POST TYPE

ARTICLE

‘အ’ လျှင် ခံစတမ်း၊ ရပ်ဝန်းတစ်ခု လမ်းတစ်လမ်း၊ ၂၁ ရာစု ပိုးကုန်သည်တစ်ဦး မြန်မာဖြစ်လာနိုင်မည်လော
15-May-2017 tagged as မြန်မာ တရုတ်

လွန်ခဲ့သော အနှစ် ၂၀၀၀ ကျော်က ပိုးလမ်းမကြီးသည် အာရှနှင့် ဥရောပကို ချိတ်ဆက်ပြီး ပိုးထည်မှသည် ကုန်စည်မျိုးစုံသာမက ယဉ်ကျေးမှုများ၊ အတွေးအခေါ်များ၊ နည်းပညာများကိုပါ ပေါင်းကူးပေးခဲ့သလို ရောဂါဘယတို့ကိုလည်း အနောက်မှအရှေ့ အလွယ်တကူ ပျံ့နှံ့စေခဲ့သည်။ အထူးသဖြင့် ပုလိပ်ရောဂါကို သယ်ဆောင်ပေးခဲ့သည်။

ယခု တရုတ်က ၂၁ ရာစု၏ ပိုးလမ်းမ ရည်မှန်းချက်ကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ ပိုးလမ်းမသစ်၏ လမ်းဆုံလမ်းခွ တစ်နေရာမှ မြန်မာနိုင်ငံသည်လည်း ၂၁ ရာစု ပိုးကုန်သည်တစ်ယောက် အဖြစ် ကြီးပွားတိုးတက်ခွင့် ရှိနေသည်။ ထို့အတူ အကွက်ရွှေ့မှားလျှင်၊ မပါးနပ်လျှင် သြဇာနွံနစ်နိုင်သည်၊ ကြွေးနွံနစ်နိုင်သည်။

တောတောင်ထူထပ်သော လာအိုတောင်တန်းများ တစ်လျှောက်မှာ တရုတ်အင်ဂျင်နီယာများက ဥမင်နှင့် တံတားရာပေါင်းများစွာကို ဆောက်လုပ်နေသည်။ အာရှ ရှစ်နိုင်ငံကို ချိတ်ဆက်သွားမည့် ဒေါ်လာ ၆ ဘီလျံတန် မိုင် ၂၆၀ ရထားလမ်း စီမံကိန်းအတွက် ဖြစ်သည်။ ပါကစ္စတန်၏ ဓာတ်အား မလုံလောက်မှု ပြဿနာကို ဖြေရှင်းဖို့ ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရာမှာ သုံးနေသည်ကလည်း တရုတ်ပိုက်ဆံများ ဖြစ်သည်။ ဒေါ်လာ ၄၆ ဘီလီယံမျှ ရှိမည်ဟု ခန့်မှန်းထားကြသည်။

တရုတ်စီမံကိန်း ရေးဆွဲသူများက ဘူဒါပတ်စ်မှသည် ဘဲလ်ဂရိတ်အထိ ရထားလမ်းမြေပုံ ဆွဲနေကြသည်။ ဂရိနိုင်ငံမှ တရုတ်ပိုင်ဆိပ်ကမ်းမှသည် ဥရောပတစ်လွှားသို့ ပြည်ကြီးလုပ် ကုန်စည်များ စီးဆင်းမည့် သွေးကြောပုံ ထုတ်နေကြသည်။

ဤစီမံကိန်းများနှင့်အတူ အာရှ၊ အာဖရိကနှင့် ဥရောပတစ်လွှားမှ ဧရာမ အခြေခံအဆောက်အအုံ စီမံကိန်းများသည် တရုတ်၏ ရည်မှန်းချက် ကြီးလွန်းသော စီးပွားရေးနှင့် ပထဝီ နိုင်ငံရေးလုပ်ငန်းစဉ်၏ ကျောရိုးဖြစ်သည်။ သမ္မတ ရှီကျင့်ဖျင်သည် နက်ရှိုင်းသော စီးပွားရေး ချိတ်ဆက်မှုနှင့် အားကောင်းသော သံတမန်ရေး တည်ဆောက်မှု ဖန်တီးဖို့ရာ တရုတ်ဆောက်လုပ်ရေး ကုမ္ပဏီများအတွက် ဈေးကွက်သစ်များ ဖန်တီးရင်း အစိုးရ ဦးဆောင်သော ဖွံ့ဖြိုးရေးစနစ် ဆိုသည့်  တရုတ်ပုံစံကိုပါ တင်ပို့နေခြင်း ဖြစ်သည်။

