POST TYPE

ARTICLE

လင်းနေဆဲ မှောင်ခိုလမ်း
14-May-2017 tagged as


နယ်စပ်ဖြတ်ကျော် တရားမဝင် ကုန်သွယ်မှုများသည် ဆီကဲ့သို့ အပေါက်ရှာ ယိုစီးနေဆဲ ဖြစ်သည်။

ယင်းအခြေအနေကို ထိန်းချုပ်ရန် အစိုးရက အမျိုးမျိုးကြိုးစားကြည့်သည်။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ကိုယ်တိုင် တရားဝင် ကုန်သွယ်မှုများ ပပျောက်ရန် ဆောင်ရွက်မည်ဟု ကတိပြုလေ့ ရှိသည်။ သို့သော် ရေရေရာရာ ဖြစ်မလာသေးပေ။

တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အစီမံများသည် လက်တွေ့ အခြေအနေကို ထိထိရောက်ရောက် မဟန့်တားနိုင်ပေ။

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းသည် တရားမဝင် ကုန်စည်ရောင်းဝယ် ဖောက်ကားရန် တွန်းအားပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုရှိပြီး စခန်းတိုင်းလိုလိုတွင် တရားမဝင် ကုန်သွယ်မှု အနည်းနှင့် အများ ရှိကြောင်း ကုန်သည်များက ထောက်ပြလေ့ရှိသည်။

ယင်းစခန်းများထဲတွင် ထိုင်း-မြန်မာ နယ်စပ် မြဝတီ ကုန်သွယ်ရေးဇုန်လည်း အပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယ နယ်စပ်ကုန်သွယ်မှု ပမာဏ အများဆုံးဖြစ်သည့် မြဝတီတွင်လည်း တရားမဝင် ကုန်သွယ်မှု အမြစ်တွယ်နေဆဲ ဖြစ်သည်။

တရားမဝင် ကုန်သွယ်မှုသည် တရားဝင်ကဲ့သို့ပင် စီးဆင်းလျက် ရှိသည်။

ကိန်းဂဏန်းများ

မြန်မာ-ထိုင်း နှစ်နိုင်ငံ တရားဝင် ကုန်သွယ်ရေး ကိန်းဂဏန်း အချက်အလက်များကို တိုက်ဆိုင် စစ်ဆေးကြည့်ပါ။ ကုန်သွယ်မှု တန်ဖိုးသည် များစွာ ကွာဟနေသည်။ ယင်းကွာဟချက်သည် တရားမဝင် ကုန်သွယ်မှု လမ်းကြောင်းများမှ ကူးသန်းရောင်းဝယ်နေခြင်းကို မီးမောင်းထိုးပြသည်။

ကုန်စည်တစ်ခုကို တရားဝယ် လမ်းကြောင်းအတိုင်း တင်ပို့၊ တင်သွင်းရာတွင် ယင်းကုန်စည်နှင့် သက်ဆိုင်သည့် ဈေးနှုန်း၊ ကုန်သွယ်မှုဆိုင်ရာ အခွန်များကို သက်ဆိုင်ရာ နိုင်ငံ၏ အကောက်ခွန်ဌာနက စာရင်းပြုစုရသည်။ ယင်းစာရင်းများအပေါ် အခြေခံကာ ကုန်သွယ်မှု တန်ဖိုးပမာဏ ပြုစုရသည်။ 

ယေဘုယျအားဖြင့် ထိုင်းနိုင်ငံဘက်မှ ထုတ်ပြန်သည့် ပို့ကုန်၊ သွင်းကုန်ပမာဏနှင့် မြန်မာနိုင်ငံမှ ထုတ်ပြန်သည့် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှုပမာ တူညီရမည်ဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ ပို့ကုန်တန်ဖိုးသည် ထိုင်းနိုင်ငံ၏ သွင်းကုန်တန်ဖိုးနှင့် အချိုးညီရမည်ဖြစ်သည်။

