News

POST TYPE

ARTICLE

မှန်စီရွှေချ အိပ်မက်များ
12-Jun-2017 tagged as


လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှု အနုပညာ အဆင့်အတန်းကို သိလိုလျှင် တူရိယာဂီတ၊ စာပေသုခုမနှင့် သမိုင်းကြောင်းများကတစ်ဆင့် လေ့လာကြရသည်။ မျိုးနွယ်စုတို့၏ ဖြတ်သန်းမှု၊ အသိပညာ၊ ယဉ်ကျေးမှု၊ လက်မှုအနုပညာတို့က နှစ်အဆက်ဆက် လက်ဆင့်ကမ်းရင်း ဂီတအဖြစ် ပေါက်ဖွားလာကြသည်။

မြန်မာ့အနုပညာဂီတ သုခုမဟုပြော လိုက်လျှင် ရွှေရောင်ဝင်းနေသော ဆိုင်းဝိုင်းကြီးများ၊ အိုးစည်၊ ဒိုးပတ်ဝိုင်းများက မပါမဖြစ်။ ကမ္ဘာ့စင်မြင့် ဖျော်ဖြေရေးဇာတ်ခုံများတွင်ပါ နေရာယူလာသော မြန်မာ့ဆိုင်းဝိုင်း အပြင်အဆင်များသည် ရှေးကလိုပင် လက်မှုလုပ်ငန်း သီးသန့်အဖြစ် မိရိုးဖလာ လုပ်ကိုင်နေကြတုန်း ဖြစ်သည်။ 

မြန်မာ့ရိုးရာဆိုင်းဝိုင်းလုပ်ငန်းကို မန္တလေးမြို့တွင် ရိုးရာမပျက် လုပ်ကိုင်နေသော မိသားစုဆို၍ မိသားစုနှစ်စုသာ ကျန်ရှိတော့သည်။ ထိုထဲမှ နှစ်ပေါင်း ၆၀ ကျော် ရှေးမူမပျက် လုပ်ကိုင်လာသော ဦးသန်းမောင်၊ ဒေါ်ကြည်မိသားစု မှန်စီရွှေချ ဆိုင်းဝိုင်းလုပ်ငန်းကတော့ မန္တလေးဘုရားကြီး တောင်ဘက်မုခ်တွင် ယနေ့တိုင် လုပ်ကိုင်နေဆဲဖြစ်သည်။

မှန်စီရွှေချ ဆိုင်းဝိုင်းတစ်ခု လုပ်ကိုင်ရာတွင် သစ်သားအကြမ်းထည်မှအစ မှန်စီရွှေချလုပ်ငန်းအထိ မြန်မာ့လက်မှု ပညာများသာ အသုံးပြုရသည်။ ပန်းပု၊ ပန်းပွတ်၊ ပန်းယွန်းတို့က အဓိကဖြစ်ပြီး မှန်စီရွှေချပညာက နောက်ဆုံးမှ ပါလာသည်။ 

မှန်စီရွှေချ ဆိုင်းဝိုင်းတစ်ခု ဖြစ်လာဖို့ လူအင်အား၊ ငွေအင်အား၊ ပညာရှင်အင်အားက မနည်းလှသလို ကုန်ကျစရိတ်ကလည်း မသက်သာလှ။ ဆိုင်းဝိုင်းတစ်ခု  စင်မြင့်ပေါ်တွင် လှပခမ်းနားနေဖို့၊ ရင်သပ်ရှုမောဖြစ်နေဖို့ မှန်စီရွှေချ ဆိုင်းဝိုင်းပညာရှင်တို့၏ ပညာက အရေးပါလှသည်။ 

ရှေးတုန်းကလို မြန်မာ့ဆိုင်းဝိုင်းတွေ၊ သဘင်သုခုမတွေ အားကောင်းလွန်းလှသည် မဟုတ်တော့သည့်ခေတ်မို့ မှန်စီရွှေချဆိုင်းဝိုင်း လုပ်ငန်းများသည် ဇာတ်ပွဲရာသီ၊ ဆိုကရေးတီး ပြိုင်ပွဲရာသီများကို အားပြုပြီး ဆိုင်းဝိုင်းဆင်ကြ၊ ပြုကြရသည်။ 