ကမ္ဘာ့စီးပွားရေး ဖွဲ့စည်းပုံကို ကိုင်လှုပ်ခြင်း

တရုတ်မဟာစီမံကိန်းကြီး၏ အမည်အပြည့်အစုံမှာ ပိုးလမ်းမ စီးပွားရေးရပ်ဝန်းနှင့် ၂၁ ရာစု ရေကြောင်းပိုးလမ်းမ (The Silk Road Economic Belt and the 21st-century Maritime Silk Road) ဖြစ်သည်။ အတိုကောက်အားဖြင့် ‘ရပ်ဝန်းနှင့် လမ်းလှုပ်ရှားမှု’၊ ‘ရပ်ဝန်းနှင့်လမ်း’၊ ‘ရပ်ဝန်းတစ်ခု- လမ်းတစ်ခု’ ဟူ၍လည်း ခေါ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ယူရေးရှား (ဥရောပ-အာရှ) တစ်ခုလုံး ချိတ်ဆက်မည့် ဖွံ့ဖြိုးရေး မဟာဗျူဟာ ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် အဆိုပြုသော ယင်းမဟာဗျူဟာတွင် အစိတ်အပိုင်းနှစ်ခု ပါရှိပြီး ပထမပိုင်းက ‘ပိုးလမ်းမ စီးပွားရေးရပ်ဝန်း (SREB)’ ဖြစ်ကာ ဒုတိယက သမုဒ္ဒရာပိုင်းမှ ချိတ်ဆက်မည့် ‘ရေကြောင်းပိုးလမ်းမ (MSR)’ ဖြစ်သည်။ 

(အချို့က Belt ကို ‘ခါးပတ်’ ဟု ကဗျာမဆန်စွာ တိုက်ရိုက်ပြန်ကြသော်လည်း အင်္ဂလိပ်-မြန်မာ အဘိဓာန်များမှာ အမှတ် ၃ အဓိပ္ပာယ် ဖွင့်ဆိုချက်အဖြစ် ‘ရပ်ဝန်း’ ဟု ပေးထားသည်။ Merriam Webster Dictionary ပါ Belt ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အမှတ် ၃ (က) တွင်လည်း area characterized by some distinctive feature (as of culture, habitation, geology, or life forms); especially :  one suited to a particular crop the corn belt (ယဉ်ကျေးမှု၊ နေထိုင်မှု၊ ဘူမိဗေဒ သို့မဟုတ် သက်ရှိပုံစံများ) ထူးခြားသော ဝိသေသလက္ခဏာ တစ်စုံတစ်ရာဖြင့် သတ်မှတ်သော ဧရိယာ၊ အထူးသဖြင့် သီးနှံတစ်မျိုးမျိုး စိုက်ပျိုးရန် သင့်လျော်သော ဧရိယာ၊ ဥပမာ၊ ပြောင်းဖြစ်ထွန်းရာရပ်ဝန်း၊ အရပ်ဒေသ) ဆိုသော အနက်ကို ကြည့်လျှင် ရပ်ဝန်းဆိုသော စကားလုံးမှာ  ပိုသင့်လျော်သလို ပိုလှသည်ဟု ထင်သည်)

နိုင်ငံပေါင်း ၆၀ ဝန်းကျင် ပါရှိမည့် စီမံကိန်းထဲတွင် အာရှနှင့် ဥရောပတို့က အဓိက ပါဝင်သော်လည်း သမုဒ္ဒရာပိုင်းဒေသနှင့် အရှေ့အာဖရိကပါ ထည့်ထားသောကြောင့် မာကိုပိုလို ဖြတ်သန်းခဲ့ဖူးသော  ပိုးလမ်းမကြီးထက် ပိုကြီးကျယ်သည်ဟု ဆိုနိုင်သည်။ တရုတ်၏ အခြေခံအဆောက်အဦအတွက် ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၁ ထရီလီယံအထိ ရှိနိုင်ပြီး အရပ်ရပ် ရင်းနှီးမြှုပ်နှံမှု အားလုံးပေါင်းလိုက်လျှင် ဒေါ်လာ ၄ ထရီလီယံမှ ၈ ထရီလီယံအထိပင် ရှိနိုင်သည်။