သို့သော် လက်တွေ့တွင် မတူညီပေ။ ပို့ကုန်၊ သွင်းကုန် နှစ်ခုစလုံးတွင် ကွဲလွဲမှုရှိသည်။ ကုန်သွယ်မှု ပမာဏသည် များစွာ ကွာဟလျက် ရှိသည်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း မြဝတီလမ်းကြောင်းမှ ကုန်သွယ်သည့် ထိုင်းနိုင်ငံ၏ ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကျော် (၂၄၄၀ သန်း) ရှိသည်။

မြန်မာနိုင်ငံဘက်မှ တရားဝင် ကုန်သွယ်မှု စာရင်းတွင် အမေရိကန် ဒေါ်လာသန်း ၉၀ဝ ကျော် (၉၂၈ သန်း) သာရှိသည်။ နှစ်နိုင်ငံ ကုန်သွယ်မှု ကိန်းဂဏန်းနှစ်ခု ချိန်ထိုးကြည့်ပါက မြန်မာနိုင်ငံ ကုန်သွယ်မှု တန်ဖိုးသည် ထိုင်းနိုင်ငံထက် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနီးပါး နည်းပါးနေသည်။ 
ကုန်သွယ်မှု တန်ဖိုး ၁ ဒသမ ၅ သန်းသည် မြန်မာနိုင်ငံ၏ တရားဝင် ကုန်သွယ်လမ်းကြောင်းမှ စီးဆင်းသွားခြင်း မဟုတ်ဟု ယူဆနိုင်သည်။ သို့ဆိုလျှင် ၁ ဒသမ ၅ သန်း တန်ဖိုးရှိ ပို့ကုန်၊ သွင်းကုန်များသည် မည်သည့်လမ်းကြောင်းမှ စီးဝင်၊ စီးထွက်သွားသနည်း။

“တရားမဝင် ရှောင်ကွင်းလမ်းတွေကနေ ကုန်ပစ္စည်းတွေ အမျိုးမျိုး သွားနေကြတယ်။ ဒီအခြေအနေကြောင့်လည်း ကုန်သွယ်မှု ပမာဏတွေ ကွဲလွဲတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစံဖြိုးဝေက အဖြေပေးသည်။

မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီ နယ်စပ်နှင့် ထိုင်းနိုင်ငံ တက်ခ်ခရိုင် မဲဆောက်မြို့သည် သောင်ရင်းမြစ် တစ်ခုသာခြားသည်။

နှစ်နိုင်ငံ တရားဝင် ကုန်သွယ်မှု၊ နယ်စပ်ဖြတ်ကျော်မှု ဝင်ရောက်မှုများကို သောင်းရင်းမြစ်ပေါ် တည်ဆောက်ထားသော ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ် (၁) တစ်ခုထဲတွင်သာ တရားဝင် ခွင့်ပြုထားသည်။

သို့သော် မြန်မာနိုင်ငံမှ ပို့ကုန်၊ သွင်းကုန်များသည် တရားဝင် ကုန်သွယ်ရေးလမ်းကြောင်း အမှတ် (၁) တံတားမှ အလုံးစုံ ကူးသန်း မရောင်းဝယ်ဘဲ တရားမဝင် ရှောင်ကွင်းလမ်းများမှ အသုံးပြု ကုန်သွယ်ကြသည်။ တရားမဝင် ရှောင်ကွင်းလမ်းမှ တင်ပို့၊ တင်သွင်းသော ကုန်စည်များကို ထိုင်းနိုင်ငံက တရားဝင် သတ်မှတ်သည်။ 

ထိုင်းနိုင်ငံသည် ရှောင်ကွင်းလမ်းမှ စီးဆင်းလာသည့် ကုန်စည်များနှင့် ပတ်သက်၍ သတ်မှတ် အခွန်ရပြီး မြန်မာ အစိုးရမှာ အခွန်မရပေ။ ထို့အပြင် ကုန်သွယ်မှု ပမာဏမှာလည်း ထိုင်းနိုင်ငံထက် နည်းပါးသွားသည်။

