News

POST TYPE

ARTICLE

ပိုးလမ်းမဖိုရမ်တွင် မြောက်ကိုရီးယား တက်ရောက်မှုကို အမေရိကန်က ကန့်ကွက်သော်လည်း တရုတ်က ကြိုဆို
14-May-2017 tagged as တရုတ်

ဘေဂျင်း၊ မေ ၁၃

တရုတ်နိုင်ငံ၌ ယခုသီတင်းပတ် ကုန်ရက်တွင် ကျင်းပသည့် ပိုးလမ်းမသစ်ဖိုရမ်သို့ မြောက်ကိုရီးယား တက်ရောက်မှုသည် ပါဝင်သော အခြားနိုင်ငံများအပေါ် သက်ရောက်မှု ရှိနိုင်သည်ဟု အမေရိကန်က သတိပေးခဲ့သော်လည်း တရုတ်နိုင်ငံက အားလုံးကို ကြိုဆိုသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက စနေနေ့တွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ပြုံယမ်းကို နျူကလီးယားနှင့် ဒုံးကျည် ပြဿနာကြောင့် နိုင်ငံတကာက ဖိအားပေးရန် ကြိုးစားနေချိန်တွင် ဖိုရမ်သို့ ဖိတ်ကြားမှုသည် သတင်းမှား ပေးပို့ရာ ရောက်သည်ဟု ဘေဂျင်းရှိ အမေရိကန်သံရုံးက တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနထံ သံတမန် နည်းလမ်းအရ အသိပေးခဲ့ကြောင်း သတင်းဇာစ်မြစ်များက ဆိုသည်။

အမေရိကန်သံရုံး၏ အကြောင်းကြားစာနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ‘အမေရိကန်သည် အနေအထားကို နားမလည်ကြောင်း၊ ဒေသတစ်ခု ပတ်လမ်းတစ်ခု အစီအစဉ်သည် အားလုံးပါဝင်နိုင်ရန် တံခါးဖွင့် ကြိုဆိုထားကြောင်း၊ မြောက်ကိုရီးယားက ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဖြစ်ကြောင်း’ ထုတ်ပြန်ပြောကြားခဲ့ပြီး အသေးစိတ် ပြောဆိုခြင်း မပြုပေ။

ဖိုရမ်တက်ရောက်မည့် မြောက်ကိုရီးယားအဖွဲ့ ခေါင်းဆောင်ကို တရုတ်နိုင်ငံက ကြေညာခြင်း မပြုသော်လည်း ပြည်ပစီးပွားရေး ဆက်ဆံရေးဝန်ကြီး ကင်ယောင်ဂျေး ဦးဆောင်လိမ့်မည်ဟု တောင်ကိုရီးယား ယွန်ဟတ်သတင်းဌာနက ထုတ်ပြန်သည်။

ဒေါ်လာဘီလီယံများစွာ ကုန်ကျမည့် အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သည့် အာရှ၊ အာဖရိက၊ ဥရောပ ဆက်သွယ်ရေးလမ်းကြောင်း အစီအစဉ်ကို မြှင့်တင်မည့် ဖိုရမ်ကို မေလ ၁၄-၁၅ တွင် ဘေဂျင်း၌ ကျင်းပရာ ၂၉ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

အနောက်တိုင်း သံတမန်များက အဆိုပါ အစီအစဉ်နှင့် ထိပ်သီးဖိုရမ်သည် ကမ္ဘာကို တရုတ်က လွှမ်းမိုးရန် ကြိုးစားမှုတစ်ခု ဖြစ်သည်ဟု မှတ်ချက်ပေးကြသည်။

တရုတ်နိုင်ငံကမူ ပြစ်တင်ဝေဖန်မှုများကို ပယ်ချလိုက်ပြီး ၎င်းအစီအစဉ်သည် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာသည့် win win အစီအမံဖြစ်ပြီး ကြီးပွားတိုးတက်မှု မြှင့်တင်ရေးကိုသာ ရည်မှန်းသည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

ပိုးလမ်းမသစ်သည် အနောက်အုပ်စု၏ လျစ်လျူရှုခံ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကောင်းကျိုးပေးလိမ့်မည် ဖြစ်ကြောင်း၊ အချို့အနောက်နိုင်ငံများက နောက်ပြန်ဆွဲ၍ တံတိုင်းထောင်ရန် ကြိုးစားနေချိန်တွင် တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ အစီအမံ တိုးတက်စေရန် လမ်းတံတားများ ထိုးပေးနေကြောင်း နိုင်ငံပိုင် Xinhua သတင်းက စနေနေ့တွင် ရေးသားခဲ့သည်။ 

တရုတ်သည် မြောက်ကိုရီးယားကို တင်းကျပ်စွာ အရေးယူပိတ်ဆို့ရန် ကုလသမဂ္ဂတွင် လက်မှတ်ထိုးထားသော်လည်း အရေးပါသော မဟာမိတ်နိုင်ငံ ဖြစ်နေဆဲပင် ဖြစ်သည်။                    

F-04