၂၁ ရာစု ပိုးလမ်းမ စီးပွားရေးရပ်ဝန်းတွင် မူလပိုးလမ်းမ ဖြတ်သန်းရာ အာရှအလယ်ပိုင်း၊ အနောက်အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့ ပါဝင်သလို တိုးချဲ့ဒေသအဖြစ် တောင်အာရှနှင့် အရှေ့တောင်အာရှပါ ပါဝင်နေသည်။ ရပ်ဝန်းအတွင်း ပါဝင်နိုင်သော နိုင်ငံအများစုမှာ မကြာသေးမီကမှ တရုတ်ဦးဆောင် ထူထောင်ထားသော အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) အဖွဲ့ဝင်များလည်း ဖြစ်နေသည်။

ရေကြောင်းပိုလမ်းမကြီး ဆိုသည်ကတော့ အရှေ့တောင်အာရှ၊ သမုဒ္ဒရာပိုင်း၊ မြောက်အာဖရိကတို့မှ တစ်ဆက်တစ်စပ်တည်း ရေပြင်တစ်လျှောက် ရေကြောင်းကုန်သွယ်ရေးကွန်ရက် လမ်းကြောင်းကြီးကို ဆိုလိုသည်။ တောင်တရုတ်ပင်လယ်၊ တောင်ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယ သမုဒ္ဒရာဧရိယာ တစ်ခုလုံးကို ဆိပ်ကမ်းများဖြင့် ဖြန့်ကြက်ချိတ်ဆက်မည့် အစီအစဉ် ဖြစ်သည်။

ခြုံပြောရလျှင်မူ စီးပွားရေး ဖွဲ့စည်းပုံ စနစ်တစ်ခုလုံးကို ကိုင်လှုပ်ပစ်မည့် စီမံကိန်း ဖြစ်သည်။ တရုတ်၏ ကမ္ဘာ့အာဏာသစ်ကို အောင်ပွဲခံသည့် အနေနှင့် မြို့တော်ဘေဂျင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ မြန်မာနိုင်ငံမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များစွာနှင့် မေလ ၁၄ ရက်နေ့၌ တွေ့ဆုံဆွေးနွေးနေသည်။

သမ္မတရှီသည် တရုတ်၏ ဥစ္စာဓနနှင့် စက်မှုအတတ်တို့ကို အသုံးချပြီး အိုဟောင်းနေသည့် အနောက်လွှမ်းမိုးသော အဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်းများကို ဘေးချိတ်ထားမည့် ဂလိုဘယ်လိုက်ဇေးရှင်း အသစ်ကို ဖန်တီးရန် ရည်ရွယ်ပုံရသည်။ စကားအလှသုံးရလျှင် Globalization 2.0 ကို ဖန်တီးရန်ဖြစ်သည်။ ရည်မှန်းချက်မှာ ကမ္ဘာ့စီးပွားရေး ဖွဲ့စည်းပုံစနစ်ကို ပြန်ပုံသွင်းရန်နှင့် နိုင်ငံများ၊ ကုမ္ပဏီများကို တရုတ်အဝန်းအဝိုင်းအတွင်း ခိုင်မာအောင် သွတ်သွင်းရန်ဖြစ်သည်။

ဤစီမံကိန်းသည် တရုတ်စီးပွားရေး အကျိုးစီးပွားအတွက် ဆိုသည်ကတော့ ရှင်းလွန်းသည့် ကိစ္စပင်။ တရုတ်ပြည်တွင်း တိုးတက်မှု နှေးကွေးလာချိန်တွင် တိုင်းပြည်၌ လိုအပ်သည်ထက် ပိုလွန်သော သံမဏိ၊ ဘိလပ်မြေနှင့် စက်ယန္တရားများကို ဆက်ထုတ်နေသလို ဖြစ်နေသည်။ သို့ဖြစ်ရာ တရုတ်စီးပွားရေးအင်ဂျင် ဆက်လည်နိုင်ဖို့ရာ တစ်ကမ္ဘာလုံး၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများကို ဖြန့်ကြက်ရန် လိုအပ်လာသည်။