မန္တလေးဆိုင်းဝိုင်းဟု ခေါ်သည့် သဘင်ပညာရှင် အသိအမှတ်ပြု ဆိုင်းဝိုင်းတစ်ခု ဖြစ်လာဖို့ ဆိုင်းဝိုင်း ၁၀ ချပ်တန်းဟု ခေါ်သည့် အချပ် ၁၀ ချပ်ပါရသည်။ ချဲ့ရင်ချဲ့နိုင်သလို ၁၈ ချပ်တန်းအထိလည်း ချဲ့နိုင်သေးသည်။ ဒိုးကာ၊ ရွဲ့၊ ဆိုင်းဝိုင်း၊ ကြေးဝိုင်းစသဖြင့် တစ်ချပ်စီတိုင်းအတွက် အခေါ်မတူညီသလို လုပ်ရသည့် ပညာကလည်း မတူညီလှ။ 

ပထမဦးစွာ ဆိုင်းဝိုင်းအတွက် ချိတ်ဆက်ရမည့် အချပ်များကို လွှ၊ ဆောက်၊ သပ်၊ တူတို့ အသုံးပြုပြီး သစ်သားပုံကြမ်း ဖော်ရသည်။ ရှေးမူမပျက် ကနုတ်လိုင်းများ လျာထားပြီး ပန်းချီပုံကြမ်း ဆွဲရသည်။ ပြီးလျှင်တော့ ကနုတ်များ ပေါ်လာစေရန် ပန်းပု၊ ပန်းပွတ်ပညာများအသုံးပြုပြီး ပုံဖော်ရသည်။ ပန်းပုသမားက ပန်းဖောက်ပြီးလျှင်တော့ အဖြူထည်ဟုခေါ်သည့် ဆိုင်းဝိုင်းချပ် ပုံကြမ်း ထွက်လာလေပြီ။ ဆိုင်းဝိုင်းပြုလုပ်ရာတွင် ပန်းဖောက်သည့်အခါ မကျိုးမပဲ့လွယ်အောင်၊ သယ်ဆောင်ရ ဖြုတ်ရတပ်ရ လွယ်ကူအောင် ပေါ့ပါးခိုင်ခံ့သည့် သစ်မျိုးဖြစ်သော ယမနေ သားသာ အသုံးပြုရခြင်းကလည်း ထူးခြားမှုတစ်ခုဖြစ်သည်။ 

အဖြူထည်ခွေပြီးသည့် ဆိုင်းဝိုင်းချပ်များကို ကော်ပတ်များဖြင့် တိုက်စားပြီး အချောကိုင်ရသည်။ ထိုအဆင့်ကို ပန်းချောသည်ဟုလည်း ခေါ်သည်။ ပန်းချောပြီးလျှင်တော့ သစ်သာအကွဲအနာများ မပါရလေအောင် သစ်စေး၊ လွှစာမှုန့်တို့ဖြင့် သရိုးထေးရသည်။ 

သရိုးထေးပြီးလျှင်တော့ သစ်စေး သုတ်၊ သရိုးတင်ပြီး မှန်ကပ်သည့်အဆင့် ရောက်သည်။ ရှေးအခါတုန်းကတော့ မှန်စီရွှေချတွင် အသုံးပြုသည့်မှန်များကို ဖန်ရည်ကျို၊ ဖန်ချက်စက်ရုံများမှ သီးသန့် ထုတ်လုပ်သည့် ရွဲလုံး၊ ဖန်ကျောက်၊ မှန် ကျောက်များ အသုံးပြုခဲ့ကြသော်လည်း ယခုအခါတွင်တော့ အိန္ဒိယမှ တင်သွင်းသော အပွင့်ခံပါသည့် မှန်စများကို လိုသလို လှီးဖြတ်ပုံဖော်ကာ မှန်စီပြီး အသုံးပြုကြသည်က များသည်ဟု ဆိုင်းဝိုင်းလုပ်ငန်း လုပ်ကိုင်နေသူ ဒေါ်သီသီတင်က ဆိုသည်။