“တရားဝင် တင်ပို့၊ တင်သွင်းတာက ဆယ်ပုံတစ်ပုံပဲ ရှိတယ်”ဟု မြဝတီနယ်စပ် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ဆိုသည်။

ရှောင်ကွင်းလမ်းများ

ရှောင်ကွင်းလမ်းများသည် ထိုင်း- မြန်မာ နယ်စပ်တစ်လျှောက်တွင် ဒါဇင် ချီပြီး ဖွင့်လှစ်ထားသည်။ မြဝတီ အခြေစိုက် ကုန်သည်များ၏ အဆိုအရ သောင်ရင်းမြစ် တစ်လျှောက်တွင် တရားမဝင် ဂိတ် ၂၄ ခု ရှိသည်ဟုဆိုသည်။ ယင်းဂိတ်များကို မြန်မာအစိုးရနှင့်  ငြိမ်းချမ်းရေး လက်မှတ် ထိုးထားသည် နယ်ခြားစောင့်တပ် (BGF) အဖွဲ့နှင့် ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ထိန်းချုပ်ထားသည်ဟု ဒေသခံကုန်သည်များက ဆိုသည်။

ကုန်စည်များကို ယင်းဂိတ်များမှ ဖြတ်သန်း သယ်ဆောင်လျှင် ဂိတ်စောင့်ကြပ်သူများကို ဖြတ်သန်းခ ပေးဆောင် ဖြတ်သန်းရသည်။ အဆိုပါ လုပ်ငန်းစဉ်သည် ယဉ်ကျေးမှုသဖွယ် ထွန်းကားလျက် ရှိသည်။ အစိုးရက ထိုအခြေအနေကို သိရှိသော်လည်း သိလျက်နှင့် မျက်နှာလွှဲထားရသည့် အနေအထား ဖြစ်သည်။

နယ်စပ်ဒေသ ဖြစ်ခြင်းကြောင့် တရား ဥပဒေစိုးမိုးအား နည်းပြီး ရှောင်ကွင်းလမ်းများကို လုံခြုံရေး အခြေအနေအရ ထိန်းချုပ်နိုင်ခြင်း မရှိသေးဟု မြဝတီမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ဆိုသည်။

“ဒီတရားမဝင် လမ်းကြောင်းတွေက ရှိနေတုန်းပဲ။ ဒါတွေက ဒေသန္တရ အခြေအနေနဲ့လည်း အများကြီး သက်ဆိုင်တယ်”ဟု ၎င်းက ဆိုသည်။

မြဝတီအခြေစိုက် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကုန်သည်များသည်လည်း တရားမဝင် ကုန်သွယ်မှု လမ်းကြောင်းများ အကြောင်း မေးမြန်းလျှင် မျက်စိမျက်နှာ ပျက်သွားတတ်ကြသည်။ စိုးရိမ်ကြောင့်ကြသည်။ ဒေသခံ လက်နက်ကိုင်များအကြောင်း ထုတ်ဖော် ပြောဆိုရန် မဝံ့ကြပေ။

သို့သော် ရှောင်ကွင်းလမ်း အသုံးပြုကာ ကုန်သွယ်သော သူများမှာမူ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပေးအယူမျှသည်။ လုပ်ရိုးလုပ်စဉ်ကဲ့သိုပင် ကူးသန်းရောင်းဝယ်နိုင်သည်။ ရှောင်ကွင်းလမ်းများသည် ကုန်တင်ယာဉ် အကြီးစားများပင် ဖြတ်သန်း မောင်းနင်နိုင်သည်အထိ ကုန်စည်စီးဆင်းမှု အားကောင်းသည်။

ရှောင်ကွင်းလမ်းမှ တင်ပို့၊ တင်သွင်းသော ကုန်စည် အများစုသည် မြန်မာနိုင်ငံမှ ကန့်သတ် ပိတ်ပင်ထားသော ကုန်စည်များဖြစ်သည်။ ဒေသခံ လက်နက်ကိုင်များ အနေနှင့် ကုန်တင်ယာဉ်တစ်စီးလျှင် ငွေကြေးနှုန်းထားတစ်ခု သတ်မှတ် ကောက်ယူပြီး မည်သည့် ကုန်စည်ကိုမဆို ဖြတ်သန်း ပို့ဆောင်ခွင့် ပေးသည်။ 