ရှီ၏ အစီအစဉ်မှာ ဒုတိယကမ္ဘာစစ်လွန် အမေရိကန်၏ မာရှယ်စီမံကိန်းနှင့် အလားတူ ပုံစံကို ပိုရဲရဲတင်းတင်းပုံစံဖြင့် အကောင်အထည်ဖော်ခြင်းဟု ဆိုနိုင်သည်။ ထိုစဉ်က အမေရိကန်သည် ဥရောပမှာ မဟာမိတ်အင်အားစု သိမ်းသွင်းနိုင်ဖို့ အကူအညီ အမြောက်အမြား ပေးခဲ့သည်။ တရုတ်သည်လည်း ကမ္ဘာတစ်ဝန်းတွင် မိတ်ဆွေသစ်များ ရရှိရန် မျှော်လင့်ချက်နှင့် ချေးငွေဒေါ်လာဘီလီယံ ရာချီထုတ်ပေးနေသည်။ အမေရိကန်ထက်ပင် သာသွားသည်က စစ်ရေးအရ တာဝန်ရှိမှုမျိုး မဖြစ်မနေ မတောင်းဆိုခြင်း ဖြစ်သည်။

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်က ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဖွဲ့မှု (TPP) ကဲ့သို့သော နိုင်ငံစုံ ကုန်သွယ်ရေး သဘောတူညီချက်မျိုးကို စွန့်လွှတ်လိုက်ပြီး ပြည်ပရေးရာများတွင် ပတ်သက်မှု လျှော့လိုသည့် သဘောထားကလည်း ရှီ၏ စီမံကိန်းအတွက် အားသာချက် ဖြစ်လာစေသည်။ 

အမေရိကန်နှင့် အခြားသော ဥရောပနှင့် အာရှမဟာမိတ် အများအပြားကမူ တရုတ်၏ စီမံကိန်းအပေါ် သတိကြီးစွာ ချဉ်းကပ်နေကြသည်။ သြစတြေးလျဆိုလျှင် ထိုအစီအစဉ်အတွက် လက်မှတ်ထိုးရန် ဘေဂျင်း၏ တောင်းဆိုမှုကို ငြင်းဆန်ထားသည်။ ပါကစ္စတန်မှ ဖြတ်ဖောက်မည့် လမ်းမကြီးသည် ပါကစ္စတန် လက်အောက်ရှိ ပိုင်နက်အငြင်းပွား ကက်ရှ်မီးယားအခြမ်းကို ဖြတ်မည်ဖြစ်သောကြောင့် အိန္ဒိယက ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။ သို့သော်လည်း မည်သည့် ပြည်ပခေါင်းဆောင်၊ နိုင်ငံစုံလုပ်ငန်းကြီးများ၏ အမှုဆောင်၊ ဘဏ်လုပ်ငန်းရှင်ကမျှ တရုတ်၏ ကမ္ဘာ့ကုန်သွယ်ရေးခေတ် ပြောင်းမည့် အစီအစဉ်ကို လျစ်လျူရှုရန် မဖြစ်နိုင်တော့။ 

လမ်းဆုံလမ်းခွက မြန်မာ

မလွန်ဆန်နိုင်သည့် အထဲတွင် ၂၁ ရာစု ပိုးလမ်းမ စီးပွားရေးရပ်ဝန်းတွင်ရော၊ ရေကြောင်းပိုလမ်းမတွင်ပါ အချက်အချာကျနေသည့်  မြန်မာက ထိပ်ဆုံးကပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးတွင်ရော၊ နိုင်ငံရေးတွင်ပင်ပါ တရုတ်က အဓိက ‘အညှာ’ များကို ကိုင်ထားနိုင်သည်။

အမေရိကတွင် ဒေါ်နယ်ထရမ့် တက်လာခြင်းကြောင့် အမေရိကန်၏ အာရှဗဟိုပြုဝါဒ အားပျော့လာခဲ့သလို ရခိုင်အရေးအကြောင်းပြချက်ဖြင့် အနောက်ကမ္ဘာက ဖိအားပေးနေချိန်တွင်  စီးပွားရေးတွင်ရော၊ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွင်ပါ ရုန်းကန်နေရသည့် NLD အစိုးအနေနှင့် တရုတ်ကို စုံကန်၍ မဖြစ်နိုင်။ အမေရိကန်နှင့် တရုတ်အကြား မျှခြေဖြင့် ကစားသင့်သည် ဆိုသော နိုင်ငံရေး သင်္ချာတွက်သူတို့ မျှော်မှန်းထားသလို ဖြစ်လာဖို့ကလည်း ခက်သည်ထက် ခက်လာသည်။ အရင်အစိုးရများ လက်ထက်က တရုတ်နှင့် သဘောတူညီခဲ့သော စီမံကိန်းတို့ကလည်း မထွေးနိုင် မအန်နိုင်။