မှန်စီပြီးလျှင် သရိုးခင်းရသေးသည်။ သရိုးခင်းသည် ဆိုသည်မှာ ချက်ထားသော သစ်စေးကို ရွဲခုံပေါ်တင်၊ ပြာမှုန့်သိပ်၊ ပိုက်နှင့်လှိမ့်ပြီး သစ်စေးခပ်ခြောက်ခြောက်လေးများကို ပုတီးကြိုးလုံးများသဖွယ် ပုံဖော်ပြီး ဆိုင်းဝိုင်းချပ်များ ပေါ်ကပ်ရခြင်းဖြစ်သည်။ သစ်စေး၊ နောက်ချေးပြာတို့နှင့်  ပန်းယွန်းပညာအတိုင်း ပြုလုပ်ရခြင်းဖြစ်ပြီး သရိုးကြိုးလုပ်ရသည့်အဆင့်သည် လူတိုင်းလုပ်တတ်ရန် မလွယ်ကူသော ပညာလည်းဖြစ်သည်။ သစ်စေး အပျော့ အမာ၊ ပြာမှုန့်အချိန်အဆညီမှ သစ်စေးများက သရိုးခင်းနိုင်သော ကြိုးအဆင့် ဖြစ်လာသည်။

မှန်စီပြီး၊ ကြိုးခင်းပြီးလျှင်တော့ သစ်စေးသုတ်ကာ မြေတိုက်ထဲ သစ်စေး အိပ်အောင် ထားရသည်။ သစ်စေးတစ်ရေ သုတ်လိုက်၊ မြေတိုက်ထဲ သိပ်လိုက်၊ ပြန်ထုတ်လိုက်၊ သစ်စေး ပြန်သုတ်လိုက်ဖြင့် စုစုပေါင်း သစ်စေး သုံးရေတင်ပြီးမှ ရွှေကပ်ရန် အဆင်သင့်ဖြစ်သော အဆင့်သို့ ရောက်လေသည်။
 
ရွှေကပ်သည့်အဆင့်တွင် ရှေးတုန်းကတော့ မန္တလေး မျက်ပါးရပ်မှထွက်သော ရွှေဆိုင်းအစစ်များကို အသုံးပြုခဲ့ကြသော်လည်း ယခုအခါတွင်တော့ ဂျပန်ရွှေ၊ ကိုရီးယားရွှေ၊ တရုတ်ရွှေဟု ခေါ်ကြသော ရွှေရောင် ပလတ်စတစ်စများကို အသုံးပြုပြီး ရွှေကပ်ကြသည်က များသည်။ ရွှေဆိုင်း အစစ်ကို အသုံးပြုလျှင် အလေအလွင့်များ တတ်ခြင်း၊ ဈေးနှုန်း ကြီးမြင့်ခြင်းများကြောင့်လည်း ပါသည်။ ဈေးကွက် လိုအပ်ချက်အရ မှန်စီရွှေချ လုပ်ငန်းများတွင် ရွှေဆိုင်းအစစ်ကို အသုံးပြုမှုက နည်းပါးလာသည်။

သစ်စေးအိပ်ထားပြီး တစ်ချပ်လုံး မည်းမှောင်နေသော ဆိုင်းဝိုင်းချပ်များကို တစ်ပြင်လုံး ရွှေရောင်ဖြစ်စေရန် ရွှေကပ်ပြီးလျှင်တော့ ရွှေခွာသည့်အဆင့် ရောက်ပြီ။ ဆိုင်းဝိုင်းတစ်ခုလုံး ရွှေရောင်ဖြင့် လှပနေသော်လည်း မှန်စီရွှေချ၏ သဘောသဘာဝအရ မှန်ပေါ်တွင် ကပ်နေသော ရွှေများကိုတော့ ခွာပါမှ မှန်၏အလှ ရွှေ၏အလှတို့ လက်ပြီး ပေါ်လွင်ပေလိမ့်မည်။