ဥပမာ - ကျွဲ၊ နွား တိရစ္ဆာန်များကို ပြည်ပသို့ တင်ပို့ခွင့် မရှိသော်လည်း မြဝတီ နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့နေသည်။ အလားတူ သွင်းကုန်ပိုင်းတွင်လည်း  လိုင်စင်မဲ့ မော်တော်ယာဉ်များကို တင်သွင်းကြသည်။ ထို့ကြောင့်လည်း မြဝတီမြို့သည် လိုင်စင်မဲ့ မော်တော်ယာဉ် များစွာ အသုံးပြုနေသည့် မြို့တစ်မြို့ဖြစ်နေသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စုံစမ်းထောက်လှမ်းသော စာရင်းများအရ ရှောင်ကွင်းလမ်းမှ ဘိလပ်မြေ၊ စက်သုံးဆီ၊ အရက်နှင့် ဘီယာ၊ စားသောက်ကုန် အမျိုးမျိုး၊ လျှပ်စစ်နှင့် ဆောက်လုပ်ရေး ပစ္စည်း၊ သကြား၊ အပင်နှင့် အပင်ထွက် ပစ္စည်းများ သယ်ယူကြသည်။

ယင်းကုန်စည်များသည် အကောက် အခွန်မဲ့ ကုန်များဖြစ်ပြီး တရားမဝင် သယ်ယူလာခြင်းကြောင့် ကုန်စည် အရည်အသွေး စံချိန်စံညွှန်းကို မစစ်ဆေးနိုင်ပေ။  အကျိုးဆက် အနေနှင့် ပြည်တွင်း သုံးစွဲသူများကိုပါ ဘေးအန္တရာယ် ဖြစ်စေနိုင်သည်။ 

တရားမဝင် ကုန်သွယ်မှုများ ဆောင်ရွက်သူများသည် တရားဝင် အခွန်အခများ၊ လုပ်ထုံးလုပ်နည်းများ မဆောင်ရွက်ရသဖြင့် ဈေးကွက်ထဲတွင် ကုန်ပစ္စည်းများ ဈေးလျှော့ ရောင်းချနိုင်ခြင်းကြောင့် တရားဝင် ကူးသန်း ရောင်းဝယ်သူများကို ဈေးကွက် အသားစီး ရယူနိုင်သည်။ မှန်မှန်ကန်ကန် တင်သွင်းသူသည် ဈေးနှုန်းအရ  တရားမဝင် တင်သွင်းသူနှင့် မယှဉ်ပြိုင်နိုင်ပေ။ ထို့ကြောင့် တရားမဝင် ကုန်သွယ်မှုကို ပြည့်ပြည့်ဝ၀ တားဆီးထိန်းချုပ်ရန် လိုသည်။

ဘယ်လို ထိန်းချုပ်မလဲ

တရားမဝင် ကုန်သွယ်မှုသည် ယခုမှ ထူးပြီး ဖြစ်ပွားလာသည့် လုပ်ငန်းစဉ် မဟုတ်ပေ။ နှစ်အဆက်ဆက် အမြစ်တွယ်နေသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။

ယင်းလုပ်ငန်းစဉ်ကို တားဆီးရန် ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ဖွဲ့စည်းကာ ရွေ့လျား စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေး အရေးယူခဲ့သည်။ သို့သော် ၂၀၁၅ ခုနှစ်တွင် ယင်းကော်မတီကို ပြန်လည် ဖျက်သိမ်းခဲ့သည်။