နောက်ဆုံး အန်ချင်လျှင်ပင် အခြားရင်းနှီးမြှုပ်နှံသူ ကြီးကြီးမားမား မရှိသေးဘဲ တရုတ်ကို ကန်ဖို့မဖြစ်နိုင်။ ပြုပြင်ပြောင်းလဲရေး နှေးကွေး၊ လမ်းလွဲသည်ဟု ဝေဖန်ခံနေရသော NLD အစိုးရသစ်လက်ထက် မြန်မာပြည်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုက ထင်သလောက် တက်မလာသေး။ စီးပွားရေး နှေးကွေးနေချိန်မှာ အခွင့်အလမ်းတို့ ဖန်တီးပေးနိုင်သော စီမံကိန်းတို့ကို မျက်စိစုံမှိတ် ကျောခိုင်းဖို့ရာ မဖြစ်နိုင်။ 

မြစ်ဆုံစီမံကိန်းဆိုလျှင် နိုင်ငံသားအားလုံးလိုလိုက ကန့်ကွက်နေကြသည်။ ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် မြစ်ဆုံဆည်ကြီးကို ရပ်ထားရသည့်အတွက် တရုတ်ဘက်မှ အဘယ်မျှ မကျေမနပ် ဖြစ်နေသည် ဆိုခြင်းကို တရုတ်အာဘော် သတင်းစာများမှာ မြင်နေရသည်။ ယခုတော့ တရုတ်က အလျော်အစားလုပ်ဖို့ စီစဉ်လာသည်ဟု သတင်းတွေ ထွက်လာသည်။  

ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရဆိုလျှင် တရုတ်သည် သူ့ ရေကြောင်းပိုးလမ်းအတွက် မဟာဗျူဟာကျသော ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာ ရှယ်ယာ ၈၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ရရန် တောင်းဆိုနေသည်ဟု ဆိုသည်။

ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိသော အဆိုပါ ဆိပ်ကမ်းကို ၅၀/၅၀ လုပ်ရန် ယမန်နှစ်က  မြန်မာအစိုးရဘက်မှ ကမ်းလှမ်းခဲ့သော်လည်း စီမံကိန်းကို ဦးဆောင်သည့် တရုတ် CITIC ဘက်က လက်မခံ။ ရိုက်တာသတင်းဌာန၏ အတွင်းသတင်းရင်းမြစ်များကို ကိုးကားဖော်ပြချက်အရ ဆိုလျှင် တရုတ်ဘက်က မြစ်ဆုံကို ကျောက်ဖြူနှင့် အလဲအထပ်လုပ်လိုသည့် သဘော။

ကျောက်ဖြူဆိပ်ကမ်းသည် တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အတွက် ဝင်ပေါက်ဖြစ်သလို အရှေ့အလယ်ပိုင်းမှ စွမ်းအင်တင်ပို့ရာတွင်လည်း မလက္ကာရေလက်ကြားကို ရှောင်နိုင်သည့် လမ်းကြောင်းဖြစ်နေသည်။ ဆိပ်ကမ်းအပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ပါ ပါဝင်ရာ ၂၀၁၅ ကတည်းက နှစ်ခုစလုံးတွင် တရုတ်က ဦးဆောင်ခွင့် ရထားသည်။ 

မြန်မာဘက်က ပြန်ညှိနေသော်လည်း အနည်းဆုံး ၇၀ ရာခိုင်နှုန်းရမှ တရုတ်ဘက်မှ ကျေနပ်မည့် သဘော ရှိနေသည့် ကျောက်ဖြူမှ မြန်မာနိုင်ငံကိုဖြတ်ပြီး တရုတ်အနောက်တောင်ပိုင်းသို့ ရေနံပိုက်လိုင်း သွယ်တန်းမှုကလည်း ရှိနေသည်။ NLD အစိုးရမှာ ကျောက်ဖြူအတွက် ရွေးချယ်စရာ သိပ်မရှိဘဲ CITIC  ချပေးသည့် နည်းလမ်းလေးမျိုးထဲမှ တစ်ခုသာ ရွေးရမည်ဟု သတင်းရင်းမြစ်တို့ကို ကိုးကားပြီး ရိုက်တာက ဖော်ပြထားသည်။

