်ရင် သက်တမ်း တိုပါတယ်။ ဒီတစ်နှစ်အတွင်းမှာ အတွေ့အကြုံ အများကြီး ရခဲ့ပါတယ်။ သင်ခန်းစာ အများကြီး ရခဲ့ပါတယ်။ တိုင်းပြည် ထူထောင်ရေးဆိုတာ အစိုးရတစ်ဖွဲ့တည်းနဲ့ လုပ်လို့မရဘူး။ ပြည်သူလူထု ပူးပေါင်းကူညီဖို့ အကူအညီ  အများကြီး လိုအပ်ပါတယ်”

မြင်းခြံမြို့နယ်တွင် မေလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားတွင် ဒေါက်တာဇော်မြင့်မောင် ပြောဆိုခဲ့သည့်  စကားတစ်ခွန်းရှိသည်။ 

“အစိုးရက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတယ်။ ကျောသား ရင်သား မခွဲခြားပါဘူး၊ လူထုရဲ့အကျိုးကို မလုပ်ဘူးဆိုရင် ကျွန်တော်တို့ တာဝန်ကျေမှာ မဟုတ်ပါဘူး”ဟု ဆိုလေသည်။ 

ယခုအချိန်သည် အစိုးရသစ် သက်တမ်း ဒုတိယနှစ်၏ အစဦးကာလများပင် ဖြစ်သေးသည်။ ကျေးလက် အဓိကဟုပြောဆိုသည့် မန္တလေးတိုင်း အစိုးရအဖွဲ့၏ အကောင်အထည် ဖော်ဆောင်မှုများကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

မြတ်(ကလေး)

  • TAGS