လက်ရှိ အစိုးရလက်ထက်တွင် တရားမဝင် ကုန်သွယ်မှုနှင့်ပတ်သက်၍ သီးသန့် လှုပ်ရှားသည့် အဖွဲ့အစည်းများ ဖွဲ့စည်း ဆောင်ရွက်ရန် စီစဉ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ပြောဆိုထားသည်။ ထို့အတူ စစ်ဆေးရေး ဂိတ်အချို့ကိုလည်း ပြန်လည် ဖွင့်လှစ်စစ်ဆေးလျက် ရှိသည်။ 
မြဝတီ လမ်းကြောင်းပေါ်တွင် မရမ်းချောင် တရားမဝင် ကုန်သွယ်မှု စစ်ဆေးရေး ဂိတ်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မတ်လအတွင်းက ပြန်လည် ဖွင့်လှစ်ခဲ့သည်။ သို့သော်လည်း ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရန် လိုအပ်ချက်ရှိနေဆဲ ဖြစ်သည်။

“အဓိက လိုအပ်ချက်က ဝန်ထမ်း အင်အား မလုံလောက်တာ”ဟု မြဝတီ ကုန်သွယ်ရေးဇုန် One Stop Service (OSS) အဖွဲ့မှ အကောက်ခွန် အရာရှိတစ်ဦးကဆိုသည်။

တရားမဝင် ကုန်သွယ်မှုများ ပပျောက်ရန် စစ်ဆေး အရေးယူရုံနှင့် မရပေ။ ကုန်သည်များကိုယ်တိုင် ပြောင်းလဲလာရန် လိုအပ်သလို အစိုးရကလည်း လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးရန် လိုအပ်ကြောင်း ကရင်ပြည်နယ် လွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးသန့်ဇင်အောင်က ဆိုသည်။

“လုပ်ငန်းရှင်တွေက ဂုဏ်သိက္ခာ ရှိစွာနဲ့ ရပ်တည်စေချင်တယ်။ သက်ဆိုင်ရာ အစိုးရကလည်း ကုန်သွယ်ရေးမှာ ကြန့်ကြာတာတွေ၊ ကန့်သတ် ကုန်စည်တွေနဲ့ ပတ်သက်တဲ့ ဖြေလျှော့မှုတွေ လုပ်ပေးဖို့ လိုပါတယ်”ဟု ၎င်းက ဆိုသည်။ 

နယ်မြေ မတည်ငြိမ်မှုများကြားတွင် နယ်စပ်ဒေသ တရားမဝင် ကုန်သွယ်မှုများ ထိန်းချုပ်ရေးသည် စိန်ခေါ်မှုများစွာ ရှိနေဦးမည် ဖြစ်သော်လည်း အကောက်အခွန်မဲ့ တရားမဝင် ကုန်သန်း ရောင်းဝယ်မှုများ ပပျောက်ရန် ဆောင်ရွက်ရမည်ဖြစ်သည်။

လက်ရှိ မြဝတီနယ်စပ် တစ်ခုထဲတွင် ကန်ဒေါ်လာ ဘီလီယံချီ ကွာဟနေလျှင် နယ်စပ်ကုန်သွယ်ရေးစခန်း စုစုပေါင်း၏ တရားမဝင် ကုန်သွယ်မှုသည် မည်မျှ ကြီးထွားနေမည်နည်း။ ယင်းအတွက် အရေးကြီးဆုံး တရားမဝင် ကုန်သွယ်မှုများ တရားဝင်လမ်းကြောင်းပေါ် ရောက်လာရန် လိုသည်။
 
“အဓိကက ကုန်သည်တွေ၊ တောင်းဆိုတဲ့သူတွေ တင်ပြတာက အားလုံး မျှတတဲ့ (ပို့ကုန်၊ သွင်းကုန် အခွန်နှုန်း) အခွန်စနစ်ဖြစ်ဖို့။ အစိုးရဘက်ကတော့ (တရားမဝင် ရှောင်ကွင်းလမ်း) နေရာတွေကို ကြီးကြပ်ဖို့လိုတယ်”ဟု ၎င်းက ဆိုသည်။

နိုင်လင်းအောင်

  • TAGS