ငြိမ်းချမ်းရေး အားထုတ်မှု အပေါ်တွင်လည်း တရုတ်က အတိုင်းအတာတစ်ခုအထိ သြဇာလွှမ်းမိုးနိုင်စွမ်း ရှိနေသည် ဆိုခြင်းကို နှစ်နိုင်ငံနယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင်များ အရေးက သက်သေပြနေသည်။ ‘ဝ’ နှင့် ကိုးကန့်လက်နက်ကိုင်များ အရေးမှာ တရုတ်သြဇာ အဘယ်မျှ တာသွားသည်ကို ဖြစ်စဉ်တို့က သက်သေပြပြီး ဖြစ်သည်။ KIA နှင့် ဆွေးနွေးလျှင်လည်း တရုတ်ပြည်ဘက်တွင် ဆွေးနွေးရခြင်းက တရုတ်၏ ကြားဝင် ပတသက်နိုင်မှု အတိုင်းအတာကို ထင်ရှားစေသည်။

သို့ဖြစ်ရာ တရုတ်ဖြစ်လိုသော၊ မြန်မာနိုင်ငံအတွက်လည်း အကျိုးရှိနိုင်သော ‘ရပ်ဝန်းတစ်ခု၊ လမ်းတစ်ခု’ ကို မြန်မာဘက်မှ ကန့်ကွက်ဖို့ မရှိသလို ကန့်ကွက်နိုင်စွမ်းလည်း မရှိတာ သေချာသည်။ 

လာအို နမူနာ

တရုတ်စီမံကိန်းများအတွက် ပြဿနာက သြဇာနှင့် ကြွေးနွံနစ်နိုင်သည့် ပြဿနာ ဖြစ်သည်။ 

လာအိုမှ ရထားလမ်း ဥမင်များအကြောင်းကို ပြန်ကြည့်နိုင်သည်။ ထိုစီမံကိန်းမှာ အရာရာက တရုတ်ပိုင်၊ တရုတ်လုပ်တွေချည်း ဖြစ်နေသည်။ ဥမင်နှင့် လမ်းအတွက် ကုန်ကြမ်းအားလုံးကို လာအိုတွင် ဆောက်ထားသည့် တရုတ်စက်ရုံများမှ ထုတ်သည်သာမက လုပ်သားအများစုကလည်း တရုတ်များ ဖြစ်နေသည်။ စီမံကိန်း အရှိန်အကောင်းဆုံးအချိန်တွင် တရုတ်လုပ်သား တစ်သိန်းအထိ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

လူဦးရေ ၆ သန်းသာ ရှိသည့် ကုန်းတွင်းပိတ်နိုင်ငံ လာအိုသည် တရုတ်စီးပွားရေးအတွက် သာမကဘဲ အရှေ့တောင်အာရှမှ အမေရိကန်သြဇာကို တိုက်ထုတ်ရေးမှာ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်။ လာအိုမှ ဖြတ်ဖောက်သည့်လမ်းသည် တရုတ်ခြေကုပ်ယူလိုသော နိုင်ငံအားလုံးသို့ ချိတ်ဆက်ထားသည်။ သမ္မတရှီ၏ စီမံကိန်းအတွင်း ပါသော နိုင်ငံတိုင်းသည် သူ့အခြေအနေနှင့်သူ မဟာဗျူဟာမြောက် အသာစီးရမှုမျိုးကို ပေးစွမ်းနိုင်သည်။

ပါကစ္စတန်မှ ဓာတ်အားပေးစက်ရုံများ၊ အမြန်လမ်းမကြီး အဆင့်မြှင့်မှုနှင့် ဒေါ်လာ ၁ ဘီလီယံတန် ဆိပ်ကမ်းတိုးချဲ့ရေး စီမံကိန်းအားလုံးသည် နိုင်ငံရေးအရပါ အရေးပါနေသည်။ တရုတ်မှ မွတ်ဆလင် ဝီဂါ(ဝေ့ဝါမှာ အနီးစပ်ဆုံး အသံထွက်ဖြစ်သည်) များနေထိုင်ရာ ရှင်းကျန်ဒေသသို့ ပါကစ္စတန်မှ အကြမ်းဖက်သမားများ ပျံ့နှံ့လာနိုင်ခြေကိုလည်း ဟန့်တားထားနိုင်သလို တရုတ်အစိုးရ နောက်ခံပြု ကုမ္ပဏီက စီမံနေသော ဂွါဒါမှ အနှစ် ၄၀ ငှားထားသည့် ဆိပ်ကမ်းသည်လည်း တရုတ်ရေတပ်အတွက် အသုံးချနိုင်စရာ နေရာတစ်ခု ဖြစ်လာသည်။