တစ်ပြင်လုံး ရွှေရောင်ဖိတ်ဖိတ် တောက်နေသော ဆိုင်းဝိုင်းချပ်ပေါ်က မှန်များပေါ်တွင် သစ်စေးနှင့်အတူ ကပ်နေသော ရွှေများကိုခွာရန် မှန်စီရွှေချ လုပ်ငန်းများမှ အမျိုးသမီး လုပ်သားများက အဓိက လုပ်ရသည်။ မှန်တစ်ချပ်ချင်းကို လက်နှင့် စမ်းလိုက်၊ ဓားပြားလေးများနှင့် အပေါ်ယံ ရွှေလွှာများကို ထိုးခွာလိုက်နှင့်  တစ်နေကုန် တကုပ်ကုပ် လုပ်ပြီးလျှင်တော့ ဆိုင်းဝိုင်းချပ်များပေါ်က မှန်တို့လည်း ရွှေနှင့်အပြိုင် လင်းလက်လာလေပြီ။ 

တစ်ချပ်ပြီးတစ်ချပ်၊ မှန်စီရွှေချ ပြီးသော ဆိုင်းဝိုင်းချပ်များကို သူ့နေရာ၊ သူ့အစီအစဉ်နှင့်သူ ချိတ်ဆက်ပြီးလျှင်တော့ အခမ်းအနားတွေ၊ စင်မြင့်ထက်တွေတွင် တောက်ပခန့်ညားစွာ နေရာယူသော မြန်မာ့ဆိုင်းဝိုင်းများ ဖြစ်လာသည်။ ခန့်ညားသော ဆိုင်းဝိုင်းတစ်ဖွဲ့ ဖြစ်လာဖို့ အတီး အမှုတ်ပညာ သာမက မြန်မာ့ဆိုင်းဝိုင်း၏  မျက်စိပသာဒဖြစ်မှု အပြင်အဆင်ကလည်း  အရေးကြီးလှသည်။

မှန်စီရွှေချဟု ဆိုလိုက်လျှင် မြန်မာ့ရိုးရာ ဆိုင်းဝိုင်းများအပြင် ဘုရားပလ္လင်၊ ဘုရားကျောင်းဆောင်၊ စောင်း၊ ပုရပိုက် သေတ္တာ၊ ပတ္တလား၊ စောင်းစသော အသုံး အဆောင်၊ တူရိယာများလည်း မှန်စီရွှေချနှင့် မကင်းနိုင်ခဲ့။ ယခုအခါတွင်တော့ မှန်စီ ရွှေချပညာရပ်ကို မန္တလေး မဟာမုနိဘုရားကြီးတောင်ဘက် အာနန္ဒာစောင်းတန်း တစ်ဝိုက်တွင်သာ အများဆုံး တွေ့ကြရတော့သည်။ 

မှန်စီရွှေချ မြန်မာ့ဆိုင်းဝိုင်းစစ်စစ် ဆို၍ လုပ်တတ်သူ ပညာရှင်လည်း ရှားပါးသွားပြီဖြစ်သလို အချို့သော သဘင်ပညာရှင်များကလည်း အသစ်အဆန်းထွင်ကာ  ဆိုင်းဝိုင်းကို စတီးများဖြင့် ပုံခွေပြီး တီးမှုတ်ကြသည်များလည်း ပြုလုပ်လာသည်။ ယခင်က စိန်ဝိုင်း၊ ဒေါင်းဝိုင်းစသဖြင့် ဆိုင်းပညာရှင် ရွာစားများ တန်ဖိုးထားခဲ့ကြသော မြန်မာ့ဆိုင်းဝိုင်းပညာတို့ မန္တလေးမှာ ရှားပါးပညာရပ်အဖြစ်သာ ကျန်ရှိတော့သည်။ မှန်စီရွှေချ ဆိုင်းဝိုင်းတို့ စင်မြင့်ထက်မှာ တစ်ဖန် ရွှေရောင် တောက်ပနိုင်ဦးမည်လား ဆိုသည်ကိုတော့ ဆိုင်းဝါသနာရှင်များ သာမက ဆိုင်းဝိုင်းတီးမှုတ်နေသော ဆိုင်းပညာရှင်တို့ ကိုယ်တိုင် ရင်တမမဖြင့်  မျှော်လင့်နေရဆဲ ဖြစ်ပါလိမ့်မည်။

ယဉ်ယဉ်နှောင်း

  • TAGS