ဤစီမံကိန်းထဲမှာ ပါနေသည့် နိုင်ငံအများစုမှာ အရေးတကြီး လိုအပ်ချက်တွေ ရှိနေသည်။ ဖွံ့ဖြိုးဆဲ အာရှနိုင်ငံများသည် ဖွံ့ဖြိုးမှုကို ထိန်းသိမ်းရန်၊ ဆင်းရဲမွဲတေမှု ပပျောက်ရန် တစ်နှစ်ကို ဒေါ်လာ ၁ ဒသမ ၇ ထရီလီယံ လိုအပ်နေသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားသည်။ 

အာဖရိကမှ ကင်ညာတွင်ဆိုလျှင် တရုတ်ကုန်စည်များ နိုင်ငံအတွင်း အလွယ်တကူ ဝင်ရောက်နိုင်ရန် မွမ်ဘာဆာဆိပ်ကမ်းမှ နိုင်ရိုဘီသို့ သွားသည့် ရထားလမ်းကို တရုတ်က အဆင့်မြှင့်ပေးနေသည်။ ကင်ညာအစိုးရ အနေနှင့် အခြားနိုင်ငံကြီးများကို ဆွဲဆောင်နိုင်သည့် အခြေအနေမရှိရာ တရုတ်ကိုပဲ အားထားနေရသလို အခြားအာဖရိကနိုင်ငံ အများအပြားမှာ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးကို တရုတ်က ဦးစီးနေသည်မှာလည်း ဆယ်စုနှစ် တစ်ခုကျော်လာခဲ့ပြီ ဖြစ်သည်။  

လာအိုတွင် စိုးရိမ်နေကြသည်က ငွေရေးကြေးရေး ဖြစ်သည်။ ဒေါ်လာ ၆ ဘီလီယံနီးပါး ကုန်ကျမည့် စီမံကိန်းမှာ လာအိုဘက်မှ သူတို့ ရှယ်ယာကို ဘယ်လိုထည့်မလဲဆိုတာ ခေါင်းစားနေရသည်။ လာအိုတစ်နိုင်ငံလုံး၏ တစ်နှစ်ကုန်ထုတ်လုပ်မှုသည်ပင် ဒေါ်လာ ၁၂ ဘီလီယံသာ ရှိသည်။ အဆိုပါ ရထားလမ်းကြီးက ပထမ ၁၁ နှစ်အတွင်း အရှုံးပေါ်မည်ဟု ဆိုသည်။ တရုတ်၏ စီမံကိန်းများ အလှမ်းကျယ် အလယ်လပ်မည်ကို စိုးရိမ်မှုတွေ ရှိနေသည်။

လာအိုကွန်မြူနစ် အစိုးရသည်ပင်လျှင် တရုတ်လွှမ်းမိုးမှုကို ကြောက်လာသောကြောင့် ဒေသတွင်း တရုတ်ပြိုင်ဘက် ဂျပန်နှင့် ဗီယက်နမ်ကိုပါ ချဉ်းကပ်လာခဲ့သည်။ ဒီလိုကစားပေးရင်းနှင့် ငါးနှစ်အတွင်းမှာ ရထားလမ်း အတွက် ပိုကောင်းသော သဘောတူညီချက်တစ်ခုကို တရုတ်နှင့်ပဲ ရယူနိုင်ခဲ့သည်။ တရုတ် ပို့ကုန်သွင်းကုန်ဘဏ်မှနေပြီး ဒေါ်လာ သန်း ၈၀၀ ချေးငွေရသည်။ ကျန်သည့်ငွေကို ချေးပေးမည့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတစ်ခု တရုတ်နှင့်ပင် ထူထောင်ရန် သဘောတူနိုင်ခဲ့သည်။

သို့သော်လည်း လာအိုနိုင်ငံအတွက် ကြွေးမြီဝန်ထုပ်ဝန်ပိုးကြီး ပိလာသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကပါ သတိပေးလာရပြီး အစိုးရကြွေးမြီသည် နိုင်ငံစီးပွားရေး၏ ၇၀ ရာခိုင်နှုန်း ဝန်းကျင်အထိ ရှိလာနိုင်သည်ဟု ခန့်မှန်းထားသည်။

နောက်တစ်ချက်က ရပ်ရွာအသိုင်းအဝိုင်းအပေါ် သက်ရောက်မှု ဖြစ်သည်။ တန်ရာတန်ကြေးမရဘဲ လယ်မြေဆုံးရှုံးမှုက ပြဿနာ ဖြစ်လာသည်။ ဒေါ်လာ ၁၀၀ တန်သည့် မြေကို ၁၀ ဒေါ်လာ ပေးမည် ဆိုသည့်တိုင် တကယ်မရတာတွေ ရှိလာသည်။ လာအိုအတွက် တရုတ်နိုင်ငံက လတ်တလော ဆောင်ကြဉ်းလာသည်က ဖွံ့ဖြိုးတိုးတက်မှု မဟုတ်ဘဲ တရုတ်နိုင်ငံသားတွေ ဖြစ်နေသည်ဟု ဒေသခံတွေက ကန့်ကွက်နေကြသည်။ 

အကျိုးစီးပွား ရှာဖွေနိုင်စွမ်း

မြန်မာနိုင်ငံအတွက် အဓိက စဉ်းစားရမည်က ကျောက်ဖြူနှင့် မြစ်ဆုံ လဲမည်လားဆိုသည့် ကိစ္စမဟုတ်။ ‘ရပ်ဝန်းတစ်ခု-လမ်းတစ်လမ်း’ ကို ထောက်ခံဖို့ သင့်၊ မသင့် မဟုတ်။ အဘက်ဘက်မှ အသာစီးရနေသည့် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုမှ တိုင်းပြည်၏ အကျိုးစီးပွား အဘယ်မျှ ပြန်ဆယ်နိုင်မလဲ ဆိုခြင်းသာ ဖြစ်သည်။ အဖတ်ဆယ်နိုင်ရန်၊ အခံဘက်ကချည်း မဖြစ်ရန်သာ စဉ်းစားရမည်။ 

တစ်ခါက စာအုပ်တစ်အုပ်၏ နောက်ကျောမှာ အခြားစာအုပ် ကြော်ငြာတစ်ခု တွေ့ဖူးသည်။ ‘နလပိန်းတို့ တိုင်းပြည်’ ဆိုသော ခေါင်းစဉ်နှင့် ဖြစ်သည်။ စာရေးသူ အမည်တော့ မမှတ်မိသလို ဖတ်ချင်လို့ လိုက်ရှာသော်လည်း မတွေ့။ လာအိုနိုင်ငံအကြောင်း ရေးထားသည့် စာအုပ်ဆိုတာတော့ ကြော်ငြာမှာပါသည်။ ကျွန်တော်တို့နိုင်ငံ အကြောင်းတော့ သူများတိုင်းပြည်မှာ ဒီခေါင်းစဉ်နှင့် ရေးသည့်ခေတ်မျိုး မရောက်လို။ 

အထက်က ပြောခဲ့သလိုပင် အကွက်ရွှေ့မှားလျှင်၊ မပါးနပ်လျှင် သြဇာနွံနစ်နိုင်သည်၊ ကြွေးနွံ နစ်နိုင်သည်။ ကုန်ကုန်ပြောရလျှင် ပြည်ကြီး၏ တရားဝင် အမည်မတပ်သော ၂၃ ခုမြောက် ပြည်နယ်နေရာကို အနီးအပါးက နွမ်းပါးသော နိုင်ငံငယ်များနှင့် အပြိုင်လုရသည့် အခြေအနေအထိပါ ရောက်သွားနိုင်သည်။ ရွှေပုံပေါ်ထိုင်ပြီး တူးရွင်းငှားစားသလို မဖြစ်ဖို့လိုသည်။ လမ်းဆုံလမ်းခွမှာနေပြီး ရေခဲရေလောက်ပဲ ရောင်းတတ်သလို မဖြစ်ဖို့ လိုသည်။

Ref: NY Times, Reuters, Hong Kong Economic Journal

ဇေဝင်းနောင် ရေးသားသည်။